စစ်မှုထမ်းသင်တန်းဆင်း လူငယ်နှစ်ဦး လားရှိုးတိုက်ပွဲမှာ သေဆုံး

RFA Burmese
2024.08.06
စစ်မှုထမ်းသင်တန်းဆင်း လူငယ်နှစ်ဦး လားရှိုးတိုက်ပွဲမှာ သေဆုံး ရန်ကုန်တိုင်း၊ စစ်မှုထမ်း အမှတ်စဉ်(၁) သင်တန်းသားများ သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့က ကျင်းပစဉ်။
Telegram/ ပြည်သူ့စစ်မှုထမ်းများ စုစည်းရာ

ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်က စစ်ကောင်စီရဲ့ စစ်မှုထမ်း အမှတ်စဉ် (၁) သင်တန်းဆင်း လူငယ်နှစ်ဦး ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးတိုက်ပွဲမှာ သေဆုံးသွားတယ်လို့ ဒီဖြစ်ရပ်ကိုသိရှိတဲ့ ကော့မှူးဒေသခံတစ်ဦးက ဩဂုတ်လ ၆ ရက်နေ့မှာ RFA ကို အတည်ပြု ပြောပါတယ်။

သေဆုံးသူ နှစ်ဦးဟာ အသက် ၃၀ အရွယ် လက်လုပ်လက်စားတွေဖြစ်ပြီး စစ်ကောင်စီက အသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေနဲ့ စစ်သင်တန်းတက်ဖို့ ဆင့်ခေါ်ခံရသူတွေလို့ ဆိုပါတယ်။

သူတို့ဟာ ဇူလိုင်လ ၃၀ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ်ကနေ လားရှိုးမြို့ကို စစ်ကူသွားချိန် ကိုးကန့်တပ်မတော် (MNDAA) က ကြားဖြတ်တိုက်ခိုက်တဲ့တိုက်ပွဲမှာ သေဆုံးခဲ့တာလို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ကော့မှူးဒေသခံတစ်ဦးက ပြောပါတယ်။

“ကောမှူးမြို့နယ် ငှက်အော်စမ်းရွာက ကိုရဲနဲ့ မဆယ်ဆိပ်ရွာက ကိုလှမင်းသန်း (ခေါ်) ချက်ဖောင်းတို့ သေသွားတာလို့ ကြားပါတယ်။ အခုထိတော့ မိသားစုတွေကို သေဆုံးကြောင်း အကြောင်းမကြားသေးဘူး”

စစ်မှုထမ်း အမှတ်စဉ် (၁) သင်တန်းဆင်းသူတွေဖြစ်တဲ့ ကောမှူးမြို့နယ် မဆယ်ဆိပ်ရွာက နောက်ထပ်လူငယ်နှစ်ဦးလည်း အဲဒီတိုက်ပွဲမှာ ဒဏ်ရာရခဲ့တယ်လို့ သူကပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ထံ RFA က တယ်လီဖုန်နဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ဗမာ့ရေးရာနဲ့ ပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (BACS) ရဲ့ အစီရင်ခံစာအရ အမှတ်စဉ် (၁) နဲ့ (၂) စစ်မှုထမ်းသင်တန်းမှာ နိုင်ငံတစ်ဝန်းက လူငယ် ကိုးထောင်နီးပါး စုဆောင်းခံခဲ့ရပါတယ်။

စစ်ကောင်စီကတော့ စစ်မှုတန်းသင်တန်း အမှတ်စဉ် (၄) အထိခေါ်ယူထားပြီး အမှတ်စဉ် (၄) အတွက် သင်တန်းဖွင့်ပွဲကို ဩဂုတ်လ ၅ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။