တိုက်ပွဲကြား ကရင်နီဆေးမှူးတပ်ဖွဲ့ဝင် လေးဦးသေဆုံး
2023.05.28

ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) ရဲ့ ဆေးမှူးတပ်ဖွဲ့ဝင် လူငယ်လေးဦး တိုက်ပွဲအတွင်း သေဆုံးသွားတယ်လို့ အဲဒီအဖွဲ့က ထုတ်ပြန်ပါတယ်။
သူတို့တွေဟာ မေလ ၂၇ ရက်နေ့က ကယားပြည်နယ် ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ဒဏ်ရာရတဲ့သူတွေကို ကယ်ဆယ်ရေးလုပ်နေတုန်း သေဆုံးရတာလို့ ထုတ်ပြန်ချက်မှာ ပါပါတယ်။
သေဆုံးသွားသူတွေဖြစ်တဲ့ မကယ်ရိုလိုင်းခိုင်လင်း၊ မအိန်ဂျယ်လာ၊ ကိုဘော့စကိုနဲ့ ကိုမြထွေးတို့ဟာ အသက် ၁၇ နှစ်ကနေ ၂၃ နှစ်ကြား လူငယ်တွေဖြစ်ပါတယ်။
သူတို့တွေဟာ စစ်ကောင်စီကို ပြန်လည်ခုခံရင်း ဒဏ်ရာရတဲ့ ဒေသခံလက်နက်ကိုင်တပ်ဖွဲ့တွေ၊ စစ်ဘေးဒုက္ခသည်တွေကို ဆေးကုသပေးနေတဲ့သူတွေဖြစ်တာကြောင့် ဝမ်းနည်းရကြောင်း Dove KK အဖွဲ့ကလည်း ထုတ်ပြန်ပါတယ်။
Dove KK ဆေးအထောက်အကူပြုအဖွဲ့ဟာ ကယားပြည်နယ်က တိုက်ပွဲတွေကြား ထိခိုက်ဒဏ်ရာရသူတွေကို ကူညီကယ်ဆယ်နေတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။
လက်ရှိ ကယားပြည်နယ်ထဲမှာ စစ်ကောင်စီနဲ့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုဝင် တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ နေ့တိုင်းပြင်းထန်နေပါတယ်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်ချက်ကြောင့် လူပေါင်း ၃၅ဝဝ ကျော်သေဆုံးခဲ့ရပြီး၊ စစ်ကောင်စီကို လက်နက်ကိုင်ခုခံနေတဲ့ လူငယ်တွေလည်း တိုက်ပွဲအတွင်း သေဆုံးရတဲ့ဖြစ်ရပ်တွေ ရှိနေပါတယ်။