ညောင်ခြေထောက်ရွာ မီးရှို့ခံရပြီး ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးနေရ

RFA Burmese
2023.06.03
ညောင်ခြေထောက်ရွာ မီးရှို့ခံရပြီး ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးနေရ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် ညောင်ခြေထောက်ရွာ မီးရှို့ခံထားရသည်ကို ၂၀၂၃ ခုနှစ် မေလ ၃၁ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် ညောင်ခြေထောက်ရွာမှာ မေလ ၃၁ ရက်နေ့က စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်လာတာကြောင့် အိမ်ခြေလေးရာကျော်ရှိတဲ့ အဲဒီရွာက ဒေသခံ တစ်ထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးခဲ့ရသလို နေအိမ်တစ်ရာနီးပါးလည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်အားတစ်ရာနီးပါးပါတဲ့ အဲဒီစစ်ကြောင်းဟာ ထီးချိုင့်မြို့နယ်ထဲကနေ ကသာမြို့နယ်ဘက်အခြမ်းကို စစ်ကြောင်းထိုးလာတာလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

"အားလုံးပေါင်း အိမ်ခြေ ၁၀၁ အိမ် မီးထဲပါသွားတယ်"

ဘေးလွတ်ရာထွက်ပြေးနေရတဲ့ ဒေသခံတွေ အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ညောင်ခြေထောက်ရွာခံ တစ်ဦးက ပြောပါတယ်။

“ညောင်ခြေထောက် သင်္ချိုင်းကုန်းမှာ တိုက်ပွဲဖြစ်တာ။ ဖြစ်ပြီးတော့မှာ ညောင်ခြေထောက်ရွာထဲကို ဝင်လာပြီးတော့ မီးရှို့တာ။ အားလုံးပေါင်း အိမ်ခြေ ၁၀၁ အိမ် မီးထဲပါသွားတယ်။ ဒေသခံတွေကတော့ လွတ်တဲ့နေရာပြေးရတာပဲ။ တောထဲမှာ တွေပဲ။ သူတို့ အခင်းတဲတွေရှိတယ်လေ၊ အဲဒီတဲတွေထဲမှာ သွားနေပြီးတော့မှ ရိက္ခာလေးတွေ ဘာလေးတွေကတော့ ဟိုကယူကျွေး၊ ဒီကယူစားနဲ့ အဲဒါမျိုးနဲ့ နေကြရတာ။ မီးဘေးသင့်ပြည်သူတွေကတော့ လောလောဆယ်အနေအထားကတော့ အိမ်တွေမီးရှို့ခံရမှတော့ စားဖို့သောက်ဖို့ ခြုံဝတ်ခြုံစား ဒါတွေ အများကြီးလိုအပ်တာ”

စစ်ကြောင်းမရှိတော့တာကြောင့် ဒေသခံတချို့ ညောင်ခြေထောက်ရွာထဲ ပြန်ဝင်ကြပေမယ့် အများစုကတော့ ယာတဲတွေမှာပဲ နေကြသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံတစ်ဦးကတော့ ညောင်ခြေထောက် ရွာအနီးမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပြီးတဲ့နောက် စစ်ကောင်စီတပ်တွေက ရွာထဲကိုမီးဝင်ရှို့ သွားတာလို့ RFA ကို ပြောပါတယ်။

“တိုက်ပွဲဖြစ်သွားတယ်ဗျ။ ညောင်ခြေထောက်ရွာ တောင်ဘက်ပိုင်းမှာ။ သူတို့ ဝင်လာတယ်ဆိုတာသိတော့ အဲဒီမှာ နှစ်ဖက်အပြန်အလှန်ပစ်ကြတာပေါ့။ ၃၁ ရက်နေ့ကပဲ သံပုရာကနေပြီးတော့ ညောင်ခြေထောက်ဘက်ကို စစ်ကြောင်းထိုး ဝင်လာတာ။ အဲနေ့ကနေပြီးတော့မှ သူတို့က ရွာမီးရှို့ပြီးမှ ပြန်ထွက်သွားတယ်။ အင်အားက တစ်ရာကျော်တယ်ဗျ။ အဲနေ့ပဲ ကျောက်ပုံကနေ အင်းရွာဘက်ကို သံခွံနဲ့နှစ်ခေါက်သယ် (စစ်ကောင်စီတပ်သား) ပြီး အခုက အင်းရွာမှာ ဆက်ရှိနေတယ်ဗျ”

စစ်ကောင်စီတပ်သားတွေဟာ နေအိမ်တွေကို မီးရှို့တဲ့အပြင် ရွာထဲမှာ ရဟန်းခံရှင်ပြု အလှူလုပ်နေတဲ့ အလှူရှင် တစ်ဦးကိုလည်း ဓားစာခံအနေနဲ့ ဖမ်းခေါ်သွားပြီး ဇွန် ၃ ရက် ဒီနေ့အထိ အဆက်အသွယ်မရသေးဘူးလို့ ဆိုပါတယ်။

ထီးချိုင့်မြို့နယ်ထဲက စစ်ကောင်စီစစ်ကြောင်းတွေကို စောင့်ကြည့်နေသူတစ်ဦးကတော့ ကသာမြို့နယ်၊ ညောင်ခြေထောက်ရွာကို မီးရှို့ခဲ့တဲ့စစ်ကြောင်းဟာ ထီးချိုင့်ဘက်ကနေ စစ်ကြောင်းထိုးလာတာလို့ RFA ကို ပြောပါတယ်။

“ညောင်ခြေထောက်ရွာကို မီးမရှို့ခင် အဲရွာအနားမှာ တိုက်ပွဲဖြစ်လိုက်သေးတယ်။ မီးမရှို့ခင် ခဏပေါ့။ အဲဒါပြီးတော့မှ ရွာကိုဝင်ပြီးမီးရှို့တာ။ အဲဒီစစ်ကြောင်းက ထီးချိုင့်ကထွက်သွားတာဗျ။ ကား ၁၃ စီးနဲ့ ထွက်လာတဲ့ယာဉ်တန်းကကားတွေကို ထီးချိုင့်ထဲမှာထားခဲ့ပြီးတော့ သူတို့ပဲ ထီးချိုင့်ကနေထွက်သွားတာ”

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် ညောင်ခြေထောက်ရွာ မီးရှို့ခံထားရသည်ကို ၂၀၂၃ ခုနှစ် မေလ ၃၁ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် ညောင်ခြေထောက်ရွာ မီးရှို့ခံထားရသည်ကို ၂၀၂၃ ခုနှစ် မေလ ၃၁ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

အဲဒီစစ်ကြောင်းဟာ ထီးချိုင့်နဲ့ ကသာမြို့နယ်တွေအတွင်း တစ်လှည့်စီစစ်ကြောင်းထိုး နေတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမဖြေပါဘူး။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒေသခံတွေရဲ့နေအိမ်တွေကို သူတို့တပ်သားတွေ ဘယ်တော့မှမီးမရှို့ဘူးလို့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ RFA က မေးမြန်းချိန်မှာ ငြင်းဆိုထားဖူးပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar ရဲ့ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၉ ရက်အထိ စာရင်းအရ စစ်တပ်ကအာဏာသိမ်းပြီးချိန်ကနေ ၂ဝ၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်အထိ စစ်ကိုင်းတိုင်းမှာ နေအိမ် ၄၇,၇၇၈ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။