၁၀၂၇ စစ်ဆင်ရေး ဆက်လက်ပြင်းထန်နိုင်ကြောင်း လေ့လာသူတွေ သုံးသပ်

RFA Burmese
2024.07.26
၁၀၂၇ စစ်ဆင်ရေး ဆက်လက်ပြင်းထန်နိုင်ကြောင်း လေ့လာသူတွေ သုံးသပ် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် မန္တလေး PDF တပ်ဖွဲ့ဝင်တချို့အား ရှေ့တန်းတစ်နေရာတွင် တွေ့ရစဉ်။
Telegram/ PSLF/TNLA News

ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ မန္တလေးတိုင်းက တိုက်ပွဲတွေရပ်စဲဖို့ တရုတ်နိုင်ငံဘက်က ဖိအားပေးပြောဆိုနေပေမဲ့ တိုက်ပွဲတွေက ရပ်တန့်မှာမဟုတ်ဘဲ ဆက်ပြီးပြင်းထန်နေဦးမယ်လို့ နိုင်ငံရေး၊ စစ်ရေးလေ့လာသူတွေက သုံးသပ်ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Mao Ning ကတော့ မြန်မာနိုင်ငံမြောက်ပိုင်းအခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေပြီး စေ့စပ်ဆွေးနွေးညှိနှိုင်းဖို့နဲ့ စစ်မက် ဖြစ်ပွားနေတာတွေ တတ်နိုင်သမျှ အမြန်ဆုံးရပ်ဆိုင်းဖို့ သက်ဆိုင်သူတွေကို တိုက်တွန်းကြောင်း ဇူလိုင် ၂၅ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ဇွန်လ ၂၅ ရက်နေ့က စတင်ခဲ့တဲ့ တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးဟာ မနေ့က တစ်လပြည့်သွားပါပြီ။ ဒီတစ်လအတွင်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သား ၁၂၅ ဦး သေဆုံးပြီး ၁၆၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဇူလိုင်လ ၂၅ ရက်နေ့ညနေက ထုတ်ပြန်ပါတယ်။ ဒါ့အပြင် နေအိမ် ၉၃ လုံး၊ ဘုန်းကြီးကျောင်း ရှစ်ကျောင်းနဲ့ စာသင်ကျောင်း ခုနစ်ကျောင်းလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

တစ်လတာအတွင်း နောင်ချို၊ စဥ့်ကူးနဲ့ မိုးကုတ်မြို့တွေကို TNLA နဲ့ PDF တပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီး လတ်တလော ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းအတွင်းက နေရာအတော်များများမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အတွင်းပိုင်းအထိ MNDAA ကိုးကန့်တပ်တွေ ဝင်ရောက်နိုင်ခဲ့တဲ့ လားရှိုးမြို့မှာတော့ ဇူလိုင်လ ၂၆ ရက်နေ့အထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲပဲလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လားရှိုးမြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။

"လေယာဉ်ဝဲနေတဲ့ တိုင်းဘက်ကို လေယာဥ်နဲ့ ဗုံးတစ်လုံး လာကြဲသွားတယ် အခုလေးတင်။ ဘုရားကျောင်း မျက်စောင်းထိုး အထက (၁) ဆိုတာရှိတယ်။ အဲဒီကနေပြီးမှ ဟိုဘက်ကို တိုင်းဘက်ကို လက်နက်ကြီးတွေနဲ့ပစ်လိုက်၊ လက်နက်ငယ်တွေနဲ့ပစ်လိုက် လုပ်နေတယ်"

တိုင်းစစ်ဌာနချုပ်ထဲမှာ MNDAA တပ်တွေ နေရာယူထားတာကြောင့် စစ်ကောင်စီတပ်က တိုင်းစစ်ဌာနချုပ်ဘက်ကို လေကြောင်းနဲ့ရော လက်နက်ကြီးတွေနဲ့ပါ တိုက်ခိုက်နေတာလို့ သူက ဆိုပါတယ်။

ဒီစစ်ဆင်ရေးတစ်လတာအတွင်း လားရှိုးမြို့မှာ အရပ်သား ၃၈ ဦး သေဆုံးပြီး ၄၈ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA ရဲ့ ဇူလိုင်လ ၂၅ ရက်နေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုရက်ပိုင်းအတွင်း လက်နက်ကြီး၊ လက်နက်ငယ် ထိမှန်ပြီးသေဆုံးသူ ငါးဦးထက်မနည်း ရှိနေပြီး တိုက်ပွဲတွေကြောင့် သင်္ဂြိုဟ်ပေးမဲ့သူမရှိဖြစ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

TNLA နဲ့ PDF ပူးပေါင်းတပ်တွေ သိမ်းယူထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့မှာလည်း ဒီစစ်ဆင်ရေး တစ်လအတွင်း အရပ်သား သေဆုံးသူ ၂၈ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၅၈ ဦးအထိ ရှိခဲ့တယ်လို့ TNLA ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

"သေဆုံးမှုတွေတော့ အများကြီးပဲ၊ လက်ပြတ်ခြေပြတ်တွေလည်း ရှိတာပဲ။ ဒဏ်ရာရပြီးမှ နောက်ရက်မှ သေတာတွေလည်းရှိတယ်"

စစ်ရေးနဲ့မသက်ဆိုင်တဲ့ အရပ်သားတွေနေထိုင်တဲ့နေရာတွေ ပစ်မှတ်ထား တိုက်ခိုက်ခံရတာကြောင့် သေဆုံးထိခိုက်သူတွေ များခဲ့တာလို့ မိုးကုတ်မြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။

"ဇွန် ၂၉ ရက်နေ့ကနေစပြီးတော့ မိုးကုတ်ရှမ်းကျောင်းနားက စပြီးတော့ ထိတွေ့မှု စဖြစ်တာပဲ။ ပြီးတော့ လကုန်ပြီး လဆန်းပိုင်းမှာပဲ လက်နက်ကြီးတွေနဲ့ရမ်းထုတယ်။ လက်နက်ကြီးတွေနဲ့ လှမ်းထုတယ်၊ ပြည်သူတွေပေါ် ကျတယ်။ သေဆုံးမှုတွေတော့ အများကြီးပဲ၊ လက်ပြတ်ခြေပြတ်တွေလည်း ရှိတာပဲ။ ဒဏ်ရာရပြီးမှ နောက်ရက်မှ သေတာတွေလည်းရှိတယ်။ ပြည်သူထိခိုက်တဲ့နေရာတွေက စစ်ရေးပစ်မှတ် လုံးဝမဟုတ်တဲ့နေရာတွေ"

မိုးကုတ်မြို့မှာ တိုက်ပွဲစဖြစ်ကတည်း ဖုန်းလိုင်းတွေ ပြတ်တောက်နေပြီး TNLA တပ်ဖွဲ့က မြို့ကို သိမ်းပိုက်ထားပေမဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို ဒေသခံတွေ စိုးရိမ်နေရဆဲပဲလို့လည်း သူက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း မြို့ပေါင်း နှစ်ဆယ်လောက်ကို သိမ်းပိုက်ပြီးနောက် တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ၂၀၂၄ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ အပစ်အခတ် ရပ်စဲခဲ့ပါတယ်။


ဆက်နွှယ်သောသတင်းများ

လားရှိုးအခြေစိုက် တိုင်းစစ်ဌာနချုပ်ကို သိမ်းလိုက်ကြောင်း MNDAA ကြေညာ

မန္တလေးကို ဦးတည်လာတဲ့ မဟာဗျူဟာထိုးစစ်

စစ်ကောင်စီအခက်၊ တိုင်းရင်းသားလက်နက်ကိုင်တွေအချက် ဖြစ်လာပြီလား


အခု တစ်ကျော့ပြန်ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေနဲ့ ပတ်သက်လို့လည်း တိုက်ပွဲတွေရပ်ဖို့ တရုတ်နိုင်ငံဘက်က ဖိအားပေးပြောဆိုနေပေမဲ့ ဒီကြားထဲကပဲ တိုက်ပွဲတွေ ဖော်ဆောင်နေတာဖြစ်တယ်လို့ TNLA ပြောခွင့်ရသူ လွေးယေဦးက RFA ကို ဇူလိုင်လပထမပတ်က ပြောဆိုထားပါတယ်။ အခုစစ်ဆင်ရေးဟာ ဘယ်လောက်အထိ ဆက်ရှိနေဦးမလဲဆိုတာကို RFA က ထပ်မံမေးမြန်းခဲ့ပေမဲ့ ဒီအပေါ်မှာ TNLA ဘက်က တုံ့ပြန်တာမရှိသေးပါဘူး။

တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးမှာ ပါဝင်နေတဲ့ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်က (MDY-PDF) ပြောခွင့်ရသူ ကိုအော်စမွန်ကတော့ တိုက်ပွဲတွေက အရှိန်မပျက် ဆက်လက်ရှိနေဆဲပဲလို့ RFA ကိုပြောပါတယ်။

"ကျွန်တော်တပ်ဖွဲ့အနေနဲ့ မန္တလေးတိုင်းထဲမှာ စစ်ဆင်ရေးဖော်ဆောင်နေတာက မြို့နယ်နှစ်ခုမှာ ဖြစ်ပါတယ်။ မတ္တရာမြို့နယ်နဲ့ စဥ့်ကူးမြို့နယ်တွေမှာ စစ်ဆင်ရေးတွေ ဖော်ဆောင်နေပါတယ်။ စဥ့်ကူးမြို့နယ်ထဲမှာရှိတဲ့ တပ်စခန်းအားလုံးကတော့ ကျွန်တော်တို့ အပြီးသတ် သိမ်းပိုက်ရရှိထားပြီဖြစ်ပါတယ်။ မတ္တရာမြို့နယ်မှာတော့ တပ်စခန်း အရေအတွက် ၂၈ ခု ကျွန်တော်တို့ သိမ်းပိုက်ရရှိထားတာရှိပါတယ်။ မတ္တရာမြို့မှာတော့ လက်ရှိ အချိန်ထိ နေ့စဉ်ဆိုသလို တိုက်ပွဲတွေက ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်"

တရုတ်နိုင်ငံက အပစ်ရပ်ဖို့ ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ကတော့ သူတို့အနေနဲ့ တရုတ်အစိုးရနဲ့ တိုက်ရိုက်ဆက်ဆံတာမရှိတဲ့အတွက် ဒီအပေါ်မှာ မှတ်ချက်ပေးဖို့မရှိဘူးလို့လည်း သူက ဆိုပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ စစ်ဆင်ရေးတွေနဲ့ပတ်သက်လို့ ကိုးကန့်တပ်ဖွဲ့ (MNDAA) ပြောခွင့်ရသူ လီကျားဝင်း (ခေါ်) ဦးကျော်နိုင်နဲ့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းတို့ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့အခြေအနေတွေနဲ့ပတ်သက်လို့ နိုင်ငံပိုင် MRTV ရုပ်သံကနေတစ်ဆင့် ဇူလိုင်လ ၂၆ ရက်နေ့ညနေက ထုတ်ပြန်ပြောဆိုရာမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့ရွာတွေထဲကို စိမ့်ဝင်လာတဲ့ လက်နက်ကိုင်တွေကို တိုင်းရင်းသားပြည်သူလူထုနဲ့ တပ်မတော်၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လက်တွဲညီညီ ရှင်းလင်းသွားရမယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံအနေနဲ့ လက်ရှိဖြစ်ပွားနေတဲ့ တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးအပေါ်မှာ အရင်ကလို ကြားဝင်ညှိနှိုင်းဖို့ရှိသလားဆိုတာကို သိနိုင်ဖို့ ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းထားပေမဲ့ အကြောင်းမပြန်သေးပါဘူး။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်အချို့အား မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့တွင် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့က တွေ့ရစဉ်။ (Photo: Telegram/ PSLF/TNLA News)
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်အချို့အား မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့တွင် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့က တွေ့ရစဉ်။ (Photo: Telegram/ PSLF/TNLA News)

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တပ်အရာရှိဟောင်းတစ်ဦးကတော့ စစ်ကောင်စီဘက်က ဒီစစ်ဆင်ရေးကို မတုံ့ပြန်နိုင်ရင် စစ်ရေးနယ် ကျယ်လာနိုင်တယ်လို့ ပြောပါတယ်။

"ဒုတိယလှိုင်းမှာ သူတို့ဘက်က အသာရသွားတယ်ဆိုရင် တတိယလှိုင်းဆိုတာတော့ မန္တလေးတိုင်းအထိ ရောက်လာနိုင်တာပေါ့နော်။ သူ (TNLA၊ PDF) အဲလောက်ထိကို ကြံဆောင်လိမ့်မယ်ပေါ့နော်။ သူ (TNLA) ကိုယ်တိုင်တော့မလာဘူး သို့ပေမဲ့ သူ မြောက်ပေးမှာပေါ့နော်။ ကျွန်တော်တို့ တုံ့ပြန်နိုင်တယ်ဆိုရင်တော့ ဒီဘက်ကနေစပြီး အမျိုးသားရေးစိတ် ပြင်းထန်လာတာမြင်ရင်တော့ နောက်ဆုတ်နိုင်တယ်။ ဒီနှစ်ခုမှာတော့ ပေါ်လစီပိုင်းအရ စဉ်းစားရမယ်။ ခက်တာက ဒီဘက်မှာ (တပ်မတော်) ကလည်း ဒါကြီးကို လုံးဝ ဖြတ်ကျော်ရမယ့် အစွမ်းအစနဲ့ ပတ်သက်ပြီးတော့လည်း ယုံကြည်မှု အဲဒီလောက်ထိ မတည်ဆောက်နိုင်သေးဘူးပေါ့နော်"

တရုတ်ဘက်တော့ လက်ရှိတိုက်ပွဲတွေကိုရပ်ဖို့ ဖိအားပေးတဲ့အနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မဟာမိတ်တပ်တွေ ထိန်းချုပ်ထားတဲ့ မူဆယ် ၁၀၅ မိုင် ကျင်စန်းကျော့၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ မုံးကိုး၊ ကြူကုတ် (ပန်ဆိုင်း) နဲ့ နမ့်ခမ်းမြို့က နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို ဇူလိုင်လ ၉ ရက်နေ့ကစလို့ တရုတ်ဘက်က ပိတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ရာ လောက်ကိုင်မြို့မှာ တရုတ်နိုင်ငံဘက်ကနေ ယူထားတဲ့ ဆက်သွယ်ရေး ဖုန်းလိုင်းနဲ့ လျှပ်စစ်ဓာတ်အားလိုင်းတွေကို ဇူလိုင်လ ပထမပတ်ကတည်းက တရုတ်ဘက်က ဖြတ်တောက်ထားတယ်လို့လည်း ဆိုပါတယ်။

လောက်ကိုင်မြို့ကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုကြောင့် အပျက်အစီးများအား တွေ့ရစဉ်။ (Photo: Facebook/ 果敢资讯网 )
လောက်ကိုင်မြို့ကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုကြောင့် အပျက်အစီးများအား တွေ့ရစဉ်။ (Photo: Facebook/ 果敢资讯网 )

ဒီတစ်ကြိမ်မှာတော့ တရုတ်နိုင်ငံက နှစ်ဖက်စလုံးကို စောင့်ကြည့်နေတယ်လို့ တရုတ်-မြန်မာအရေး လေ့လာသူ ဒေါက်တာ လှကျော်ဇောက သုံးသပ်ပါတယ်။

"တရုတ်က ဖိအားပေးတာ နှစ်ဖက်စလုံး ပေးတယ်။ ဒါပေမဲ့ စစ်ကောင်စီက မရပ်တော့လေ၊ သူတို့ ဆက်တိုက်ရတာပေါ့ဗျာ။ အခု တရုတ်ကကြည့်ရတာ အခြေအနေ စောင့်ကြည့်နေတာ တူပါတယ်။ တရုတ်က ပြတ်ပြတ်သားသားပြောပြီးသား ဗမာပြည်ရဲ့ ပြည်တွင်းစစ်ကို ငြိမ်းအောင်တော့ လုပ်ပေးရမယ်လို့ အခုအာဆီယံမှာ ဆွေးနွေးနေတာ ဘယ်လိုလာမလဲမသိဘူး၊ ခဏတော့ စောင့်ကြည့်ရမယ်"

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ တရုတ်နိုင်ငံဘက်က ဆက်လက်ဖိအားပေးလာရင် ရှမ်းမြောက်ဒေသမှာ တိုက်ပွဲတွေ ရပ်ကောင်းရပ်လာနိုင်ပေမဲ့ မန္တလေးတိုင်းအတွင်းမှာတော့ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေဦးမယ်လို့ သုံးသပ်ပါတယ်။

"၁၀၂၇ က ဦးတည်ချက်က နှစ်ခု ရှိပါတယ်။ တစ်ခုက လားရှိုးကို တိုက်တာ။ နောက်တစ်ခုက ကျွန်တော်တို့ မန္တလေးတိုင်းကို ဦးတည်ပြီး တိုက်တာပေါ့။ အဲဒီနှစ်ခုမှာ တရုတ်က ဝင်ရောက်ပြီးတော့ ကျွန်တော်တို့ စွက်ဖက်မှု၊ တားဆီးမှုကြောင့် လားရှိုးတိုက်ပွဲအခြေအနေက ရပ်နားရမယ့်အခြေအနေ ဒါမဟုတ် တုံးဆိုင်းနေတဲ့ အခြေအနေ တစ်ရပ်လိုမျိုး မြင်ရနိုင်တယ်။ ဒါပေမဲ့ TNLA နဲ့ မန္တလေး PDF ဦးဆောင်တဲ့ ကျွန်တော်တို့ မန္တလေးတိုင်းအတွင်း ဝင်ရောက်လှုပ်ရှားမှုကတော့ ဆက်လက်ပြီး ရှင်သန်လှုပ်ရှားနေလိမ့်မယ်။ အဲဒီဘက်မှာ တိုက်ပွဲ အရှိန်အဟုန်တွေ ပိုကြီးလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်ခင်ဗျ"

TNLA နဲ့ မန္တလေး PDF အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေအရ တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး တစ်လတာအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းအတွင်းမှာ စစ်ကောင်စီတပ်စခန်းပေါင်း ၇၀ ကျော်ကို TNLA နဲ့ PDF ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။