ကယားပြည်နယ်က တစ်လေးလုံး စစ်ဆင်ရေး သုံးလအကြာ
2024.02.12
၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့မှာစခဲ့တဲ့ တစ်လေးလုံး စစ်ဆင်ရေး သုံးလပြည့်လာတဲ့ အချိန်မှာ နှစ်ဖက်စလုံးမှာ စစ်ပန်းလာတာကြောင့် တိုက်ပွဲအခြေအနေ လျော့ကျလာနေတယ်လို့ ကရင်နီတိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
တိုက်ပွဲကြာရှည်လို့ စစ်ပန်းကြတာနဲ့ လက်နက်ခဲယမ်း လိုအပ်ချက်တွေကြောင့် ရှေ့ပိုင်းကာလတွေလို တိုက်ပွဲကြီးတွေ မရှိတော့ပေမယ့် စစ်ဆင်ရေးဆက်ရှိနေပြီး ထိတွေ့တိုက်ပွဲငယ်တွေတော့ ရှိနေတယ်လို့ ဆိုပါတယ်။
"နှစ်လကျော် သုံးလနီးပါးအတွင်း တိုက်လာတဲ့ အခါမှာ စစ်ပန်းတာတွေကြောင့်လည်းပါတယ်”
ဒါပေမဲ့ အခု ၂၀၂၄ ခုနှစ်ထဲမှာ တော်လှန်ရေး အောင်မြင်အောင် လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားတယ်လို့ ကရင်နီတပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က RFA ကို ပြောပါတယ်။
“ဆက်ပြီးတော့ လုပ်နေတယ်လေနော်။ စီမံချက်က ဖြည်းဖြည်းလုပ်သွားမှာပဲလေ။ ကျွန်တော်တို့က ပစ္စည်းလည်းနည်းတယ်ပေါ့။ ကြံဖန်ဝယ်ခြမ်း လုပ်သွားတာ။ အခက်အခဲဖြစ်တယ်။ မြောက်ပိုင်းနဲ့ မတူဘူးလေ။ မြောက်ပိုင်းက အပြည့်အစုံရှိတော့ ဒီထက်မြန်တာပေါ့လေ။ ဒီနှစ်ထဲမှာ ကျွန်တော်တို့ ရည်မှန်းချက်ကတော့ ပြည့်အောင်လုပ်ချင်တယ်။ တစ်နိုင်ငံလုံးပေါ့ ဗမာပြည် အပါအဝင်။ ကြာလွန်းရင်လည်း ပင်ပန်းတာပေါ့”
တစ်လေးလုံး စစ်ဆင်ရေး စတင်ချိန် တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ လွိုင်ကော်မြို့ပေါ်မှာ လက်ရှိ ကရင်နီ တော်လှန်ရေးတပ်ပေါင်းစုတွေ မြို့ထဲမှာ တပ်ဖြန့်ထားသလို စစ်ကောင်စီကလည်း သူတို့ရဲ့ အဓိက တပ်စခန်း နေရာတွေမှာ ရှိနေတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ဆိုပါတယ်။
မြို့ကို ၈၀ ရာခိုင်နှုန်းလောက် လွှမ်းမိုးထားနိုင်ပေမယ့်လည်း မြို့တွင်းစစ်ဆင်ရေး ကြီးကြီးမားမားတွေကိုတော့ ခေတ္တရပ်နားထားတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဗဟိုသတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ စောသာအယ်စိုးက ပြောပါတယ်။
“မြို့တွင်း စစ်ဆင်ရေးကတော့ အခြေအနေအရ ခဏနားထားတဲ့ သဘောမှာရှိတယ်။ ဒါပေမဲ့ မြို့ထဲမှာတော့ ကျွန်တော်တို့ အခိုင်အမာ တပ်ဖြန့်ထားတာတွေ ရှိတယ်ပေါ့။ လောလောဆယ်မှာတော့ နှစ်ဖက်လုံးကနေပြီးတော့ တစ်ဖက်ကိုတစ်ဖက် အပြီးသတ် အနိုင်တိုက်တဲ့ စစ်ဆင်ရေးကတော့ လောလောဆယ် မရှိသေးဘူးပဲ ပြောရမယ်။ ဘာဖြစ်လို့လဲဆိုတော့ နှစ်လကျော် သုံးလနီးပါးအတွင်း တိုက်လာတဲ့ အခါမှာ စစ်ပန်းတာတွေကြောင့်လည်းပါတယ်”
တစ်လေးလုံး စစ်ဆင်ရေးအတွင်းမှာ ကယားပြည်နယ် (ကရင်နီ) မှာ မော်ချီးမြို့၊ ရွာသစ်မြို့၊ နန်းမယ်ခုံမြို့နဲ့ မယ်စဲ့မြို့တို့ကို ကရင်နီပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားနိုင်ပြီး လွိုင်ကော်မြို့ကိုတော့ ၈၀ ရာခိုင်နှုန်း ထိန်းချုပ်ထားနိုင်တယ်လို့ ကရင်နီတပ်မတော် (KA) ကလည်း ထုတ်ပြန်ထားပါတယ်။
တစ်လေးလုံးရဲ့ အဓိက ပစ်မှတ်လို့ ပြောလို့ရတဲ့ လွိုင်ကော်မြို့ကို တိုင်ရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ စစ်တပ် တစ်ဖက်ဖက်က အပြီးသတ် သိမ်းပိုက်နိုင်တာမျိုး မရှိသေးတဲ့အတွက် စစ်ဆင်ရေးရဲ့ အလားအလာကို စောင့်ကြည့်နေရဆဲပဲလို့ နိုင်ငံရေးနဲ့ စစ်ရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဆိုပါတယ်။
“လွိုင်ကော်တိုက်ပွဲကို အဆုံးမသတ်သေးတာက လွိုင်ကော်တိုက်ပွဲ တကယ်လို့ တိုက်မယ်ဆိုရင် တန်ဖိုးကြီးကြီးမားမား ပေးရမယ့်အနေအထားရှိတဲ့အတွက် လွိုင်ကော်ကို ဝိုင်းပတ်ပြီးတော့ စောင့်ဆိုင်းနေတယ်လို့ ထင်ပါတယ်။ ကရင်နီပြည်နယ်က ပထဆုံး လွတ်မြောက်နယ်မြေဖြစ်မယ်လို့ ထင်ထားတာ။ ဒါပေမဲ့ ကရင်နီက ဒီနေ့အထိ လွိုင်ကော်ကို မသိမ်းနိုင်သေးဘူး ဖြစ်နေတော့ တကယ့်အခြေအနေမှန်နဲ့ ပတ်သက်လို့ ကျွန်တော်တို့လည်း စောင့်ဆိုင်းကြည့်ရှုနေတဲ့ အနေအထားပဲ ရှိပါသေးတယ်”
လတ်တလော လွိုင်ကော်မှာ တိုက်ပွဲမရှိပေမယ့် ရှားတောမြို့အနီးတစ်ဝိုက်မှာ တိုက်ပွဲတွေ နေ့စဉ်နီးပါး ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ၊ ဒရုန်းအသုံးပြု ဗုံးကြဲတာတွေနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကြောင့် ပြည်သူတွေရဲ့ နေအိမ်တွေ ပျက်စီးဆုံးရှုံးမှု ပိုများလာတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
ဇန်နဝါရီလထဲဖြစ်ပွားခဲ့တဲ့ ကယားနဲ့ ရှမ်းပြည်နယ်အစပ် ဆီဆိုင်၊ ဟိုပုံး၊ ညောင်ရွှေနဲ့ ဖယ်ခုံတို့က တိုက်ပွဲတွေကြောင့် ထွက်ပြေးလာရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ လက်ရှိမှာ တခြားနေရာတွေကို ထပ်မံပြောင်းရွှေ့နေကြရပြီး အခက်အခဲတွေ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။
လွိုင်ကော်တိုက်ပွဲကြောင့် ဆီဆိုင်မြို့ကို ထွက်ပြေးလာပြီး အဲဒီကနေတစ်ဆင့် ဟဲဟိုးအထိ ထပ်ပြီးပြေးရတဲ့ ဒေသခံတစ်ဦးက အခက်အခဲမျိုးစုံ ကြုံနေရတဲ့အတွက် လွိုင်ကော်မြို့ကိုပဲ ပြန်ဖို့စီစဉ်နေတယ်လို့ RFA ကို ပြောပါတယ်။
“ဘုန်းကြီးကျောင်းတွေက တချို့လည်း လက်မခံတော့ အိမ်ငှားနဲ့လည်း နေကြတယ်လေ။ ပိုက်ဆံပေးနေတာတောင် တချို့က လက်မခံကြဘူး။ အရှုပ်အရှင်းတွေ ကြောက်တယ်ပေါ့။ ဘာမှအရှုပ်လည်း မရှိပါဘူး။ ကျွန်မတို့လည်း ကိုယ့်ဘာသာ ဒုက္ခရောက်လို့ ပြေးလာကြတာပဲရှိတာ။ အလုပ်မှမရှိတာ အိမ်ငှားခလည်း ပေးဖို့ကျပ်တည်းတော့ ဒီလကုန်ရင်တော့ လွိုင်ကော် ပြန်မယ်စိတ်ကူးတယ်။ ဟိုမှာ ပြန်မယ်ဆိုရင်တော့ စားဖို့ပဲ ပူရမှာပေါ့၊ အိမ်ဖိုးပေးခ မပူရတော့ဘူးပေါ့။ ကိုယ့်အိမ်မှာကိုယ် ရှိတာနဲ့စားလို့ ဖြစ်တာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ဒုက္ခခံနေရမှာပေါ့ အဲဒီလိုတွက်လိုက်တာပေါ့။ လေယာဉ်မှလာရင်လည်း ရှောင်ရရင် ရ ရှောင်မရှောင်ရလို့မှကျလည်း ကံပေါ့လို့ အဲဒီလိုတွက်ပြီး ပြန်ကြမယ်”
စစ်မျက်နှာပြင် ကျယ်လာတာနဲ့အမျှ စစ်ဘေးဒုက္ခသည် ဦးရေကလည်း တိုးလာနေပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အဓိက လိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသူတွေက ဆိုပါတယ်။
စစ်ရှောင်စခန်းတွေကို အရင်လို တစ်ပြေးညီ မထောက်ပံ့နိုင်တော့ဘဲ အဆိုးရွားဆုံး နေရာတွေကိုသာ ကူညီပေးနေရကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အတွင်းရေးမှူး (၂) ဗညားခွန်အောင်က ပြောပါတယ်။
“IDP စခန်းတစ်ခုချင်းဆီမှာရှိနေတဲ့ လူဦးရေထဲကမှ အဆိုးရွားဆုံးပေါ့။ တစ်ရက်စာလောက်ပဲ ကျန်တော့တဲ့ လူထုတွေကို ဦးစားပေးပြီးတော့ ဖြန့်ရတဲ့ ပုံစံမျိုးဖြစ်သွားတော့ သတ်မှတ်ချက်နဲ့ စားနပ်ရိက္ခာတွေကို ဖြန့်ရတာမျိုး ဖြစ်သွားတာပေါ့။ ဆိုလိုတာက စားနပ်ရိက္ခာတွေ ပိုကျပ်တည်းလာတယ်။ လူအားလုံးကို တစ်ပြေးညီပေးဖို့ ခက်ခဲလာတယ်။ တကယ့်ကို မဖြစ်မနေ ရက်ပိုင်းပဲ စားနပ်ရိက္ခာ ကျန်တော့တဲ့ စစ်ဘေးရှောင်ကိုပဲ ပေးနေရတဲ့ အခြေအနေအထိ ရောက်လာတယ်။ အဲဒါကလည်း ငွေကြေးပံ့ပိုးမှုတွေ ပိုပြီးတော့ ကျပ်တည်းလာတယ်။ စားနပ်ရိက္ခာ ဝယ်ယူဖို့ ကျပ်တည်းပြီးတော့ ကုန်ခမ်းသွားတဲ့ ပုံစံကြောင့်လည်းဖြစ်ပါတယ်”
ကယားပြည်နယ် (ကရင်နီ) ထဲမှာ တစ်လေးလုံး စစ်ဆင်ရေးစခဲ့တဲ့ နိုဝင်ဘာကနေ ဇန်နဝါရီလအထိ သုံးလအတွင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုတွေကြောင့် အရပ်သား ၇၉ ယောက် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၇၃ ယောက်၊ ဖမ်းဆီးခံရသူ ၁၈ ယောက် ရှိခဲ့တယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီလ ၅ ရက်နေ့ တရက်တည်းမှာပဲ ရှားတောမြို့နယ်မှာ စစ်ကောင်စီတပ်ကြောင့် ကလေးငယ် သုံးဦးနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦး အပါအဝင် စုစုပေါင်း ရှစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသလို ဒီးမော့ဆိုမြို့နယ်က ဒေါဆီးအီရွာနဲ့ လွိုင်နန်းဖရွာကို လေကြောင်းကနေ ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ် လေးဦးနဲ့ စစ်ရှောင်အမျိုးသား တစ်ဦး သေဆုံးခဲ့တာပါ။
အဲဒီနေ့မှာဘဲ ကရင်နီဒေသထဲကို စစ်ကူလာတဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ မိုင်းပျဉ်းမြို့ အခြေစိုက် အမှတ် (၂၄၉) ခြေလျင်တပ်ရင်း (ခလရ-၂၄၉) တပ်ဖွဲ့ဝင်တွေပါတဲ့ စစ်ကြောင်းကို ကရင်နီတပ်ပေါင်းစုက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် လက်နက် ၃၀ ကျော် ရခဲ့တယ်လို့ ကရင်နီတပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်သိရဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ကယားပြည်နယ် အပါအဝင် တိုင်းနဲ့ ပြည်နယ် ၁၀ ခုမှာ နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့သူ ခြောက်သိန်းခြောက်သောင်းကျော် တိုးမြင့်လာတဲ့အတွက် နိုင်ငံတစ်ဝန်းမှာ စစ်ဘေးဒုက္ခသည် နှစ်သန်းခွဲကျော်ရှိလာတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) က ဇန်နဝါရီလ ၁၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။