၂၀၁၄ ခုနှစ်အတွင်း လယ်ယာမြေပြဿနာတွေကို သုံးသပ်ချက်


2014.12.31

၂၀၁၄ ခုနှစ်အတွင်း အထင်ကရဖြစ်တဲ့အထဲမှာ စစ်အစိုးရလက်ထက်ကတည်းက တပ်မတော် ဌာနဆိုင်ရာတွေက သိမ်းဆည်းခဲ့တဲ့ လယ်ယာမြေ ဧကပေါင်းများစွာကို ပြန်ပေးဖို့ လွှတ်တော်က ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

လွှတ်တော်က ပြန်လည်ခွဲဝေပေးဖို့ ဆုံးဖြတ်ခဲ့ပေမယ့် အစိုးရဖက်က ပြန်ပေးတဲ့ အပိုင်းမှာ နှေးကွေးနေတာတွေ အဆင်မပြေတာတွေ ရှိခဲ့ပါတယ်။ ဘာ့ကြောင့် လယ်ယာမြေ ပြန်လည် ခွဲဝေပေးရာမှာ အခက်အခဲဖြစ်နေသလဲဆိုတာကို RFA သတင်းထောက် မဝေယံမိုးမြင့်က စုစည်းတင်ပြထားပါတယ်။

စစ်အစိုးရလက်ထက်ကတည်းက မြန်မာတစ်နိုင်ငံလုံးမှာ တပ်မတော် ဝန်ကြီးဌာနတွေ နဲ့ အုပ်ချုပ်ရေးဖက်က အမည်မျိုးစုံနဲ့ သိမ်းဆည်းထားတဲ့ လယ်ယာမြေပေါင်းများစွာ ရှိခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ အထင်ကရဖြစ်ခဲ့တာက ပြည်ထောင်စုလွှတ်တော်က သိမ်းဆည်းခံလယ်ယာမြေတွေကို ပြန်ပေးအပ်ဖို့ အတွက် ကော်မရှင်တွေဖွဲ့ပြီး လိုက်လံစုံစမ်းကာ လွှတ်တော်ကို တင်ပြတာ မြန်ဆန် ခဲ့ပါတယ်။ အဲ့ဒီလို စုံစမ်းနိုင်ဖို့အတွက် လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်း စစ်ဆေးရေး ကော်မရှင်ကို ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေ အလိုက် ၁၁ ဖွဲ့ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။

ကော်မရှင်အဖွဲ့တွေရဲ့ လေ့လာတွေ့ရှိချက်အရ တပ်မတော်၊ အစိုးရဝန်ကြီး ဌာနတွေနဲ့ ဦးပိုင်အပါအဝင် ကုမ္ပဏီကြီးတွေ၊ အဖွဲ့အစည်းတွေက သိမ်းယူထားတဲ့ လယ်မြေတွေဟာ နစ်နာကြေး အနည်းငယ် ပေးယုံနဲ့ တရားဥပဒေမဲ့ သိမ်းဆည်းထားတာ များတယ်လို့ ပြောပါတယ်။

ထူးခြားချက်က ဒီလ ဒီဇင်ဘာလ ၁၉ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာ စစ်တပ်နဲ့ဝန်ကြီး ဌာနအသီးသီး သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေထဲက ဧက ၃ သိန်းကျော် စွန့်လွှတ် ကြောင်းပါရှိခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီလယ်ယာမြေတွေကို မူလပိုင်ရှင်တွေထံ ပြန်လည်အပ်နှံဖို့ မြေအသုံးချမှုစီမံခန့်ခွဲရေး ဗဟိုကော်မတီ်က ကြေငြာထားပါတယ်။

ပြန်လည်စွန့်လွှတ်ကြောင်း ကြေညာခဲ့တဲ့ ဧက သုံးသိန်းကျော်ဆိုတာ သိမ်းဆည်းထားမှုရဲ့ ၂၀ ရာခိုင်နှုန်းခန့်ကိုပဲ ပြန်စွန့်လွှတ်တာ ဖြစ်တယ်လို့ သိရပါတယ်။ တကယ်သိမ်းဆည်းခဲ့တဲ့ ပမာဏဟာ ဧကပေါင်း ၁၅ သိန်းလောက်ရှိပြီး အဲ့ဒီအထဲက ဧက ၃ သိန်းကိုသာ စွန့်လွှတ်တာလို့ ဆိုနိုင်မှာ ဖြစ်ပါတယ်။

အဲ့ဒီလို စွန့်လွှတ်တယ်ပြောပေမယ့် လယ်ဆုံးရှုံးသွားတဲ့ လယ်သမားတွေလက်ထဲ ပြန်ရောက်မှုဟာ အများကြီး နည်းနေသေးတယ်လို့ သိရပါတယ်။

လယ်တွေပြန်ပေးဖို့ဆိုတာ လက်တွေ့မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ အကြောင်း လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်း စစ်ဆေးရေး ကော်မရှင် (ရန်ကုန်)အဖွဲ့ဝင် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်သိန်းလင်းက ပြောပါတယ်။

ဦးအောင်သိန်းလင်း

စွန့်လွှတ်တဲ့နေရာမှာလဲ ပြဿနာတွေရှိနေသေးတယ်၊ ဥပမာ တပ် ဆိုပါတော့ သူ့ကိုမြေသိမ်းပေး တာသည် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက သိမ်းပေးတာဖြစ်ပါတယ်၊ အဲ့တော့ ဒီမြေကို သူက ပြန်စွန့်လွှတ်မယ်ဆိုရင် အထွေထွေအုပ်ချုပ်ရေးဌာနကို အပ်ရတယ်၊ အဲ့လိုပြန်အပ်မှ အထွေထွေ အုပ်ချုပ်ရေးမှူးဦးစီးဌာနက ပိုင်ရေးဆိုင်ရေးရှိတဲ့သူတွေကို ဖော်ထုတ်ပြီးတော့မှ ပေးတာဖြစ်ပါတယ်၊ မြေတွေကိုတော့ပြန်စွန့်လွှတ်လိုက်တယ်၊ စွန့်လွှတ်တဲ့မြေနဲ့ပတ်သက်လို့လဲ မရကရုံးတွေမှာ ကြေညာ ကပ်ထားတယ် ဆိုပေမယ့် တကယ်တမ်းသွားစုံစမ်းတဲ့အခါ အဆင်မပြေပါဘူး၊ အစိုးရရဲ့မူဝါဒကတော့ ပြုပြင်ပြောင်းလဲရေးပဲ၊ ဒါပေမယ့် တကယ်လိုက်ပြောင်းရမယ့်သူတွေက မပြောင်းနိုင်ကြသေးဘူးဖြစ် နေတယ်။

၂၀၁၄ ခုနှစ်အတွင်းမှာ လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်း စစ်ဆေးရေး ကော်မရှင်ရန်ကုန်အဖွဲ့ (၁)ကို သိမ်းဆည်းခံလယ်ယာမြေ ဧက တစ်သိန်းသုံးသောင်းကျော် အတွက် တိုင်ကြားစာပေါင်း ၁၅၀၀ ကျော် လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီးက သိမ်းဆည်းခံလယ်ယာမြေတွေထဲမှာ စစ်တပ်ကသိမ်းထားတဲ့မြေက အများဆုံးဖြစ်ပြီး အဲ့ဒီမြေယာတွေထဲက ဧက ၆၅၀၀ ကျော်ကို ပြန်စွန့်လွှတ်ထားပါတယ်။ ၂၀၁၄ ခုနှစ်မှာ အဲ့ဒီစွန့်လွှတ်မြေ တွေထဲက ၅ ရာခိုင်နှုန်း လောက်ကိုသာ ပြန်ပေးနိုင်သေးတယ်လို့ သိရပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက လွှတ်တော်ရပ်နားထားချိန်မှာ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးတို့ကိုသွားရောက်ပြီး ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီဥက္ကဌအနေနဲ့ ပါတီဝင်တွေ၊ တောင်သူတွေနဲ့ လှည့်လှည် တွေ့ဆုံခဲ့ပါတယ်။

သူ့ရဲ့ခရီးစဉ်မှာ လယ်သမားတွေအဓိကကြုံတွေ့နေရတဲ့ လယ်ယာမြေသိမ်းဆည်းတဲ့ ပြသနာတွေကို တိုင်းဒေသကြီးအစိုးရတွေက ဖြေရှင်းပေးဖို့ အဓိကတိုက်တွန်းပြောဆိုပါတယ်။

မြေယာပြသနာတွေကို မြန်မြန်မဖြေရှင်းနိုင်ဘူးဆိုရင် အစိုးရကို အထင်သေးအပြစ်တင်လာနိုင်တဲ့ အတွက် အမြန်ဖြေရှင်းဖို့လိုတယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့က မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်မှာ ကျင်းပတဲ့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီ တောင်သူ လယ်သမားရေးရာ တွေ့ဆုံပွဲ မှာ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းကပြောခဲ့ပါတယ်။

သူရဦးရွှေမန်း

လယ်ယာပြဿနာများကို ဖြေရှင်းတဲ့နေရာမှာ အဓိကအကျဆုံးအဖွဲ့အစည်းက အောက်ခြေ အကျဆုံးဖြစ်တဲ့ ရပ်ကွက်ကျေးရွာ မြေယာစီမံခန့်ခွဲရေး အဖွဲ့မားပဲဖြစ်တယ်၊ ဒီအမှုကိစ္စများကို ဖြေ၇ှင်းနိုင်ဖို့အတွက် မှန်မှန်ကန်ကန် မြန်မြန်ဆုံးဖြတ်ပေးဖို့ ကြာတာနှင့်အမျှ သက်ဆိုင်ရာ အဆင့်ဆင့်သော အဖွဲ့ အစည်းများကို အထင်သေးသလို၊ ကျနော်တို့အစိုးရကိုလဲ အထင်သေး အပြစ်မြင်မှာဖြစ်ပါတယ်၊ ဒါကြောင့်မို့လို့ အောက်ခြေမှာရှိတဲ့ အဖွဲ့အစည်းများ မှန်မှန် ကန်ကန် မြန်မြန်လုပ်နိုင်ဖို့အတွက် တိုင်းဒေသကြီးအစိုးရက ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ပေးဖို့ လိုကြောင်း ပြောကြားလိုပါတယ်။

လယ်ယာမြေပြန်ပေးဖို့ဆိုရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲတစ်ခုက ပိုင်ဆိုင်မှု အငြင်းပွားတဲ့ ပြဿနာ ဖြစ်ပါတယ်။ ပိုင်ဆိုင်မှု အငြင်းပွားမှုရာမှာ နှစ်ပေါင်းများစွာ သိမ်းခဲ့တာဖြစ်တဲ့အတွက် ဘယ်သူ တကယ်ပိုင်သလဲဆိုတာ သိဖို့ခက်နေပါတယ်။ တကယ်ပိုင်ဆိုင်သူတွေထံက သိမ်းပြီး သီးစားချပေး ထားတဲ့အတွက် ဧရာဝတီတိုင်းက တစ်ချို့မြို့နယ်တွေမှာ သီးစားလုပ်သူ လယ်သမားတွေ နဲ့တကယ် ပိုင်ခဲ့တယ်လို့ ပြောလို့ရတဲ့ လယ်သမားတွေအကြားမှာ အပြန်အလှန် တရားစွဲတာတွေ အထိ ရှိလာပါတယ်။

စစ်တပ်ကစွန့်လွှတ်မြေကိုပြန်ပေးရာမှာ သီးစားလုပ်ကိုင်သူတွေကိုသာ ပြန်ပေးတဲ့အတွက် သက်ဆိုင်ရာကို ဖြေရှင်းပေးဖို့တောင်းဆိုထားရတယ်လို့ ပဲခူး တိုင်းဒေသကြီး မိုးညိုမြို့နယ်က လယ်ပိုင်ရှင် ဦးကျော်ဝင်းက ပြောပါတယ်။

ဦးကျော်ဝင်း

တပ်ကလုပ်ခဲ့တာက ၂၀၀၄ တုန်းကသိမ်းဆည်းသွားပြီးတော့ အခု ၂၀၁၄၊ ၁ လပိုင်း၊ ၁ရက်နေ့မှာ သူတို့စွန့်လွှတ်ခဲ့တယ်၊ စွန့်လွှတ်ခဲ့ရာမှာ ပထမ သီးစားလုပ်တဲ့သူတွေကို ပေးလိုက်တာလေ၊ သီးစားလုပ်တဲ့သူကလဲ သူတို့ပိုက်ဆံပေးပြီးလုပ်ထားတာ၊ ကျနော်တို့ အုပ်စုထဲကမဟုတ်ပါဘူး၊ မဟုတ် လို့သာ ပြဿနာတက်နေတာပါ။

လယ်သမားအရေး ဆောင်ရွက်သူတွေအဆိုအရ ဧရာဝတီတိုင်းမှာ အင်းပိုင်ဆိုင်မှု လယ်မြေပိုင်ဆိုင်မှု ပြဿနာတွေကြောင့် လယ်သမား ၃၀၀ ကနေ ၄၀၀ နီးပါးအထိ ပိုင်နက်ကျူးလွန်မှု နဲ့ အမှုရင်ဆိုင် နေရသူတွေ ရှိသလို ထောင်ဒဏ်ချမှတ်ခံနေရသူတွေအထိ ရှိနေပါတယ်။

တကယ်ပြန်ပေးရာမှာလည်း လတ်တလောမှာ ပုံစံ ၃ ယာယီလုပ်ပိုင်ခွင့်နဲ့ ပြန်ပေးတာက များနေပြီး ပုံစံ ၇ ပိုင်ဆိုင်ခွင့်နဲ့ ပြန်ရတဲ့ လယ်သမားက နည်းနေသေးတယ်လို့ မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂအဖွဲ့ချုပ် တာဝန်ခံ မစုစုနွေးက ပြောပါတယ်။

မစုစုနွေး

လယ်သမားတွေကို ပြန်ပေးတဲ့အခါမှာလဲ လယ်သမားတွေက ပုံစံ ၇ လုပ်လို့မရဘူး၊ လောလောဆယ် လုပ်စားပိုင်ခွင့်ပဲရှိတယ်၊ ပုံစံ ၇ နဲ့ လုပ်ပိုင်ခွင့် အပြည့်အဝမရဘူး၊ စပြီးတော့ပေးကတည်းက မင်းတို့ ဆူဆူပူပူ မလုပ်နဲ့၊ ဆူဆူပူပူလုပ်ရင် လယ်ယာတွေကို အချိန်မရွေးပြန်သိမ်းနိုင်တယ် လို့ပြောပြီးတော့ လက်မှတ်ထိုးရယူခဲ့ရတာ၊ အဲ့လိုမျိုးတွေရှိတယ်။

လွှတ်တော်က လယ်ယာမြေတွေကို ဌာနဆိုင်ရာပဲဖြစ်ဖြစ် တပ်မတော်ပဲဖြစ်ဖြစ် အသုံးမပြုထားရင် စွန့်လွှတ်ဖို့ ပြောထားတာကြောင့် ၂၀၁၄ ခုနှစ်အတွင်းမှာ ထွန်တုံးတိုက်ပွဲဆိုပြီး လယ်သမားတွေက သူတို့ဆီက နည်းမျိုးစုံနဲ့ သိမ်းဆည်းခဲ့တဲ့ လယ်ယာမြေတွေကို ပြန်ရဖို့ ကြိုးပမ်းမှု အများဆုံးနှစ်လည်း ဖြစ်ပါတယ်။

လယ်လုပ်ကိုင်သူတွေဟာ သူတို့ရဲ့ သိမ်းဆည်းခံလယ်ယာမြေတွေကို ရရှိဖို့ ပြန်တောင်းဆိုရာမှာ လျော်ကြေးငွေထက် လယ်ကိုသာပြန်လိုချင်တဲ့သူတွေ များပြား ပါတယ်။ ဒါပေမယ့် ဖြေရှင်းနိုင်ခဲ့တဲ့ မြေယာပြသနာတွေမှာ မြေကိုပြန်ပေးတာထက် သင့်တင့်တဲ့ လျော်ကြေးငွေကိုသာပြန်ပေးတာ များပြားတယ်လို့ သိရ ပါတယ်။

လွန်ခဲ့တဲ့ ၁၉၈၈ ခုနှစ်က ဥယျာဉ်ခြံ ၁၀ ဧကကျော်ကို စစ်တပ်က သိမ်းဆည်းသွားခဲ့ပြီး ပြန်ပေးဖို့ စစ်ဆေးမှုတွေရှိပေမယ့် အခုထိ မရရှိသေးဘူးလို့ ရန်ကုန် တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်က ဒေါ်တင်မြင့်က ပြောပါတယ်။

ဒေါ်တင်မြင့်

စစ်စခန်းက သိမ်းထားတာ ၈၈ ခုနှစ်တည်းကဆိုတော့ ကြာပြီ၊ အနှစ် ၂၀ လောက်တောင်ရှိပြီ၊ အဲ့ဒါက လျော်ကြေးမရဘူး၊ ဘာမှလဲလုပ်ပိုင်ခွင့် မပေး ဘူးလေ၊ အထဲမှာ စိုက်ထားတဲ့ ပစ္စည်းတွေတောင် ချက်ချင်းဖယ်ဆိုလို့ တချိုု့ဆို ဘာမှတောင်မရပါဘူး၊ တိုင်းဗဟိုကိုလဲ တင်ပြပါတယ်၊ ပြေစာတွေ ဘာတွေကိုလဲ ရဝက ကခေါ်ကြည့်ပါတယ်၊ အဲ့ဒါလဲဘာမှ မထူးပါဘူး၊

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၉ ရက်နေ့က နိုင်ငံပိုင်သတင်းစာတွေမှာ မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟို ကော်မတီ ကြေငြာချက်အရ စွန့်လွှတ်လယ်ယာမြေတွေထဲက ဧက တစ်သိန်းလေးသောင်း ၁၄၀၀၀၀ ကျော် ကို တောင်သူလက်ထဲပြန်လည်အပ်နှံပေးခဲ့ပြီး ၁၆၀၀၀၀ ကျော် ပြန်လည်ပေးအပ်ဖို့ ကျန်ရှိ နေသေးတယ်လို့ သိရပါတယ်။ ဒါပေမယ့် အဲ့ဒီလိုပြန်လည်လွှဲအပ်ရာမှာ ယာယီပုံစံနဲ့ သာပေးအပ်မှု များပြားပြီး ပုံစံ ၇ နဲ့ အပြီးအပိုင်လွဲအပ်မှုက ၁၀ ရာခိုင်နှုန်းလောက်သာ ရှိတာကိုတွေ့ရပါတယ်။

သက်တမ်း တစ်နှစ်ခန့်သာကျန်ရှိတော့တဲ့ သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်မှာ စွန့်လွှတ် လယ်ယာမြေတွေကို မူလပိုင်တောင်သူလယ်သမားတွေထံ အပြီးပြန်ပေးနိုင်ဖို့အတွက် လွှတ်တော်က တိုက်တွန်း ဆောင်ရွက်နေပြီး အစိုးရဖက်လို့ ပြောရမယ့် အောက်ခြေအဆင့်ဆင့်က လိုက်ပါ ဆောင်ရွက်မှု အားနည်းနေတယ်လို့ သိရပါတယ်ရှင်။

 

 

 

 

 

 

 

 

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။