အာဏာသိမ်း ၂၂ လအတွင်း ဧရာဝတီတိုင်းမှာ ပြည်သူ ၂၈ ဦးသေဆုံး၊ ၇၀၀ ကျော် ဖမ်းဆီးခံထားရ
2022.12.06

RFA က လက်လှမ်းမီသလောက် ပြုစုထားတဲ့ အချက်အလက်တွေနဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ နိုဝင်ဘာ ၃၀ ရက်အထိ စာရင်းအရ ဧရာဝတီတိုင်းမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်း ပြီးချိန်ကနေ အခုနှစ် နိုဝင်ဘာလအထိ ၂၂ လအတွင်း ပြည်သူ ၂၈ ဦး သေဆုံးခဲ့ပြီး ၇၃၅ ဦး ဖမ်းဆီး ခံထားရပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ NLD အစိုးရလက်ထက် တိုင်းအဆင့်ဝန်ကြီး ခုနစ်ဦးနဲ့ လွှတ်တော် ကိုယ်စားလှယ် ၁၆ ဦးလည်း ပါဝင်ပါတယ်။
သေဆုံးသူ ၂၈ ဦးထဲမှာ ၂၀၂၁ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့က ပုသိမ်မြို့ပေါ် ဆန္ဒပြပွဲမှာ ပါဝင်ရင်း သေဆုံးသွားတဲ့ ရေလုပ်ငန်းလုပ်ကိုင်သူ အသက် ၁၄ နှစ်အရွယ် ယောကျာ်းလေး တစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။
စားဝတ်နေရေးအတွက် မိသားစုအားကိုးရာ သားတစ်ဦး ရှုံးဆုံးခဲ့ရလို့ အခုချိန်ထိ ဝမ်းနည်းနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိခင်ဖြစ်သူက RFA ကိုပြောပါတယ်။
“ကလေးက ငယ်ငယ်ကတည်းက သူသိတတ်တဲ့အရွယ်၊ သူလုပ်နိုင်တဲ့ အရွယ်လောက် ကတည်းက ကျမကို ရှာကျွေးခဲ့တာ။ ရန်ကုန်မှာဆိုလည်း လက်ဖက်ရည်ဆိုင်မှာ သွားလုပ်၊ လက်ဖက်ရည်ဆိုင် အလုပ်က ပြန်လာတော့လည်း ပိုက်လှေလေးချပေါ့။ သားရေ အမေကြီး မရှိဘူးလို့ပြောလည်း သူပဲအဲဒီမှာ အလုပ်လုပ်ပြီး ရှာဖွေပြီးပေးတာ။ တော်တော်ကို အထောက်အကူရတာ။ သူများကလေးတွေနဲ့တောင် မတူဘူး။ ဘယ်မှာပဲအလုပ်လုပ် ရတာနဲ့ အမေကြီးရော့ ငါးထောင်၊ တစ်နေ့တည်းသွားလုပ်လို့ ငါးထောင်ရလည်း အဲဒီငါးထောင် အကုန်လုံးပြန်ရောက်တယ် ”
သူမရှိတော့တဲ့နောက်ပိုင်း မိသားစုစားဝတ်နေရေးကို ခက်ခက်ခဲခဲ ရုန်းကန်နေရတယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။
နိုင်ငံတော်သစ္စာဖောက်မှု၊ အကြမ်းဖက်ဥပဒေ၊ သဘာဝဘေး ဥပဒေတွေနဲ့ ထောင်အနှစ် ၂၀ ကျော် ချခံရသူတွေထဲမှာ အမှတ် (၇) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာပြည့်ဖြိုး၊ မြောင်းမြ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝေလင်းအောင်၊ သာပေါင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်း၊ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးအောင်အောင်ဦးနဲ့ ပုသိမ်မြို့နယ် တိုင်းကိုယ်စားလှယ် ဦးသန်းထွဋ်တို့ ပါဝင်ပါတယ်။
ဖမ်းဆီးခံရချိန်ကနေ အခုထိ အခက်အခဲတွေနဲ့ ကြုံနေရသလို မိသားစုတွေလည်း တစ်ကွဲတစ်ပြားနဲ့ တိမ်းရှောင်နေရတယ်လို့ နှစ်ရှည်ထောင်ချခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးရဲ့ မိသားစုဝင်က RFA ကို ပြောပါ တယ်။
“သူအဖမ်းခံရပြီး လေးရက်လောက်လည်းကြာရော အိမ်ကို ရှာဖွေရေးတွေဝင်တော့ အဖေ့ကိုလည်း ရှောင်ခိုင်းရတာပေါ့။ သူတို့ကတော့ ပစ္စည်းရှာမယ်ဆိုပြီး ပြောတာပဲ။ အိမ်ကို သော့ပိတ်ထားတာကို ရိုက်ဖွင့်ပြီး ရှာဖွေ သွားပြီးနောက်ပိုင်းတော့ အဖေ့ကိုလည်း ရှောင်ခိုင်းလိုက်တော့ အဖေ့ရဲ့ တာဝန်တွေပေါ့။ အဝေးရောက်နေတဲ့ သူအတွက်ရော၊ ကျန်းမာရေးမကောင်းတဲ့ အမေကိုလည်း အိမ်မှာပဲခေါ်ထားလိုက်တော့ သူ (ဖမ်းဆီးခံ လွှတ်တော် ကိုယ်စားလှယ်) သွားရတော့ အခက်အခဲတွေကတော့ ဖြစ်တာပေါ့။ အခုနှစ် ၂၀ ချပြီးရင် တကယ်လို့များ လွတ်ငြိမ်းတွေဘာတွေနဲ့ ပါနိုင်ခြေရှိတာပေါ့။ အခုက ထပ်ပြီး စွဲထားတဲ့အမှု တစ်ခုက ထပ်ရှည်နေတာဆိုတော့ စိတ်တော့ပူတာပေါ့။ တကယ်လို့များ အခွင့်အရေးရလို့ လွတ်မယ့်အထဲ သူတောင်ပါ ပါ့မလားပေါ့။ အစ်မတို့ကတော့ စိုးရိမ်တာပေါ့ ”
ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီကနေ အိမ်မဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် တစ်ကျော့ပြန် အနိုင်ရခဲ့တဲ့ ဒေါ်သန္တာကတော့ စစ်ကောင်စီလက်အောက် ဘယ်တရားရုံးကမှ ဥပဒေနဲ့အညီ လုပ်မှာမဟုတ်ဘူးလို့ RFA ကိုပြောပါတယ်။

“တရားရုံးက အမိန့်ချတယ်လို့တောင် ကျမတို့ ပြောလို့မရဘူး။ စစ်တပ်ရဲ့လက်အောက်မှာ ဥပဒေနဲ့အညီ တရားစီရင်တဲ့ တရားရုံးဆိုတာကို မရှိဘူး။ ဒါဟာ အကြမ်းဖက် ဖမ်းဆီး၊ ချုပ်နှောင်ထားတာ။ ဒီလိုမျိုးပဲ ကျမတို့ ပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်ရဲ့ လက်အောက်မှာ ဘယ်တရားရုံးကမှ ဥပဒေနဲ့အညီ အမိန့်ချတာ ဘယ်တုန်းကမှ မတွေ့ခဲ့ရဘူး။ တရားရုံးက ထောင်ချတယ်ဆိုတဲ့ စကားလုံးတောင် မသုံးချင်ဘူး။ အကြမ်းဖက် ဖမ်းဆီးထားတယ်လို့ပဲ ကျမတို့ ပြောချင်တယ် ”
ဧရာဝတီတိုင်းမှာ အခုနှစ်အတွင်းမှာပဲ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို မမိလို့ ဆွေမျိုးတွေကို ဖမ်းဆီးတာ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ရေးပစ်မှတ်အဖြစ် ဖောက်ခွဲတိုက်ခိုက်တဲ့အခါ အဲဒီအနီးနားမှာ နေထိုင်သူတွေကို စွပ်စွဲဖမ်းဆီးတာတွေပါ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုနှစ် မေလအတွင်း ပုသိမ်မြို့က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးဝန်ထမ်း အိမ်ရာအတွင်း ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်လို့ အမျိုးသမီးတစ်ဦး အပါအဝင် ဒေသခံသုံးဦးကို စစ်ကောင်စီ တရားရုံးက နိုဝင်ဘာ၂၉ ရက်မှာ ထောင်ခုနစ်နှစ် ချမှတ်လိုက်တယ်လို့ ပုသိမ်မြို့ခံတွေက ဆိုပါတယ်။
ဒါ့အပြင် ထောင်ဒဏ် ၁၀ နှစ်ကနေ ၃၄ နှစ်အထိ ချမှတ်ခံထားရတဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင် ငါးဦးထက် မနည်းရှိနေတယ်လို့လည်း ဧရာဝတီတိုင်း ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။
"စစ်တပ်ရဲ့လက်အောက်မှာ ဥပဒေနဲ့အညီ တရားစီရင်တဲ့ တရားရုံးဆိုတာကို မရှိဘူး။"
စစ်တပ်ဟာ မဲမသမာမှုကို အကြောင်းပြပြီး အာဏာသိမ်းခဲ့ပေမယ့် အခုချိန်မှာ ဆန့်ကျင် တော်လှန်သူတွေကို ချေမှုန်းနေတဲ့ အတွင်းသရုပ်ပေါ်လာတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦးလည်းဖြစ်တဲ့ ရန်ကုန် ပြည်သူ့အကျိူးဆောင်ကွန်ရက်အဖွဲ့ဝင် ဦးဇော်ရန်း က RFA ကိုပြောပါတယ်။
“အာဏာသိမ်းတာက သူတို့အကြောင်းပြတာက မဲမသမာမှုနဲ့ မဲစာရင်းကို အကြောင်းပြပြီး အာဏာသိမ်းတာပေါ့။ ဒါပေမဲ့ သူတို့က တစ်ကယ်တမ်း အာဏာသိမ်းပြီးနောက်ပိုင်းမှာ လုပ်လာတဲ့ပုံစံက မဲစာရင်းလွဲတာတို့ မဲစာရင်း မသမာတာတို့ မဲစာရင်း ကွာဟမှုတို့ဆိုတဲ့ သူတို့မူလစွပ်စွဲချက်တွေနဲ့ အကြောင်းပြချက်တွေက အဓိက မကျတော့ဘဲနဲ့ သူတို့ အာဏာသိမ်းတာကို အောင်မြင်ချင်တယ်၊ မအောင်မြင်အောင်လုပ်တဲ့ ဆန့်ကျင်သူမှန်သမျှကို ချေမှုန်းရမယ်ဆိုတဲ့ တကယ့်အတွင်းသရုပ်က ပေါ်သွားတယ်။ ပစ်သတ်တာတွေ ဖြစ်လာတယ်။ နောက်ဆုံး သေရဲတဲ့ကောင် ထွက်ခဲ့ဆိုပြီး လမ်းပေါ်တင် ပစ်သတ်လာခဲ့တယ်”
ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ခံကတော့ လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ထားပြီးဖြစ်လို့ ဆက်တော်လှန်သွားမယ်လို့ RFA ကိုပြောပါတယ်။
“ရန်သူကတော့ ရန်သူလိုပဲ လုပ်မှာပါပဲ။ ကိုယ့်ဘက်ကနေပြီးတော့ တိုက်ထုတ်ရမယ့် အနေအထားတွေပေါ့နော်။ ဒီအပေါ်မှာ ထွေထွေထူးထူးတော့ ပြောစရာမရှိပါဘူး။ ကိုယ့်ဘက်ကနေပြီးတော့ သူတို့က ဝေဖန်အပြစ် တင်နေလည်း ဒီအချိန်မှာ စကားလုံးအရ သုံးနှုန်းလို့မရတော့ဘူး။ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်တဲ့ အတွက် တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့က လက်နက်နဲ့ပဲဖြေရှင်းရမယ့် အနေအထားဖြစ်တဲ့အတွက် ထွေထွေထူးထူးတော့ ပြောစရာမရှိပါဘူး”
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရေးအသင်း (AAPP) ရဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်နေ့စာရင်းအရ စစ်တပ် အာဏာသိမ်းပြီးနောက် ၂၂ လအတွင်း နိုင်ငံတစ်ဝန်း သေဆုံးသူ ၂,၅၅၃ ဦးနဲ့ ဖမ်းဆီးခံထားရသူ ၁၃,၀၁၇ ဦးရှိပြီး အဲဒီအထဲမှာ ၁,၆၆၆ ဦးက ထောင်ချ ခံထားရပါတယ်။