စစ်တပ်ထဲမှာ ဆင့်ကဲအမိန့်ပေးကွပ်ကဲမှု ပျက်ယွင်းနေပြီလို့ MOD ဒုအတွင်းဝန် ပြော

RFA Burmese
2023.08.20
စစ်တပ်ထဲမှာ ဆင့်ကဲအမိန့်ပေးကွပ်ကဲမှု ပျက်ယွင်းနေပြီလို့ MOD ဒုအတွင်းဝန် ပြော ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့က ဧရာဝတီတိုင်းတွင် ပြုလုပ်သည့် ဆင်ဖြူရှင် ပူးတွဲစစ်ရေးလေ့ကျင့်မှု ဒုတိယနေ့ကို တက်ရောက်လာသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။
AFP

KNU ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ၆ နယ်မြေ၊ မြဝတီမြို့နယ်၊ လက်ခတ်တောင် ဘုရားကုန်းတာဝါတိုင်စစ်စခန်းကို ပြန်လည်ရယူဖို့ စစ်ကောင်စီတပ်တွေ ပြန်ပြီးထိုးစစ်ဆင်တိုက်ခိုက်နေတာ တစ်လကြာချိန်အထိ ပြန်သိမ်းလို့မရသေးပါဘူး။

ဒါဟာ စစ်တပ်အတွင်းဆင့်ကဲအမိန့်ပေးကွပ်ကဲမှုစနစ် ပျက်ယွင်းနေပြီဖြစ်တာကြောင့်လို့ NUG အမျိုသားညီညွတ်ရေးအစိုးရ MOD ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေ က ပြောပါတယ်။

“ဂျက်ဖိုက်တာနဲ့ ၁၈ ရက်နေ့က ပစ်သွားတယ်။ အခုဆို တစ်လအတွင်းမှာ အကျအဆုံးက ၃၄ ဦးကျတယ် ၇၄ ဦး ဒဏ်ရာရတယ်။ အမြောက်အမြားလည်း ထွက်ပြေးကြတယ်။ ကျွန်တော်တို့ လက်နက် အမြောက်အမြားလည်း သိမ်းဆည်းရမိတယ်။ ဘာကြောင့်ဒီလိုဖြစ်နေတာလဲ ဆိုတဲ့အခါကျတော့ ရှင်းတယ်။ သူတို့ဆီမှာ C.O.C မရှိတော့ဘူး။ ဟိုးအပေါ်ဘက်မှာလည်း Command center ပျက်နေသလို အောက်ဘက်မှာလည်း Command center ပျက်နေတယ်။ စစ်ပွဲဟေ့ ဆိုတာနဲ့ ဒီနေရာတစ်ခုတည်း မဟုတ်ဘူး လက်ခတ်တောင်မဟုတ်ဘူး။ မယ်စဲ့မှာရော အပေါ်ဘက် လိုင်ဇာမှာရော တိုက်ပွဲဆိုတာနဲ့ အကုန်ထွက်ပြေးကြတာပဲ။ ထွက်ပြေးဖို့ပဲ ကြည့်နေကြတယ်”

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်က မနက် ၃ နာရီခန့်အချိန်ကစပြီး စစ်တပ်က လက်နက်ကြီး ပစ်ကူ အကြိမ်ရေ ၃ဝဝ ခန့် ပစ်ခတ်တာနဲ့ လေတပ်က သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပေမယ့် မြေပြင်စစ်ကြောင်း တက်တဲ့ စစ်တပ်ဘက်က သေဆုံးထိခိုက်တာများပြီး တပ်လန်ဆုတ်ခွာခဲ့ရတယ်လို့ ကော်ပရာ စစ်ကြောင်းရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

လက်ခတ်တောင်ပေါ်က တာဝါတိုင်စခန်းတိုက်ပွဲဖြစ်နေတဲ့ ရက်တွေအတွင်းမှာ တပ်မ ၄၄ လက်အောက်ခံ ခမရ ၁၁၈ က ဒုတပ်ကြပ် တစ်ဦး၊ တပ်သား တစ်ဦး လက်နက်ခဲယမ်းနဲ့ KNLA ပူပေါင်းတပ်ဘက်ကို ခိုလှုံဘက်ပြောင်းလာတာအပြင် စစ်ကြောင်းကို စွန့်ခွာပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသူတွေလည်း ရှိခဲ့ပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း ဒဏ်ရာရရှိတဲ့ BGF ကရင်နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေနဲ့ စစ်တပ်က ဒဏ်ရာရသူတွေကို မြဝတီပြည်သူဆေးရုံနဲ့ သင်္ဃန်းညီနောင် စစ်ဆေးရုံမှာ ကုသနေရတာမှာ သွေးအလှူရှင်တွေ လိုအပ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

လက်ရှိ မြဝတီမြို့တွင်း စစ်တပ်ရဲ့ဌာနဆိုင်ရာအုပ်ချုပ်ရေးရုံးတွေ ရှိတဲ့ လမ်းပိုင်းတွေကို ဖြတ်သန်းသွားလာခွင့်အချိန် ကန့်သတ်ထားပြီး မြို့ပြင်လက်ခတ်တောင်နေရာဘက်ကို တိုက်ခိုက်ဖို့ တပ်စွဲထားတာကြောင့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေက ကျောက်လုံးကြီးရပ်ကွက်နဲ့ အောင်သိဒ္ဓိထိုင်တော်မူ ဘုရားကုန်းရပ်ကွက်က ဒေသခံတွေကို နေရာရွှေ့ပြောင်းခိုင်းတာတွေ ရှိနေကြောင်း စစ်ဘေးရှောင်ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“မြဝတီရဲစခန်းတစ်ဝိုက် လမ်းတွေမှာ သူတို့ နေ့လယ်ပိုင်းပေးသွားထားတာပေါ့။ ဒီဘုရင့်နောင် လမ်းမကြီးရယ် ဦးအောင်ဇေယျလမ်းရယ် ဗိုလ်ချုပ်လမ်းရယ်ဆို နေ့လယ်ပိုင်းကို ပေးသွားတယ် ညနေ ၅ နာရီ ဆိုလို့ရှိရင် သူတို့ လမ်းကို ပိတ်ချလိုက်တယ်။ ပေးမသွားတော့ဘူး ကျောက်လုံးကြီး အနောက်ဘက်က အောင်သိဒ္ဓိဘုရားမှာဆိုလို့ ရှိရင် အဲ့ဒီကြားရပ်ကွက်တွေမှာ သူတို့တွေ ကင်းပုန်း ဝပ်နေတယ်ပေါ့။ BGF တွေက အဲ့ဒီအိမ်ကြားတွေထဲမှာ လိုက်ပြီးတော့ နေနေတာတွေရှိတယ်။ အဲ့ဒီ ၁၅ ရက်နေ့ တိုက်ပွဲမစခင် ဒီ တစ်ရက် နှစ်ရက်လောက်တုန်းက အောင်သိဒ္ဓိဘက်ခြမ်းနဲ့ စစ်မှူထမ်းဟောင်း ဘက်ခြမ်းက လူတွေကို ရပ်ကွက်လူကြီးတွေက ပြောင်းခိုင်းတာပေါ့။ အဲ့ဒီမပြောင်းခိုင်းခင်မှာတော့ ဒီညဘက်ခြမ်း ၇ နာရီ ဆိုလို့ ရှိရင် စျေးဆိုင်တွေကို ပိတ်ခိုင်းတယ်၊ အခုအောင်သိဒ္ဓိဘက်က လူတွေကတော့ တစ်ခြားရပ်ကွက်ပေါ့ လွတ်တဲ့ရပ်ကွက်တွေနဲ့ တောရဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေရတယ်”

image.jpg
လက်ခတ်တောင် တာဝါတိုင်စခန်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသည့် လက်နက်ပစ္စည်းများအား ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့ကတွေ့ရစဉ်။ (Photo: Cobra Column)

ဒီလို မြဝတီလက်ခတ်တောင် တာဝါတိုင်စစ်စခန်းကို စစ်တပ်ဘက်က ပြန်လည်သိမ်းပိုက်ဖို့ ကြည်းတပ်၊ လေတပ်နဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတာနဲ့ ပတ်သက်လို့ ကရင်ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းလက်ခံမဖြေကြားပါဘူး။

စစ်တပ်ဘက်က အခုရက်ပိုင်းမှာ လေကြောင်းက ကင်းထောက်တာ၊ ဗုံးကြဲတာအပြင် မြေပြင်က မယ်ထော်သလေးကျေးရွာ၊ ကြက်ကင်ကုန်း၊ ထိုင်တော်မူဘုရားကုန်း၊ ကျောက်လုံးကြီး စစ်ကတုတ်၊ ခလရ ၂၇၅ တပ်ဝင်းနေရာတွေကနေ လက်နက်ကြီးအပြင် အတွဲလိုက်ပစ်ဒုံးနဲ့ လက်ခတ်တောင်ပေါ်ကို ပစ်ခတ်တာမှာ စေတီပုထိုး၊ ရုပ်ပွားတော်တွေအပြင် သာသနိကအဆောက်အဦအများအပြား ပျက်စီးနေတယ်လို့ KNLA ပူးပေါင်းစစ်ကြောင်းတွေက သတင်းထုတ်ပြန်ထားပါတယ်။

အခုလို တစ်နိုင်ငံလုံးက စစ်အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တော်လှန်ရေး အင်အားစုတွေနဲ့ မြေပြင်တိုက်ပွဲမှာ ဆက်တိုက်ရှုံးနိမ့်နေတဲ့ စစ်တပ်ရဲ့အခြေအနေနဲ့ ပတ်သက်ပြီး ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက ဖြည့်စွက်ပြောပါတယ်။

“သူတို့ ကျွန်တော်တို့ကို တစ်ချိန်ကပြောခဲ့တယ်။ လေထဲကတပ်၊ လေထဲက NUG ၊ လေထဲက တပ်တဲ့ အခု NUG လည်း ကျွန်တော်တို့ ကိုယ်တိုင်လည်း မြေပေါ်မှာရှိတယ် ပြည်တွင်းမှာရှိသလို ကျွန်တော်တို့ တပ်တွေ ကိုယ်တိုင်လည်း အောင်အောင်မြင်မြင်နဲ့ကို အခုကျွန်တော်တို့တွေ မြေပြင်ပေါ်မှာ တိုက်ခိုက်ပြီးတော့ စိုးမိုးနိုင်နေပြီဖြစ်တယ်။ ကျွန်တော်တို့ ပြည်သူလူထုတစ်ရပ်လုံးက အထောက်အပံ့ ကူညီမှုရတယ်။ စိတ်ဓာတ်ရေးရာအရ အင်မတန်တက်ကြွပြီး ထိပ်ဆုံးမှာ ရောက်နေတယ် ရှေ့လျှောက်လည်း ရှုံးဦးမှာပဲ။ မဝေးတော့တဲ့ ကာလမှာ ကျွန်တော်တို့တွေအားလုံးက အိမ်ပြန်နိုင်တော့မဲ့ အခြေနေတစ်ခုဆိုတာ ဒီတိုက်ပွဲတွေကနေပြီးတော့ ထင်ဟပ်နေတယ်လို့လည်း ပြောချင်ပါတယ်”

လတ်တလောမှာတော့ KNU တပ်မဟာ ၆ နယ်မြေ ထဲ က မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ကျုံဒိုး၊ တောင်ကြာအင်း ဒေသတွေအတွင်းမှာ KNLA ပူးပေါင်းတပ် စစ်ကြောင်းတွေက စစ်တပ် တပ်စွဲထားတဲ့နေရာတွေနဲ့ အခြေစိုက်တပ်ရင်းနေရာတွေကို ဒရုန်းဗုံး၊ စနိုက်ဘာ သေနတ်၊လက်နက်ကြီး တွေနဲ့ ပြောက်ကျားပစ်ခတ်တိုက်ခိုက်တာတွေ ဆက်ပြီးရှိနေတယ်လို့ ဒေသအတွင်း စစ်ရေးလှုပ်ရှားကြတဲ့ KNLA ပူးပေါင်းစစ်ကြောင်း ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
မြန်မာစစ်တပ်နဲ့ ကြံရာပါဖြစ်နေတဲ့ တရုတ် လေယာဉ်ကုမ္ပဏီ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။