အာဏာသိမ်းပြီးနောက် ရှမ်း-ကယားဒေသမှာ အရပ်သား ၄၅၂ ဦးသေဆုံး
2023.05.08

ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက ပင်လောင်း၊ ဖယ်ခုံ၊ မိုးဗြဲမြို့နယ်တွေမှာ လက်နက်ကိုင် ခုခံမှုကို စစ်ကောင်စီတပ်က အပြင်းအထန်နှိမ်နင်းနေတဲ့အတွက် ပြီးခဲ့တဲ့ ၂၆ လအတွင်း အရပ်သား ၄၅၂ ဦးသေဆုံးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့ အင်အားစု (PKPF) က ထုတ်ပြန်ပါတယ်။
၂၀၂၁ ခုနှစ်မှာ အသက်ဆုံးရှုံးရတဲ့ အရပ်သား ၁၇၂ ဦး၊ ၂၀၂၂ ခုနှစ်မှာ ၂၄၈ ဦးနဲ့ အခု ၂၀၂၃ ခုနှစ် ဧပြီလကုန်ထိ ပထမလေးလအတွင်း ၃၃ ဦးလို့ ဆိုပါတယ်။
"လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ထိမှန်သေဆုံးမှုတွေက အဓိကကျတယ်လို့ ကျွန်တော်တို့ တွေ့ရတာပေါ့"
အများစုက စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ပစ်တာတွေရော၊ လေကြောင်းကနေ တိုက်တာတွေကြောင့်ပါ သေဆုံးရတာလို့ PKPF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“၂၀၂၁နဲ့ ၂၀၂၂ မှာ စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်တာတွေ၊ လက်နက်ကြီးပစ်ခတ်လို့ ထိမှန်သေဆုံးရတာတွေက ကျွန်တော်တို့ အများဆုံးတွေ့ရတာပေါ့။ နောက်ပြီးနင်းမိုင်း ထိတာတွေ အများဆုံး တွေ့ရတာပေါ့။ ဒါပေမဲ့ ဒီ ၂၀၂၃ မှာက လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ထိမှန်သေဆုံးမှုတွေက အဓိကကျတယ်လို့ ကျွန်တော်တို့ တွေ့ရတာပေါ့။ စစ်ကောင်စီဘက်က စစ်ရေးစစ်ရာနဲ့မဆိုင်တဲ့ တချို့အရပ်သားပြည်သူလူထုနေထိုင်တဲ့ နေရာမှာကို လက်နက်ကြီးရော၊ လေယာဉ်နဲ့ပါ ပစ်ခတ်တိုက်ခိုက်တာကတော့ စစ်ရာဇဝတ်မှုကျူးလွန်နေတာလို့ ကျွန်တော်တို့ ယူဆတာပေါ့”
စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော် (KA) နဲ့ ကရင်နီ အမျိုးသားများကာကွယ်ရေး တပ်ဖွဲ့ (KNDF) ပူးပေါင်းအဖွဲ့တွေက ခုခံတိုက်ခိုက်နေသလို၊ အဲဒီအဖွဲ့တွေကို စစ်တပ်က နှိမ်နင်းနေတဲ့အတွက် နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ တိုးလာနေပါတယ်။
PKPF ရဲ့ စာရင်းအရ တိုက်ပွဲကြောင့် ၂၀၂၁ ခုနှစ်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄၁ ဦးသေဆုံးခဲ့ပြီး ၂၀၂၂ မှာ သေဆုံးသူ ၁၇၀ အထိ သေဆုံးခဲ့ပါတယ်။ အခုနှစ် ၂၀၂၃ ဧပြီလအထိ ပထမလေးလအတွင်းမှာ ၄၈ ဦး သေဆုံးခဲ့ပါတယ်။ ဒါကြောင့် နှစ်နှစ်ကျော် အတွင်း သေဆုံးရတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် စုစုပေါင်း ၂၅၉ ယောက်ရှိပါတယ်။
စစ်ကောင်စီတပ်က ကယားပြည်နယ်ကို သာလွန်အင်အားနဲ့ ထိုးစစ်ဆင်လာတဲ့အပြင် လေကြောင်းတိုက်ခိုက်မှုကို အားပြုလာတာကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ထိခိုက်သေဆုံးမှုများလာတာလို့ KNDF ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
"ဒီ ၂၀၂၃ အခြေအနေက ရှေ့မှာတိုက်ခဲ့တဲ့ တိုက်ပွဲတွေနဲ့ နည်းနည်းတော့ ကွာခြား သွားတာပေါ့နော်။ အဓိက စစ်ကောင်စီက လေကြောင်းအသုံးပြုတိုက်ခိုက်တာကို ဦးစားပေးလုပ်လာတာပေါ့နော်။ ကျွန်တော်တို့ ထိတွေ့တိုက်ပွဲဖြစ်လိုက်ပြီဆိုရင် လေယာဉ်လာဖို့က သေချာနေပြီ အဲလိုဖြစ်နေတာ။ ရှေ့နှစ်တွေက တိုက်ပွဲမှာ လေယာဉ်သုံးပေမယ့် အဲလောက်ကြီးတော့ မဟုတ်ဘူးပေါ့လေ။ မြေပြင်မှာ ထိတွေ့မှုကပိုများတယ်။ စစ်ကြောင်းထိုးတာကလည်း ၂၀၂၃ ခုနှစ်ပေါ့နော်။ မတ်လကစပြီး စစ်ဆင်ရေးကြီးကြီးမားမားလုပ်တယ်လို့ ပြောလို့ရတယ်ပေါ့နော်"
PKPF ရဲ့ စာရင်းအရ ၂၀၂၁ ခုနှစ်မှာ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်သာရှိခဲ့တာပါ။ ၂၀၂၂ ခုနှစ် မှာတော့ လေကြောင်းတိုက်ခိုက်မှု ၁၈၂ အကြိမ်ထိမြင့်တက်ခဲ့ပြီး အခုနှစ် ၂၀၂၃ ဧပြီအထိ လေးလအတွင်းမှာ လေကြောင်းတိုက်ခိုက်မှု ၁၇၉ ကြိမ်အထိရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၆ လအတွင်း အဲဒီ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ တိုက်ပွဲ ၆၆၃ ကြိမ်ဖြစ်ခဲ့ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က နှစ်ထောင်နီးပါး သေဆုံးခဲ့တယ်လို့ PKPF က ထုတ်ပြန်ပါတယ်။ ၂၀၂၁ ခုနှစ်ထဲမှာ စစ်ကောင်စီတပ်သား ၄၄၈ ဦး၊ ၂၀၂၂ ခုနှစ်မှာ ၁၁၁၅ ဦးနဲ့ ၂၀၂၃ ဧပြီလကုန်အထိ ၄၃၂ ဦးသေဆုံးခဲ့တာလို့ ဆိုပါတယ်။
ဒီစာရင်းနဲ့ပတ်သက်လို့ RFA က သီးခြားစုံစမ်းအတည်မပြုနိုင်သေးပါဘူး။ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်ပြောခွင့်ရသူတွေကို RFA က တယ်လီဖုန်းနဲ့အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ PKPF ရဲ့ ထုတ်ပြန်ချက်က ဝါဒဖြန့်ချိမှုသက်သက်ပဲဖြစ်တယ်လို့ ပြောပါတယ်။
“ပွင့်ပွင့်လင်းလင်း ပြောရရင် တစ်ဖက်အဖွဲ့အစည်းက ဘယ်လောက်မှန်မှန်ကန်ကန် ဒေတာပေးလဲဆိုတာ ရှိသေးတာကိုး။ အဲအပေါ်မှာ မှန်မှန်ကန်ကန်ယူပြီး ယုံသလား။ ဘာကြောင့်လဲဆိုတော့ ဒါတွေက စစ်ပွဲတစ်ပွဲရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဟိုဟာတွေရှိတယ်။ ဘယ်လိုခေါ်မလဲ ပြောရရင် ဝါဒဖြန့်ချိရေးအရ တစ်ယောက်ကျရင် သုံးယောက်ကျတယ်။ ဘာကြောင့်လဲဆိုတော့ ရန်သူ့ဘက်က များများသတ်နိုင်တယ်ဆိုရင် ဂုဏ်ယူလေ့ရှိတဲ့ ပြဿနာရှိတာကိုး။ အဲဒါကို တစ်ဖက်အဖွဲ့အစည်းက အများဆုံးကျင့်သုံးနေတဲ့ နည်းလမ်းဖြစ်တဲ့အတွက် ကျွန်တော်တို့က တော်တော်လေး သတိထားဖို့လိုတယ်”
PKPF ကတော့ မြေပြင်အချက်အလက်တွေကို စနစ်တကျကောက်ယူထားတယ်လို့ ပြောပါတယ်။
ဒီအပြင် စစ်ကောင်စီရဲ့လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ခရစ်ယာန်နဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ ဘာသာရေးအဆောက်အုံ ၃၄ လုံးပျက်စီးခဲ့ပြီး ဆေးပေးခန်း အပါအဝင် အရပ်သားတွေရဲ့ နေအိမ် ၁၄၉၇ လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်ပွဲအတွင်းလိုက်နာရမယ့် စည်းမျဉ်းတွေကို ချိုးဖောက်နေတယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး ကိုဗညားက ဝေဖန်ပါတယ်။
“စစ်ပွဲအတွင်း အပြန်အလှန်ပစ်ခတ်နေတဲ့ ကာလမှာတောင်မှ တချို့အဆောက်အအုံ တွေကို ပစ်လို့မရဘူး။ ဒါတိုက်ပွဲအတွင်းမှာတောင် အပြန်အလှန် ပစ်ခတ်နေတာ တောင်မှ ရှောင်ရှားရမယ်၊ ပျက်စီးမှုအနည်းဆုံးဖြစ်အောင် တိုက်ခိုက်လို့ရတယ် ဆိုတာတော့ရှိတယ်။ အဆောက်အအုံတွေ ပြည်သူလူထုတွေ မထိခိုက်အောင် တိုက်ခိုက်ရမယ်ဆိုတဲ့ ကျင့်ဝတ်တွေရှိပါတယ်။ အဲတော့ ဘယ်လိုပဲပြောပြော ဒီကျင့်ဝတ်အားလုံးကို စစ်ကောင်စီဘက်က ချိုးဖောက်နေတယ်ဆိုတာကိုတော့ ကျွန်တော်တို့အနေနဲ့ ပြောလို့ရပါတယ်”
အာဏာသိမ်းပြီးနောက် ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ လူဦးရေ ၂၀၀၀၀၀ ဝန်းကျင် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး အများစုက ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်အတွင်းက တောတောင်တွေထဲမှာ ဖြစ်သလိုနေထိုင်ကြရသလို လူသားချင်း စာနာမှုအကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။