နိုင်ငံတစ်ဝန်း မီးဘေးသင့် ပြည်သူတွေ ပြန်လည်ထူထောင်ရေးဝေးနေဆဲ
2023.09.21
စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်ခွဲအတွင်းမှာ မီးရှို့ဖျက်ဆီးခံရတဲ့ အရပ်သားပြည်သူတွေရဲ့အိမ် ခုနစ်သောင်းခွဲလောက်ရှိပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHA အပါအဝင် နိုင်ငံတကာအဖွဲ့တွေနဲ့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တွေက အခု စက်တင်ဘာလထဲမှာ ထုတ်ပြန်ကြပါတယ်။
သူတို့အတွက် ထိရောက်တဲ့အကူအညီ မရသေးသလို ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို ဒီနေ့ အထိ မလုပ်နိုင်ကြသေးပါဘူး။
"နွေရာသီနေပူရင်နေလို့မဖြစ်ဘူး နို့ဆီခွက်ထဲမှာ ဆင်းနေရသလိုပါပဲ တအားပူတယ်ဗျာ"
မီးရှို့ခံရတဲ့အထဲမှာ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပါတယ်။ ခင်ဦးမြို့နယ် တစ်မြို့နယ်တည်းမှာတင် ရွာပေါင်း ၇၉ ရွာက နေအိမ်ပေါင်း ၆၀၅၀ လောက် မီးရှို့ဖျက်ဆီးခံရတယ်လို့ မီးဘေးသင့်ပြည်သူတွေနဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့က စက်တင်ဘာလ ပထမအပတ်ထဲမှာ ထုတ်ပြန်ထားပါတယ်။
ခင်ဦးမြို့နယ် သရက်တောရွာက ဒေသခံတစ်ဦးကတော့ ပြာပုံထဲမှာကျန်ခဲ့တဲ့ သွပ်ပြားတွေကို ပြန်ကောက်ပြီး နေဖြစ်ရုံဆောက်ထားရတယ်လို့ RFA ကို ပြောပါတယ်။
“အခုဆောက်ထားတာတော့ လောင်ပြီး ပြန်ရတဲ့သွပ်တွေပေါ့နော် သွပ်မိုးသွပ်ကာနဲ့ပဲ နေရတယ်ဗျ။ နွေရာသီနေပူရင်နေလို့မဖြစ်ဘူး နို့ဆီခွက်ထဲမှာ ဆင်းနေရသလိုပါပဲ တအားပူတယ်ဗျာ။ မိုးရာသီ ရောက်ပြန်တော့လည်း သွပ်တွေက မကောင်းတော့ဘူး ရေစိမ့်လိုက်၊ ရေယိုလိုက်နဲ့ဆိုတော့ အမျိုးမျိုးပဲ။ ကျွန်တော်ဆိုရင် ညဆိုရင် ဒီနားအိပ်တယ်။ မိုးယိုလာရင် ဟိုဘက်ကိုရွှေ့အိပ်တယ် အဲဒီလိုအိပ်နေရတာဗျ”
စစ်ကိုင်းတိုင်းမှာ အိမ်ပေါင်း (ငါးသောင်းခုနစ်ထောင်ကျော်) ၅၇၅၀၃ လုံး၊ မကွေးတိုင်းမှာ အိမ်ပေါင်း (တစ်သောင်းတစ်ထောင်ကျော်) ၁၁၀၂၆ လုံး မီးရှို့ဖျက်ဆီးခံရတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Data For Myanmar ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးရွာက မီးဘေးသင့်ပြည်သူတွေဟာ ဒီနေ့အထိ တောတောင်တွေထဲမှာ တဲထိုးနေရတယ်လို့ ရွာခံတစ်ယောက်က ပြောပါတယ်။
“အခုပြန်လည်ထူထောင်ဖို့ကတော့ မလွယ်သေးဘူးဗျ။ ဘာလို့လည်းဆိုရင် နောက်ထပ် သူတို့ စစ်ကြောင်းတွေလာမှာ၊ မလာဘူးဆိုတာ အခုစစ်ကြောင်းတွေထိုးခဲ့ရင် မီးရှို့မှာဖြစ်တဲ့အတွက် တောတောင်တွေမှာ နေကြရတယ်”
မီးရှို့ဖျက်ဆီးခံရလို့ တစ်မြို့လုံးပျက်စီးသွားတဲ့ ချင်းပြည်နယ် ထန်တလန်မြို့က ဒေသခံတွေကတော့ ပြန်လည်ထူထောင်ရေးဆိုတာထက် နှစ်နှစ်ပြည့်တဲ့အထိ မြို့ကိုပြန်မကပ်နိုင်သေးဘူးလို့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ ခိုလှုံနေရတဲ့ ထန်တလန်မြို့ခံတစ်ယောက်က ပြောပါတယ်။
“ထန်တလန်မြို့ မီးပြာကျသွားတဲ့အချိန်ကတော့ နှစ်နှစ်ရှိလာပါပြီ။ အဓိကတော့ မြို့တစ်ခုလုံးက နေစရာမရှိအောင် မီးပြာကျသွားတာဆိုတော့ ဘယ်လိုပြောမလဲ အဲဒီမြို့ကြီးက တော်တော်ကြီးကို ပျက်စီးနေတယ်။ အခုလက်ရှိမြို့ထဲမှာ သွားဝင်တယ် ဆိုရင်လည်း ကြည့်လိုက်ရင် အဲဒီမြို့ပြန်လည်ထူ ထောင်ဖို့ဆိုတာတော့ ခက်နေတယ်လို့ပဲ မြင်ရတယ်ပေါ့နော်”
ထန်တလန်မြို့မှာ မီးရှို့ခံရတဲ့ အိမ်ပေါင်း ၁၄၀၀ လောက်ရှိပြီး မြို့ခံတစ်သောင်းကျော်ဟာ အိန္ဒိယနိုင်ငံအပါအဝင် ထန်တလန်မြို့နယ်ထဲက ဒုက္ခသည်စခန်းတွေနဲ့ တခြားပြည်နယ်နဲ့ တိုင်းတွေက မြို့ရွာအသီးသီးကို ထွက်ပြေးခိုလှုံနေရတယ်လို့ သူက ပြောပါတယ်။
အခုလို ဆုံးရှုံးနစ်နာသူတွေအတွက် စစ်ကောင်စီရဲ့ အကူအညီကိုလည်း မရကြဘူးလို့ အိမ်မီးရှို့ဖျက်ဆီးခံရတဲ့ သူတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ် ပြောခွင့်ရသူတွေကို RFA က အကြိမ်ကြိမ်ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပြည်သူတွေရဲ့အိမ်ကို သူတို့တပ်သားတွေ ဘယ်တော့မှ မီးမရှို့ဘူးလို့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ RFA ကို ငြင်းဆိုထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကတော့ မီးဘေးသင့် ပြည်သူတွေအတွက် အတတ်နိုင်ဆုံး ကူညီပေးနေပေမယ့် အခက်အခဲရှိတယ်လို့ RFA ကို ပြောပါတယ်။
“အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့ ဒီဒဏ်ခံနေရတဲ့ ပြည်သူတွေကို ကနဦးကတော့ စားနပ်ရိက္ခာ ထောက်ပံ့တယ်။ အရေးပေါ် အမိုးအကာတွေကို ဖြန့်ဖြူးပေးတယ်။ လုံခြုံရေးအခြေအနေ အဆင်ပြေတဲ့နေရာတွေမှာတော့ ယာယီတဲအိမ်တွေကို စနစ်တကျ ပြန်ဆောက်ပေး တာတွေရှိပါတယ်။ ဒါတင်မကဘူး စိတ်ခွန်အားပေး အစီအစဉ်တွေကိုလည်း စနစ်တကျ အကောင်အထည်ဖော်ပေးနေပါတယ်။ ပြည်သူက ပြည်သူကို အလှူငွေနဲ့ပဲ အသုံးပြုပြီး ထောက်ပံ့ရတာဖြစ်လို့ ပြန်လည်ထူထောင်ရေးကို တကယ်ကို စနစ်တကျ ထိထိ ရောက်ရောက်နဲ့ ရေရှည်ပြုလုပ်နိုင်ဖို့အတွက်ကတော့ အခက်အခဲတော့ရှိတယ်”
ပြည်သူတွေကို စစ်အာဏာရှင်ရဲ့ ခြိမ်းခြောက်မှုတွေ၊ နိုင်ထက်စီးနင်းမှုတွေ ကင်းလွတ်တဲ့ အချိန်ကိုရောက်ရင်တော့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို စနစ်တကျနဲ့ အကောင်းဆုံးဆောင်ရွက်မယ်လို့ ဝန်ကြီးက ပြောပါတယ်။
လက်ရှိမှာတော့ စစ်မက်ဖြစ်ပွားနေတဲ့ကာလဖြစ်လို့ ပျက်စီးဆုံးရှုံးသွားတွေကို ရာနှုန်းပြည့် ပြန်လည်ထူထောင်ဖို့ မဖြစ်နိုင်သေးဘူးလို့လည်း စစ်ကိုင်းတိုင်း မီးဘေးသင့်ပြည်သူတွေနဲ့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ၅ / Fundraising Team ရဲ့ တာဝန်ရှိသူ မချောစုစံက ပြောပါတယ်။
“အခုဟာက တော်လှန်ရေးကာလလည်းဖြစ်တယ်။ စစ်ပွဲကာလလည်းဆိုတော့ စစ်ပွဲရဲ့ နောက်ဆက်တွဲဒဏ်တွေက တောက်လျှောက်ခံနေရဦးမှာပဲဆိုတော့ ဒါတွေအားလုံး ပြန်ကောင်းအောင် တည်ဆောက်ဖို့က လောလောဆယ်မှာတော့ မလွယ်သေးဘူးလို့ မြင်တယ်။ လတ်တလောပြည်သူတွေ ရပ်တည်နေထိုင်နိုင်ဖို့အတွက်ကိုပဲ ကြိုးစားရလိမ့်မယ်လို့မြင်တယ်”
လတ်တလောမှာ နိုင်ငံတကာရဲ့ လူသားချင်းစာနာမှု အထောက်အပံ့တွေရမယ်ဆိုရင်တော့ မီးဘေးသင့် ပြည်သူတွေအတွက် ပိုအဆင်ပြေနိုင်မယ်လို့ သူက ဆိုပါတယ်။
ကုလသမဂ္ဂ UNOCHA ကလည်း “ယခုအခါ လူဦးရေ ၁ ဒဿမ ၉ သန်းကျော်သည် မရေရာသော အခြေအနေများဖြင့် နေရပ်စွန့်ခွာတိမ်းရှောင်နေကြရပြီး လူမှုဘဝ ကယ်ဆယ်ရေးအကူအညီများ လိုအပ်လျှက်ရှိပါသည်” လို့ စက်တင်ဘာ ၈ ရက်နေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အရှေ့တောင်အာရှအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Fortify Rights က လူ့အခွင့်အရေးကျွမ်းကျင်သူ ဦးဇော်ဝင်းကတော့ စစ်ဖြစ်နေတဲ့ကာလကိုကျော်လွန်ရင် အိမ်မီးရှို့ခံရတဲ့သူတွေအတွက် နိုင်ငံတော်ဘဏ္ဍာကနေ စိုက်ထုတ်ပြီး ပြန်လည်ထူထောင်ရေး လုပ်ပေးရမယ်လို့ ပြောပါတယ်။
“ဒါက နိုင်ငံတော်ဘဏ္ဍာကနေတဆင့် သူတို့ကို ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ၊ ဆောက်လုပ်ရေးတွေ လုပ်ပေးမှသာလျှင် ဒါအဆင်ပြေမှာပေါ့။ ဘာလို့ဆိုတော့ ဒီလူတွေက ပြန်လည်ထူထောင်ရေးလုပ်ဖို့ ဘာမှမကျန်တော့ဘူး။ အကုန်လုံး ဆုံးရှုံးသွားပြီ”
အဲဒီအပြင် အိမ်တွေထပ်ပြီး မီးရှို့တာဆက်မဖြစ်ဖို့အတွက် စစ်ကောင်စီကို နိုင်ငံတကာက ပြင်းပြင်းထန်ထန် ဖိအားပေးဖို့လိုအပ်နေပြီလို့လည်း သူက ပြောပါတယ်။
ကြားကာလအလွန်မှာ ပေါ်ပေါက်လာမယ့် လွှတ်တော်တွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွေမှာလည်း အိုးအိမ်ပိုင်ဆိုင်မှုတွေ ဆုံးရှုံးသွားရတဲ့သူတွေ ပြန်လည်ထူထောင်ရေးအတွက် တိကျခိုင်မာတဲ့ ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေ ထည့်သွင်းရေးဆွဲထားဖို့ လိုအပ်တယ်လို့ ဥပဒေရေးရာကျွမ်းကျင်သူတွေက ပြောပါတယ်။