လုပ်ဖော်ကိုင်ဖက်တွေပြောပြတဲ့ ဒေါက်တာထွန်းလွင်


2019.11.05
utunlwin1-622.jpg မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်။
Photo; U Tun Lwin/ Facebook

မိုးရွာမလား၊ နေပူမလား၊ အပူချိန်လွန်ကဲတဲ့ အယ်လ်နီညိုဖြစ်မလား၊ လာနီညာဖြစ်မလား ၊ ခရမ်းလွန်ရောင်ခြည် အညွန်းကိန်းတွေ ဘယ်လိုတွေ ရှိနေမလဲဆိုတာကို အချိန်နဲ့တပြေးညီသိနိုင်ဖို့ အခွင့်ရေးနည်းသွားပါပြီ။ တောင်သူ တွေ၊ ရေလုပ်သားတွေ စတဲ့ သဘာဝကိုမှီခိုနေရတဲ့သူတွေအပါအဝင် ပြည်သူတွေအတွက် မိုးလေဝသသတင်းတွေကို ကြေညာပေးနေတဲ့ အသက် ၇၂ အရွယ် မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ဟာ နိုဝင်ဘာ ၄ ရက် တနင်္လာနေ့ က ကွယ်လွန်သွားခဲ့ပါပြီ။

သူကွယ်လွန်တဲ့အကြောင်း အင်တာနက်ဖေ့ဘုတ်မှာ ဒေါက်တာထွန်းလွင်ရဲ့ မိသားစုတွေက အသိပေးကြေညာ ပြီးတဲ့အခါမှာတော့ ဝမ်းနည်းကြေကွဲကြတဲ့အကြောင်း ရေးသားချက်တွေဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့နေခဲ့ပါတယ်။

သူဟာ မိုးလေဝသဌာနမှာ အသက် ၁၇ နှစ်လောက်ကတည်းက လုပ်ကိုင်ခဲ့တာဖြစ်ပြီး နှစ်ပေါင်းလေးဆယ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒေါက်တာထွန်းလွင်ဟာ အလုပ်အပေါ်မှာ အင်မတန်ချစ်မြတ်နိုးသူဆိုတာကို သူအငြိမ်းစားယူပြီးတာတောင် မိုးလေဝသသတင်းတွေကို အဆက်မပြတ် တင်ပြပေးနေတာတွေက သက်သေပါပဲ။

 

အလုပ်အပေါ်မှာလည်း အင်မတန်တန်ဖိုးထားပြီး ဂရုစိုက်တတ်တဲ့သူမျိုးလို့လည်း သူနဲ့အတူ တွဲဖက်လုပ်ကိုင်ဖူး သူတွေက ပြောပါတယ်။

“ဆရာ့ရဲ့ အလုပ်ပေါ်ထားတဲ့ စေတနာကတော့ ပြောမပြတတ်အောင်ပါပဲ။ သူက အလုပ်ကို တစိုက်မတ်မတ်လုပ်တာ။ ဘယ်သူပဲပြောပြော သူ့အလုပ်ကိုသူ ယုံကြည်ချက်ရှိရှိလုပ်တယ်။ အတွေ့အကြုံများပြီး သတင်းတွေကို ထုတ်တဲ့နေရာမှာလည်း သေချာဆန်းစစ်ပြီးမှလုပ်တယ်။ သူက လူတော်တစ်ယောက်ပါ။ သူများအပေါ် စိတ်ကောင်းထားတယ်။ မဟုတ်မခံစိတ်ရှိတယ်။ သူ့ပညာကိုတန်ဖိုးထားတယ်။ လေးစားတယ်။ သူ့ပညာကို သူများတွေကို ဖြန့်ဝေချင်တယ်။ အဲဒါ သူ့စိတ်ဓာတ်ပဲ။"

ဒါကတော့ ‌ဒေါက်တာထွန်းလွင်နဲ့ နှစ်ပေါင်း ၃၀ ကြာ အတူတွဲလုပ်ကိုင်ခဲ့တဲ့ မိုးလေဝသဌာန အငြိမ်းစား ဦးဘသက်ဦး က ပြောသွားတာပါ။

ဒေါက်တာထွန်းလွင်ဟာ အမေရိကန် ဖလော်ရီဒါတက္ကသိုလ်ကနေ မိုးလေဝသ မဟာသိပ္ပံဘွဲ့ကို ရရှိထားပြီး မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှာ ညွှန်ကြားရေးမှူးချုပ်ရာထူးအထိ ရရှိခဲ့ပေမယ့် လုပ်ငန်းခွင်မှာရော၊ ပေါင်းသင်းဆက်ဆံရေးတွေမှာရော မာနကင်းခဲ့သူတစ်ယောက်ပါ။

အဲဒီလို မာန်၊ မာန ကင်းပြီး ပျော်ပျော်ရွှင်ရွှင် ပွင့်ပွင့်လင်းလင်း နေထိုင်တတ်သူမို့ လူချစ်လူခင်ပေါများသူ တစ်ယောက်လည်း ဖြစ်ပါတယ်။

သူတတ်မြောက်ပြီး သိထားတဲ့ပညာရပ်အပေါ်မှာ အလွန်တန်ဖိုးထားသူတစ်ယောက်ပါ။ အရင် ဦးသိန်းစိန် သမ္မတလက်ထက်တုန်းက မြန်မာနိုင်ငံနဲ့ ပြည်သူလူထုတွေကို ထိခိုက်စေမယ့် မြစ်ဆုံစီမံကိန်းလို စီမံကိန်းကြီးတွေ အပါအဝင် ကျောက်မီးသွေးသုံး စက်ရုံတွေကိုလည်း တစိုက်မတ်မတ် ကန့်ကွက်ခဲ့သူတစ်ယောက်ပါ။

အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လက်ထက်မှာလည်းဘဲ မြစ်ဆုံကို ဆက်ပြီး ကန့်ကွက်ခဲ့သလို ကျောက်မီးသွေးကို သန့်စင်ပါတယ်ဆိုပြီး ပြောင်းလဲပြောဆိုတဲ့သူတွေအထဲမှာ မပါဝင်ခဲ့ဘဲ သူ့ပညာနဲ့ ပြည်သူတွေအတွက်သာ ရပ်တည်ပေးခဲ့တာဖြစ်ပါတယ်။

ဒါကတော့ မြန်မာအစိမ်းရောင်ကွန်ရက်က ဒေါ်ဒေဝီသန့်စင် က အခုလိုပြောပါတယ်။

“သူဟာတကယ့်ကို သစ္စာရှိတဲ့ ပညာရှင်စစ်စစ်ပါ။ တက်လာတဲ့ အစိုးရအကြိုက် ဘယ်တော့မှမပြောဘူး။ ပြောသင့်ပြောထိုက် လုပ်သင့်လုပ်ထိုက်တာကိုနောက်ဆုံး ထွက်သက်အထိ လုပ်ဆောင်သွားတဲ့ ပညာရှင်ပါ။"

စိုက်ပျိုးရေးလုပ်ကိုင်နေတဲ့ တောင်သူလယ်သမားတွေ၊ ရေလမ်းခရီးမှာ သွားလာနေရတဲ့ ရေလုပ်သားကြီးတွေ အတွက်က ဒေါက်တာထွန်းလွင်ရဲ့ မိုးလေဝသသတင်းတွေဟာ အရမ်းတန်ဖိုးရှိနေခဲ့တာပါ။

အခုတော့ ဒါတွေ ဆုံးရှုံးခဲ့ရပါပြီ။

သင်္ဘောသားဟောင်းတစ်ယောက်ဖြစ်သူ ဦးအောင်ရွှေဦး က အခုလိုပြောပါတယ်။

“ပြည်သူပြည်သားတွေအတွက်ပေါ့လေ။ တောင်သူလယ်သမားတို့၊ မြစ်ချောင်းအင်းမှာလုပ်နေရသူတွေက မိုးလေဝသသတင်းပဲ ကြည့်နေရတာ။ ဆရာမရှိတော့ ဘယ်သူတွေ ဘယ်လိုထုတ်ပြန်ပေးကြမလဲမသိဘူး။ သူဆုံးရှုံးသွားတာက အရမ်းနစ်နာဖို့ကောင်းတယ်လေ။ အဲလိုမျိုးလူကတော့ နောက်ထပ်ရဖို့မလွယ်ဘူးထင်တယ်။"


တိုင်းနဲ့ပြည်နယ်အနှံ့မှာ မိုးတွင်းကာလမှာ ရေကြီးနစ်မြုပ်တာတွေရှိခဲ့ပြီး နွေရာသီကာလမှာတော့ ရေရှားပါးတာတွေ၊ အပူချိန်မြင့်တာတွေ၊ ခရမ်းလွန်ရောက်ခြည် အညွှန်းကိန်းတွေ မြင့်တက်တာတွေဟာ လက်ရှိရင်ဆိုင်နေရတာတွေဖြစ် ပါတယ်။

အဲဒီလို သဘာဝဘေးတွေအတွက် ကြိုတင်ပြင်ဆင်ဖို့ စေတနာ၊ ပညာ၊ ဝါသနာတွေနဲ့ မိုးလေဝသတင်းတွေ ဖြန့်ချိပေးနေတဲ့ ဒေါက်တာထွန်းလွင် ကွယ်လွန်တဲ့အခါမှာတော့ ပြည်သူတွေအတွက် အားကိုးစရာ လျော့နည်းသွားခဲ့ပါပြီ။

သတ္တုတွင်းပညာရှင် ဦးစိန်မြင့် က အခုလိုပြောပါတယ်။

“သဘာဝဘေးအန္တရာယ်တွေ ပတ်လည်ဝိုင်းနေတဲ့အချိန်မှာ ဒေါက်တာထွန်းလွင်က မားမားမတ်မတ် ရပ်တည်ပေးနေတဲ့အချိန်မှာ အခုလို ရုတ်တရတ် နုတ်ဆက်သွားတဲ့အတွက် သဘာဝပတ်ဝန်းကျင် အင်အားစုတစ်ရပ်မှာ အင်မတန်ဆုံးရှုံးမှုတစ်ရပ်ပါ။"

ဒေါက်တာထွန်းလွင်ဟာ ကျန်းမာရေး မကောင်းတာ နှစ်အတော်ကြာပြီဖြစ်ပါတယ်။ ကျောက်ကပ်၊ နှလုံး၊ ဆီးချို အပါအဝင် ရောဂါဝေဒနာတွေ ခံစားနေရပေမဲ့ အောက်ဆီဂျင်ပိုက်၊ ဆေးသွင်းပိုက်တန်းလန်းနဲ့ မိုးလေဝသ သတင်းတွေကို လူမှုကွန်ရက်တွေ၊ ရေဒီယိုတွေ၊ ရုပ်မြင်သံကြားအစီအစဉ်တွေကနေ ဖြန့်ချိပေးနေခဲ့တာပါ။

ဒေါက်တာထွန်းလွင် ရောဂါ အပြင်းထန် ခံစားနေရတဲ့ အချိန်မှာတောင် မိုးလေဝသတင်းတွေကို ယောင်ယမ်းပြီး ကြေညာနေတာကို ဗွီဒီယိုဖိုင်မှာ တွေ့မြင်ခဲ့ရတာပါ။

သူရဲ့ ပြည်သူတွေအပေါ်ထားတဲ့ စိတ်စေတနာကို မြင်တွေ့ရသလိုပဲ ပြည်သူတွေက ပို့ပေးတဲ့ မေတ္တာစာတွေ အပေါ်မှာလည်း ဒေါက်တာထွန်းလွင်က RFA နဲ့တွေ့ဆုံတဲ့ကာလမှာ အခုလို ပြောခဲ့ဖူးပါတယ်။

"အမြဲတမ်း ဆရာ့ရဲ့ဆောင်ပုဒ်အတိုင်းပါပဲ။ မေတ္တာပေးလို့ မေတ္တာရတယ်ပေါ့နော်။ လူတွေအားလုံးရဲ့ မေတ္တာလည်း အများကြီးရတဲ့အတွက် ဘာပဲပြောပြော ဒီကနေ့အချိန်အခါမှာ အလွန်အားရကျေနပ်ပါတယ်။"

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။