စစ်စည်းကမ်းချိုးဖောက်သူတွေကို တရားစီရင်ဖို့ ပြင်ပအကူအညီ မလိုကြောင်း AA တုံ့ပြန်
2025.01.25
ရခိုင်ပြည်နယ်အတွင်း ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ဒါမှမဟုတ် အရပ်သားတွေကို အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေက ညှဉ်းပန်းနှိပ်စက်ပြီးသတ်ဖြတ်မှုကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က စုံစမ်းစစ်ဆေးပေးဖို့ အရှေ့တောင်အာရှအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Fortify Rights အဖွဲ့က ဇန်နဝါရီလ ၂၃ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
ဒီအမှုကို တရားစီရင်ဖို့ ပြင်ပက အကူအညီမလိုအပ်ဘူးလို့ အာရက္ခ တပ်တော် (AA) ရဲ့ ပြောခွင့်ရသူ ဦးခိုင်သုခ က RFA ကို ပြောပါတယ်။
"ကျွန်တော်တို့ ULA/AA က ချမှတ်ထားတဲ့ စစ်သုံ့ပန်းဆိုင်ရာ စည်းမျည်းစည်းကမ်းတွေကိုလည်း အတိအကျ လိုက်နာကျင့်သုံးတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ဒါကြောင့်လည်းပဲ ထောင်ချီတဲ့စစ်သုံ့ပန်းတွေကို ဆေးဝါးကုသ ပေးပြီးတော့ ကျွန်တော်တို့ ကောင်းကောင်းမွန်မွန် ကျွေးမွေးစောင့်ရှောက်ထားတာ ဖြစ်ပါတယ်။ တရားစီရင်ရေးစနစ်နဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့မှာ တရားဥပဒေတွေလည်းရှိတယ်၊ တရားရုံးတွေလည်းရှိတယ်၊ တရားစီရင်တဲ့လုပ်ထုံးလုပ်နည်းတွေလည်း ရှိပါတယ်၊ ဒါကြောင့် အာရက္ခပြည်အတွင်းမှာ တရားဥပဒေချိုးဖောက်ပြီးတော့ ကျူးလွန်တဲ့ပြစ်မှုဟူသမျှကို ကျွန်တော်တို့ နိုင်နိုင်နင်းနင်း တရားစီရင်နိုင်တယ်၊ တရားမျှတမှုရအောင်လည်း လုပ်ဆောင်ပေးနေပါတယ်။ ပြင်ပအကူအညီမလိုအပ်ပါဘူး"
AA တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံ့ပန်းတွေကို ညှဉ်းပန်းနှိပ်စက်ပြီး ကွပ်မျက်နေတာဖြစ်နိုင်တဲ့ ဗီဒီယိုမှတ်တမ်းနှစ်ခုကို ရရှိခဲ့ပြီး ဒါဟာ ဘယ်နေရာမှာ ဖြစ်ခဲ့လဲ ဆိုတာတော့ အတည်မပြုနိုင်ဘူးလို့ Fortify Rights က ဆိုပါတယ်။
ဒီဗီဒီယိုမှတ်တမ်းဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့လောက်မှာ ကျောက်တော်မြို့နယ်က စကခ - ၉ ဌာနချုပ်ကို ထိုးစစ်ဆင်တိုက်ခိုက်တဲ့ ကာလအတွင်း ဖြစ်ခဲ့တာလို့လည်း ဦးခိုင်သုခ က ပြောပါတယ်။
"ကျွန်တော်တို့ရဲ့ ရဲဘော်မိသားစုဆွေမျိုးတွေကို မြန်မာစစ်တပ်ဘက်က ဖမ်းဆီးပြီးတော့မှ နည်းမျိုးစုံနဲ့ ရက်ရက်စက်စက် နှိပ်စက်ညှင်းပန်းသတ်ဖြတ်ခဲ့တာတွေရှိတယ်။ အမျိုးသမီးငယ်တွေကို သူတို့ဒီ မြန်မာ စစ်တပ်က ဖမ်းဆီးပြီးတော့မှ အကြိမ်ကြိမ်မုဒိန်းကျင့်ပြီးရင် မီးရှို့သတ်ခဲ့တဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့တယ်ဗျ။ နောက်တစ်ခုကတော့ တင်းမရွာဖြစ်စဉ်မှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေအပါအဝင် ရွာသား ၁၈ ယောက်လောက်ကို မြန်မာစစ်တပ်က ဖမ်းဆီးပြီးတော့မှ အစဖျောက် သတ်ဖြတ်လိုက်တာရှိတယ်။ အခု ဗီဒီယိုဆိုရင် မြန်မာအကြမ်းဖက်စစ်သားတွေကို ဖမ်းမိတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ ဒေသခံပြည်သူ့စစ်တွေက ဒေါသမထိန်းနိုင်ဘဲနဲ့ စစ်စည်းကမ်းချိုးဖောက် ပြစ်မှုကျူးလွန်ခဲ့တာဖြစ်ပါတယ်"
အောက်ခြေတပ်မှူးငယ်တစ်ချို့အပါအဝင် ဒီဖြစ်ရပ်မှာပါခဲ့တဲ့သူအားလုံးကို ဖော်ထုတ်ပြီး အရေးယူအပြစ်ပေးထားတယ်လို့လည်း သူကဆိုပါတယ်။
ဒီလိုဥပဒေမဲ့ သတ်ဖြတ်မှုမျိုးကို AA အနေနဲ့ လုံးဝလက်မခံဘဲ နောက်ထပ်မဖြစ်အောင် အကောင်းဆုံး ထိန်းကျောင်းပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း ဦးခိုင်သုခက ပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
စစ်သုံ့ပန်းနှစ်ဦးကို စစ်စည်းကမ်းချိုးဖောက်သတ်ဖြတ်ခဲ့ကြောင်း AA ဝန်ခံ
စစ်သုံ့ပန်းတွေအပေါ် ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူထားကြောင်း AA ပြော
AA ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေ စုံစမ်းစစ်ဆေးဖို့ ICC ကို Fortify Rights တောင်းဆို
AA အနေနဲ့ ကိုယ့်လူရဲ့ အပြစ်ကို ဖုံးဖိမထားဘဲ အခုလိုဖော်ထုတ်တာကို ကြိုဆိုကြောင်း ရခိုင်စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူ ကိုဝေဟင်အောင်က ဆိုပါတယ်။
"အာရက္ခတပ်တော်ဆိုတာလည်း မိဘအစုံ၊ မျိုးနွယ်စုအစုံ၊ အလွှာစုံကနေ ပါဝင်လာတဲ့အတွက် လူအမျိုးမျိုး အထွေထွေပါလာမှာပဲ၊ စစ်သားတွေဆိုပေမဲ့ စစ်စည်းကမ်းဥပဒေရှိတယ်ဆိုသော်လည်း တခြားတစ်ဖက်မှာဆိုရင် သူတို့ရဲ့ကိုယ်ပိုင်ခံစားချက်တွေ၊ ကိုယ်ပိုင်စည်းကမ်းချိုးဖောက်မှုတွေကတော့ ရှိမှာပဲ၊ ဒီအပေါ်မှာကတော့ ထိရောက်တဲ့အရေးယူမှုက ရှိကိုရှိသင့်တယ်"
AA အနေနဲ့ စစ်ကောင်စီနဲ့မတူဘဲ ပွင့်လင်းစွာ ဝန်ခံခဲ့တာကို လေးစားအသိအမှတ်ပြုပေမဲ့ အရေးယူမှုအပိုင်းမှာ ဒီထက်ပို ပွင့်လင်းမြင်သာဖို့လိုကြောင်း ဆွီဒင်နိုင်ငံအခြေစိုက် ဥပဒေပညာရှင်ဦးအောင်ထူးက ထောက်ပြပါတယ်။
"ကျူးလွန်တဲ့သူတွေကို အရေးယူပြီးပါပြီလို့ ထုတ်ပြန်လိုက်ရုံနဲ့တော့ မလုံလောက်သေးပါဘူး။ သာဓက ပြပါမယ်။ မင်းအောင်လှိုင်တပ်မတော်က ၂၀၁၇ ခုနှစ် စက်တင်ဘာ ၂ ရက်နေ့မှာ ရခိုင်ပြည်နယ် အင်းဒင်ရွာမှာ ရိုဟင်ဂျာ ဆယ်ဦးကို သတ်ဖြတ်တဲ့မှုခင်းဖြစ်တော့ သူတို့ရဲ့ အောက်ခြေတပ်မှူး၊ တပ်သား ခုနှစ်ဦးကို အရေးယူပြခဲ့တယ်။ ၂၀၁၈ ဧပြီလထဲမှာ ရုံးတင်တရားစွဲဆို ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်ပေးခဲ့တယ်။ ဒါပေမဲ့ အရေးယူခံရတဲ့သူတွေကို အဲဒီနှစ် နိုဝင်ဘာလထဲမှာတင်ပဲ ပြန်လွှတ်ပေးခဲ့တယ်။ ဒီလိုမျိုး မင်းအောင်လှိုင်ရဲ့လုပ်ရပ်မျိုးကို AA က လုပ်မှာမဟုတ်ဘူးဆိုတာကို သက်သေပြဖို့လိုပါလိမ့်မယ်"
အကြီးအကဲက အမိန့်ပေးတဲ့ အတွက်တာဝန်ရှိမှု (Superior Command Responsibility)၊ နိုင်ငံတကာ ဥပဒေသကို အပြည့်အဝလိုက်နာကျင့်သုံးမှုနဲ့ နောင်ကိုအလားတူ ပြစ်မှုမျိုးတွေ ထပ်မဖြစ်အောင် ဥပဒေပြဋ္ဌာန်းပြီး လွတ်လွတ်လပ်လပ် တရားစီရင်ရေး ဘယ်လိုဖော်ဆောင်နေတယ်ဆိုတာကို AA က ရှင်းပြသင့်တယ်လို့ ဦးအောင်ထူးက ပြောပါတယ်။ ဒါတင်မက နိုင်ငံတကာစစ်ဥပဒေကို AA အနေနဲ့ အောက်ခြေအဆင့်တပ်သားတွေအထိ ပညာပေးနေတယ်ဆိုတာကို သတင်းမီဒီယာတွေ၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေကတစ်ဆင့် နိုင်ငံတကာနဲ့ ပြည်တွင်းကို စနစ်တကျ ရှင်းလင်းတင်ပြသင့်တယ်လို့လည်း ဆိုပါတယ်။
Fortify Rights ကတော့ မြန်မာနိုင်ငံအတွင်း ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေရဲ့ သက်သေအထောက်အထားတွေကို စနစ်တကျ သိမ်းထားဖို့နဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား (IIMM) အပါအဝင် နိုင်ငံတကာ အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ AA အပါအဝင် ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခမှာ ပါဝင်တဲ့အဖွဲ့အစည်းအားလုံးကို တိုက်တွန်းထားပါတယ်။