AA သိမ်းထားတဲ့ မြို့နယ်တွေမှာ ကိုယ်ထူကိုယ်ထကျောင်းတွေ ပေါ်ထွက်လာ
2025.01.28

အခု မြင်ရတာက ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်က ဓနိမိုးထရံကာစာသင်ကျောင်းလေး တစ်ကျောင်းမှာ ကလေးတွေ ပညာသင်ယူနေကြတာပါ။ မြေကြီးပေါ်မှာ တာပေါ်လင်စခင်းပြီး သင်ထောက်ကူပစ္စည်းတွေ၊ စာအုပ်တွေ မစုံမလင်နဲ့ ကြိုးစားနေကြတာ တွေ့ရပါတယ်။
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့နှစ်က တစ်ပြည်နယ်လုံးနီးနီး မူလတန်းကနေတက္ကသိုလ်အထိ စာသင်ကျောင်းတွေ ပိတ်ထားခဲ့ရပါတယ်။
"နေရာ ခုနစ်ခုမှာ ကျောင်းခုနစ်ကျောင်းဖွင့်ပြီးတော့ ဆရာ၊ ဆရာမ ၁၅၂ယောက်နဲ့ အခမဲ့သင်ကြားပေးနေတာပါ"
ဒါပေမဲ့ လက်ရှိမှာတော့ မြို့နယ်ပေါင်း ၁၇ မြို့နယ်ရှိတဲ့ ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ကို အာရက္ခ တပ်တော် (AA) က သိမ်းပိုက်ထားပြီးပြီဖြစ်တဲ့အတွက် ဒေသခံတွေက စာသင်ကျောင်းတွေကို ကိုယ်ထူကိုယ်ထပုံစံနဲ့ ဆောင်ရွက်လာနိုင်ကြတာဖြစ်ပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်က ဒီစာသင်ကျောင်းကိုတော့ လူငယ်တွေဖွဲ့ထားတဲ့ လင်းရောင်ခြည်ဖောင်ဒေးရှင်းက ဦးဆောင်ပြီးဖွင့်ထားတာပါ။ သူတို့ဆီမှာ စစ်ဘေးဒုက္ခသည် ကျောင်းသား တစ်ထောင့်နှစ်ရာကျော်ကို အခမဲ့ပညာသင်ကြားပေးနေတယ်လို့ အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“ပုဏ္ဏားကျွန်းမြို့နယ်ဘက်မှာ ပညာသင်ကြားခွင့် ဆုံးရှုံးနေတဲ့ ကလေးတွေကို ကျွန်တော်တို့ စာသင်ပေးနေတာကြတော့ ကိုယ်ထူကိုယ်ထ ပုံစံမျိုးပေါ့နော်။ စုစုပေါင်းကတော့ တစ်ထောင့်နှစ်ရာကျော်ရှိတယ်။ စစ်ဘေးရှောင် ကလေးတွေ။ နေရာ ခုနစ်ခုမှာ ကျောင်းခုနစ်ကျောင်းဖွင့်ပြီးတော့ ဆရာ၊ ဆရာမ ၁၅၂ယောက်နဲ့ အခမဲ့သင်ကြားပေးနေတာပါ။ အခုက KG ကနေ Grade 9 အထိ ရှိပါတယ်”
ဒီကျောင်းလေးကို အလှူရှင်တွေရဲ့ အကူအညီနဲ့ လည်ပတ်နေတာပါ။ ဒါပေမဲ့ ငွေကြေးအခက်အခဲကြောင့် သင်ထောက်ပစ္စည်းတွေ အပြည့်အစုံမပေးနိုင်သလို ကျောင်းသားဦးရေကိုလည်း အကန့်အသတ်နဲ့ပဲ သင်ပေးနိုင်တဲ့အတွက် ပညာသင်ကြားခွင့်ဆုံးရှုံးနေတဲ့ ကလေးတွေ အများအပြားရှိနေသေးတယ်လို့ ဆိုပါတယ်။ တခြားနေရာတွေမှာလည်း မိဘတွေက ဆရာ၊ ဆရာမတွေငှားပြီး ပညာသင်ကြားပေးနေတာတွေရှိပါတယ်။
ကလေးတွေကို ပညာသင်ပေးနေပေမဲ့ အတန်းတင်စနစ်ကို ဘယ်သူတွေက အသိအမှတ်ပြုပေးမှာလဲ ဆိုတာတော့ သတ်မှတ်ချက်မရှိသေးဘူးလို့ မြောက်ဦးမြို့နယ်မှာ ပညာသင်ပေးနေတဲ့ ကျောင်းဆရာမ တစ်ဦးက ပြောပါတယ်။
“အခုလက်ရှိကတော့ ကျောင်းသားတွေရဲ့ပညာရေး အဆင်ပြေအောင်ဆိုပြီးတော့ ရွာတွေမှာ၊ မြို့ပေါ်တွေမှာ ကျောင်းသားမိဘတွေက ကိုယ်ထူကိုယ်ထစနစ်နဲ့ ဆရာ၊ ဆရာမတွေကို ငှားပြီးသင်တာမျိုးတွေရှိတယ်။ အဓိကတော့ ကိုယ်ထူကိုယ်ထစနစ်နဲ့ သွားနေတဲ့ပုံမျိုးပေါ့။ အတန်းတင်စနစ်ကိုတော့ ဘယ်သူတွေက အသိအမှတ်ပြုပေးမှာလဲ ဆိုတာကတော့ ဝေဝေဝါးဝါးဖြစ်တုန်းပေါ့နော်။ အဲဒီကိစ္စတွေကိုတော့ သေသေချာချာ မသိသေးဘူး”
တစ်ဖက်မှာလည်း စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံးကြဲမှာကို စိုးရိမ်နေရပါတယ်။ ဒါကြောင့် စာသင်ကျောင်းတွေဖွင့်ပြီး သင်ပေးရမဲ့အစား အိမ်တွေနဲ့ တခြားနေရာတွေမှာ သင်ပေးနေရတယ်လို့လည်း ဆိုပါတယ်။
ဆက်နွှယ်သောသတင်းများ
ရခိုင်စစ်ဘေးဒုက္ခသည် ငါးသိန်းခန့် စားဝတ်နေရေး ခက်ခဲနေ
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် AA ထိန်းချုပ်ပြီးနောက် ဒေသခံတွေကို နေရပ်ပြန်ခွင့်ပြု
မြောက်ဦးက AA ရဲ့ အချုပ်စခန်း ဗုံးကြဲခံရလို့ စစ်သုံ့ပန်းနှစ်ဆယ်ကျော် သေဆုံး
အာရက္ခတပ်တော် (AA) က ၂၀၂၁ ခုနှစ် ဧပြီလလောက်ကစလို့ ဗဟိုပညာရေးဌာနကို စတင်ဖွဲ့စည်းခဲ့ပြီး စစ်ဒေသအလိုက် ပညာရေးကဏ္ဍကို လုပ်ဆောင်တာတွေရှိပါတယ်။ အဲဒီအပြင် စစ်ကောင်စီရဲ့ ပညာရေးစနစ်အစား ရခိုင့်အမျိုးသားပညာရေးစနစ်တစ်ခုကို စတင်ပြောင်းလဲဖို့ AA ရဲ့ ဒေသအုပ်ချုပ်ရေး လူကြီးတွေ ဆွေးနွေးတာတွေလည်းရှိခဲ့ပါတယ်။ ဒါပေမဲ့ ပညာရေးစနစ်သစ်ကို AA ဘက်က တရားဝင်ထုတ်ပြန်ပြောဆိုတာ မရှိသေးသလို အကောင်အထည်ဖော်တာလည်း မရှိသေးပါဘူး။ ဒါနဲ့ပတ်သက်လို့ (AA) ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခကို RFA က မေးမြန်းထားဆဲဖြစ်ပါတယ်။ လက်ရှိမှာတော့ မြို့နယ်ကော်မတီတွေ ဖွဲ့စည်းပြီးဆွေးနွေးနေတာရှိတယ်လို့ ဆရာအသိုင်းအဝန်းက RFA ကို ပြောပါတယ်။
အမေရိကန် အပါအဝင် ပြည်တွင်း၊ ပြည်ပမှာရှိနေတဲ့ ရခိုင်ပညာရှင်တွေ စုပေါင်းပြီး ကြားကာလပညာရေး စနစ်တစ်ခု အကောင်အထည်ဖော်ဖို့ လုပ်ဆောင်နေတယ်လို့ အဲဒီအစီအစဉ်မှာ အဓိက ပါဝင်ဆောင်ရွက်နေတဲ့ ကိုထွန်းလင်းက RFA ကို ပြောပါတယ်။
“ရခိုင်ပြည်အတွင်းမှာ ကြားကာလပညာရေး အစီအစဉ်တစ်ရပ်ဖော်ဖို့ ကျွန်တော်တို့ အစီအစဉ်တွေ ဆွဲနေတယ်ပေါ့နော်။ ပထမဆုံးအနေနဲ့ကတော့ Certificate သင်တန်းတွေကို အထူးသဖြင့် အသက်မွေးဝမ်းကျောင်းနဲ့ ဆက်စပ်တဲ့ဘာသာရပ်တွေကို ကျွန်တော်တို့မှာရှိတဲ့ ဆရာ၊ ဆရာမ အပေါ်မှာမူတည်ပြီးတော့ ပို့ချပေးဖို့အတွက် ကျွန်တော်တို့ စီစဉ်ထားတယ်။ ကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်ချက်ကကျတော့ ဒီလိုမျိုးသင်တန်းတွေကနေတစ်ဆင့် ဘွဲ့ပေးနိုင်တဲ့အထိ ရည်မှန်းပြီးတော့ အစီအစဉ်တွေဆွဲနေတယ်။ နိုင်ငံတကာက အသိအမှတ်ပြုလောက်တဲ့ ဘွဲ့အစီအစဉ်တွေ ဆွဲနိုင်ဖို့အတွက်ကို စီစဉ်ထားတယ်။ တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသား အရွယ်တွေကို နိုင်ငံတကာမှာရှိတဲ့ ကျောင်းတွေနဲ့ ချိတ်ဆက်ပြီးတော့ နိုင်ငံတကာမှာ ကျောင်းတက်ခွင့်ရမဲ့ အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်ဖို့ကိုလည်း ကြိုးစားနေတယ်”
ကြားကာလပညာရေးစနစ်ကို လာမဲ့ ဧပြီလလောက်အတွင်း စတင်မှာဖြစ်ပြီး ပထမဆုံးအနေနဲ့ ဆရာ၊ ဆရာမတွေနဲ့ သင်ကြားရေးစိတ်ဝင်စားသူတွေအတွက် စီစဉ်ပေးမှာလို့ ပြောပါတယ်။ အဲဒီကတစ်ဆင့် ကျောင်းသူ၊ ကျောင်းသားတွေကို ဆက်လက်သင်ကြားပေးမှာလို့လည်း ဆိုပါတယ်။
ရခိုင်ပြည်သူတွေကလည်း လက်ရှိစစ်ကောင်စီရဲ့ ပညာရေးစနစ်ထက် နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်မဲ့ ရခိုင့်အမျိုးသားပညာရေးစနစ်တစ်ခု အကောင်အထည်ပေါ်လာဖို့ မျှော်လင့်နေကြပါတယ်။