ငပလီကမ်းခြေအနီး စစ်ကောင်စီတပ်နဲ့ AA တိုက်ပွဲပြင်းထန်

RFA Burmese
2024.06.04
ငပလီကမ်းခြေအနီး စစ်ကောင်စီတပ်နဲ့ AA တိုက်ပွဲပြင်းထန် ရခိုင်ပြည်နယ်အတွင်း ရေကြောင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်၏ စစ်ရေယာဥ်တစ်စင်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် AA တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က တွေ့ရစဥ်။
AA Info Desk

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီကမ်းခြေအနီးမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ ဇွန်လ ၂ ရက် မနေ့ကစလို့ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီတပ်က ဒီနေ့မနက်အထိ ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ငပလီကမ်းခြေအနီး ဂေါ့ကျေးရွာ၊ ခရမ်းမော်လမ်းခွဲနဲ့ ဇီးကုန်းကျေးရွာအနီးတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ အဲဒီနေရာတွေက စစ်ကောင်စီတပ်စခန်းသုံးခုကို AA က ထိုးစစ်ဆင်တိုက်ခိုက်ရာကနေ တိုက်ပွဲပြင်းထန်နေတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“တိုက်ပွဲကတော့ မဇင်လေယာဉ်ကွင်းဘက် စပါးကြီးရွာ၊ ဂေါ့ရွာအဲဒီအနီးအနားမှာ တိုက်ပွဲတွေ တော်တော် လေးကို ပြင်းပြင်းထန်ထန် ဖြစ်နေတယ်။ ဂေါ့ရွာနားက တောင်ပေါ်မှာ လက်နက်ကြီးစခန်းတွေ ရှိတယ်လေ။ အဲဒီ လက်နက်ကြီးစခန်းတွေကို ဝင်ပြီးတော့ တိုက်တာလို့ သိရတယ်။ မနေ့ကလည်း ညဘက်တစ်ညလုံး ဗုံးကြဲတယ်။ အခုမနက်ကလည်း ဗုံးကြဲသွားတယ်”

အဲဒီတပ်စခန်းတွေက သံတွဲမြို့နယ်မှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့အချိန်ကတည်းက စစ်ကောင်စီတပ်က အင်းအားတိုးချထားတဲ့ စခန်းတွေဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ အဲဒီတပ်စခန်းတွေက စစ်ကောင်စီ တပ်သားတွေ ဆုတ်ခွာသွားကြပြီး သံတွဲမြို့ မဇင်လေယာဉ်ကွင်းနားမှာ နေရာယူထားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“တိုက်ပွဲက သံတွဲမြို့နဲ့ ငါးမိုင်လောက်ပဲ ဝေးတော့တာပေါ့။ လောလောဆယ် လေကြောင်းလိုင်းတွေကိုလည်း ပိတ်လိုက်ပြီ"

စစ်ကောင်စီတပ်ကတော့ ကြည်း၊ ရေ၊ လေ ဘက်ပေါင်းစုံကနေ အပြင်းအထန်ခုခံခဲ့ပြီး လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သားတချို့ ဒဏ်ရာရကြသလို ငပလီကမ်းခြေမှာရှိတဲ့ Jasmine Ngapali Resort ဟိုတယ်က အအောက်အအုံတချို့လည်း ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲကြောင့် ဂေါ့၊ စပါးကြီး၊ မဇင်ကုန်းတန်း စတဲ့ ကျေးရွာတွေက ဒေသခံ နှစ်ထောင်ခန့်ဟာ သံတွဲမြို့ပေါ်နဲ့ အခြား ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ဆိုပါတယ်။

သံတွဲမြို့နယ်မှာ ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲ စတင် ဖြစ်ပွားခဲ့တာပါ။ သံတွဲမြို့နယ် မြောက်ဘက် မိုင်နှစ်ဆယ်လောက်အကွာကနေ စတင်ခဲ့တဲ့ ဒီတိုက်ပွဲဟာ အခုတော့ သံတွဲမြို့နဲ့ ငါးမိုင်ခန့်သာ ကွာဝေးတော့တာပါ။

တိုက်ပွဲတွေက တစ်နေ့ထက်တစ်နေ့ မြို့နဲ့ နီးကပ်လာတာကြောင့် ထောင်နဲ့ချီတဲ့ မြို့ခံတွေ ဘေးလွတ်ရာ ဒေသတွေဆီကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး လေကြောင်းလိုင်းတွေကိုလည်း မနေ့ကစလို့ ပိတ်လိုက် တယ်လို့ သံတွဲမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“တိုက်ပွဲက သံတွဲမြို့နဲ့ ငါးမိုင်လောက်ပဲ ဝေးတော့တာပေါ့။ လောလောဆယ် လေကြောင်းလိုင်းတွေကိုလည်း ပိတ်လိုက်ပြီ။ ဘယ်တော့ ပြန်ဖွင့်မယ်ဆိုတာကိုတော့ မသိဘူးပေါ့နော်။ မြို့ပေါ်က လူတော်တော်များများ ကတော့ ရန်ကုန်ဘက်တွေနဲ့ လွတ်မြောက်မယ့်နေရာတွေကို ရွှေ့သွားကြပြီပေါ့။ တချို့တွေကတော့ မြို့ပေါ်မှာ ကျန်နေသေးတယ်”

သံတွဲမြို့ ငပလီကမ်းခြေကို ၂၀၂၂ ခုနှစ် ဧပြီလ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
သံတွဲမြို့ ငပလီကမ်းခြေကို ၂၀၂၂ ခုနှစ် ဧပြီလ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

သံတွဲမြို့က တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ရော ရက္ခိုင့်တပ်တော် (AA) ကပါ တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။ ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခနဲ့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်ခဲ့ရာမှာလည်း ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။

ရက္ခိုင့်တပ်တော် (AA) ရဲ့ ဇွန်လ ၂ ရက်နေ့ ထုတ်ပြန်ချက်တစ်ခုမှာတော့ AA အဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်က မြို့ကြီးတွေကို တစ်မြို့ပြီးတစ်မြို့ သိမ်းယူနေသလို ကျန်ရှိနေတဲ့ အမ်း၊ စစ်တွေ၊ မောင်တော၊ ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲ၊ ဂွ၊ မာန်အောင် မြို့နယ်တွေ စစ်ကောင်စီတပ်စခန်းတွေအားလုံးကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားဖို့ စီစဉ်နေတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ကတော့ သံတွဲမြို့ကျမသွားအောင် ခုခံကာကွယ်ဖို့အတွက် မြို့ဝင်ဂိတ်တွေနဲ့ သံတွဲမြို့ အခြေစိုက် ခလရ (၅၅)၊ ခမရ (၅၆၆) တပ်ရင်းစတဲ့ တပ်ရင်းတွေမှာ အင်အားဖြည့်တာ၊ အခိုင်အမာပြင်ဆင်ထားတာ တွေ့ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ရခိုင်ဝါရင့်နိုင်ငံရေးသမား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက သံတွဲမြို့ဟာ စစ်ရေး၊ နိုင်ငံရေးအရ အရေးပါတဲ့နေရာဖြစ်ပြီး မကြာခင်မှာ AA က သိမ်းပိုက်သွားမဲ့ အခြေအနေရှိနေတယ်လို့ သုံးသပ်ပါတယ်။

“ULA/AA ကတော့ သူတို့ရဲ့ စစ်ရေးရည်မှန်းချက်အတိုင်း စစ်ရေးအားသာချက်ရှိမဲ့နေရာတွေကို တိုက်တာပေါ့။ အဲဒီနေရာတွေကို သိမ်းလိုက်ရင် ကျန်ခဲ့တဲ့မြို့နယ်တွေကိုလည်း ဝိုင်းပတ်ပိတ်ဆို့ပြီးသား ဖြစ်သွားတာပေါ့။ သံတွဲတို့၊ ဂွတို့ဟာ တောင်ဘက်အစွန်ဆုံးမြို့နယ်တွေဖြစ်တဲ့အတွက် နယ်နိမိတ်ပြတ်ပြတ်သားသားဖြစ်သွားမှာပေါ့။ ရခိုင်မြောက်ပိုင်းကနေ ထောင်ပိုင်းအထိ နေရာပြတ်ပြတ်သားသား ပေါ်သွားမယ်။ အဲဒီမြို့တွေကိုသာ သိမ်းလိုက်ရင် တစ်နည်းအားဖြင့် ရခိုင်ပြည် တစ်ပြည်နယ်လုံး လွတ်မြောက်သွားပြီလို့တောင် ပြောလို့ရပြီ။ ဒါကြောင့် ဒီနေရာတွေက နိုင်ငံရေးအတွက်ရော၊ စစ်ရေးအတွက်တော့ အတော်လေးကို အားသာချက်ရှိမဲ့နေရာတွေဖြစ်တယ်”'

သံတွဲမြို့နယ်မှာ တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တဲ့ ဧပြီလ ၂၂ ရက်ကနေ မေလကုန်အထိ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သား ၂၃ ဦး သေဆုံးပြီး ငါးဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။