ချက်ဗရွန်နဲ့ တိုတယ် မြန်မာပြည်ကထွက်ခွာမှု ဒီမိုကရေစီလိုလားသူတွေ ကြိုဆို
2022.01.21
ကမ္ဘာပေါ်မှာ အကြီးမားဆုံး ရေနံနဲ့ ဓာတ်ငွေ့ကုမ္ပဏီကြီး နှစ်ခုဖြစ်တဲ့ အမေရိကန် ချက်ဗရွန် Chevron နဲ့ ပြင်သစ် တိုတယ် TotalEnergies ကုမ္ပဏီတွေက အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးဆက်လက်ချိုးဖောက်မှုတွေကို ထောက်ပြပြီး မြန်မာနိုင်ငံက သူတို့ရင်းနှီးမြှုပ်နှံမှုတွေကို ရုပ်သိမ်းတော့မယ်လို့ သောကြာနေ့ မနေ့က ကြေညာလိုက်ပါတယ်။
ဒီကုမ္ပဏီတွေ ပါဝင်ဆောင်ရွက်နေတဲ့ ရတနာကမ်းလွန်ဓာတ်ငွေ့စီမံကိန်းက ရရှိနေတဲ့ အခွန်အခတွေဟာ ပြည်သူတွေကို ရက်စက်စွာ သတ်ဖြတ်ချေမှုန်းနေတဲ့ အာဏာသိမ်းစစ်ကောင်စီကို အထောက်အကူဖြစ်စေတဲ့အတွက် သက်ဆိုင်ရာရေနံနဲ့ ဓာတ်ငွေ့လုပ်ငန်းတွေကို မြန်မာပြည်က ထွက်ခွာဖို့ ဒီမိုကရေစီပြန်လည်ရရှိရေး ပြည်တွင်းပြည်ပလှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေက ဆက်တိုက်ဝေဖန်တောင်းဆိုမှုတွေ ပေါ်ပေါက်နေချိန်မှာ ကုမ္ပဏီကြီး နှစ်ခုရဲ့ ကြေညာချက်ထွက်လာတာပါ။
"ဒါတွေ ရပ်တန့်လိုက်ခြင်းဟာ စစ်ကောင်စီရဲ့ ခြေထာက်နှစ်ချောင်းကို ရိုက်ချိုးလိုက်တာနဲ့ အတူတူပါပဲ။"
အခုလို ကုမ္ပဏီကြီး နှစ်ခုက ကြေညာလိုက်တာဟာ ဒီမိုကရေစီတိုက်ပွဲဝင် ပြည်သူတစ်ရပ်လုံးရဲ့ အောင်ပွဲဖြစ်တယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့ အစည်းခေါင်းဆောင် ကိုမင်းကိုနိုင် က ဝေဖန်လိုက်ပါတယ်။
“တစ်နှစ်လောက် ပြည်သူတွေဘက်က ပေးဆပ်မှု အမျိုးမျိုးနဲ့၊ နောက်ပြီးတော့ ဉာဏ်ရည်ဉာဏ်သွေးတွေရော စွန့်လွတ်မှုတွေရော အားစိုက်မှုတွေမျိုးစုံက ဒီအချိန်မှာစပြီး အသီးအပွင့်တွေ့ရပြီဆိုတာကို ပြောချင်တာဗျ။ ဒီဟာက ပမာဏအရ အင်မတန်ကြီးတယ်ဗျ။ ဒါကဗျာ စစ်အုပ်စုကို အင်မတန် အရှိုက်ကို ထိုးနိုင်တဲ့ ဘဏ္ဏာရေးဆိုင်ရာ အကြပ်အတည်းကြီး ဆိုက်သွားတာပဲ။ ဟုတ်ပြီ - ဒါက အလိုအလျောက် ဖြစ်လာတာတော့မဟုတ်ဘူးဗျ။ မလွန်ဆန်နိုင်တဲ့ အကြောင်းတရားတွေကြောင့် ဖြစ်လာတာ။ သူက ကမ္ဘာကြီးမှာ မတရားမှုက နေစရာမရှိဘူးဆိုတာ ပြတာပဲ။ ဘယ်လောက်သူတို့ အကျိုးစီးပွား ရှိသော်ငြားလည်း ဒီလိုကုမ္ပဏီကြီးတွေက ကမ္ဘာကြီးရဲ့ အဆုံးအဖြတ်ကိုလိုက်နာရတာပဲ၊ ဒါကိုပြတာပဲဗျ။ ဒါသည်ပင်လျှင် ကျနော်တို့ အဆိုးဆုံးဆိုတဲ့ အခြေအနေကို ကျော်ဖြတ်ခဲ့ပြီ။ တဖက်ကလည်း သိသာထင်ရှားစွာနဲ့ စပြီး ပြိုလာပြီဆိုတာ မြင်လာတယ်ဗျာ”
NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နော်ဝေနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးမောင်မောင်မြင့်ကလည်း ဒါဟာ စစ်ကောင်စီရဲ့ကျဆုံးမှုကို အထင်အရှား သက်သေပြလိုက်တာဖြစ်တယ်လို့ ပြောကြားပါတယ်။
“ဒီ Total ကုမ္ပဏီ နဲ့ Chevron ကုမ္ပဏီတွေကနေ တရားမဝင်တဲ့စစ်ကောင်စီကို ပေးနေတဲ့ပိုက်ဆံတွေဟာ တကယ်တမ်း စစ်ကောင်စီရဲ့ ရပ်တည်ရေးအတွက် အလွန်အရေးကြီးပါတယ်။ အထူးသဖြင့် စစ်ကောင်စီက ဒီနေ့သုံးနေတဲ့ စစ်စရိတ်တွေ ကိုယ့်ပြည်သူပြည်သားတွေကို ပြန်သတ်ဖို့သုံးနေတဲ့ စစ်စရိတ်တွေကို ထောက်ပံ့ပေးရာရောက်ပါတယ်။ အခု ဒါတွေ ရပ်တန့်လိုက်ခြင်းဟာ စစ်ကောင်စီရဲ့ ခြေထာက်နှစ်ချောင်းကို ရိုက်ချိုးလိုက်တာနဲ့ အတူတူပါပဲ။ နောက်တခု ပြန်ကြည့်မယ်ဆိုရင်ဒီကုမ္ပဏီ နှစ်ခုဟာ နအဖ နဝတ လက်ထက်တုန်းကတည်းရှိခဲ့တယ် အဲဒီတုန်းက နိုင်ငံတကာက သူတို့ကိုထွက်သွားဖို့ အမျိုးမျိုး တောင်းဆိုခဲ့ကြပေမယ့် သူတို့ထွက်မသွားခဲ့ပါဘူး။ ဒါပေမယ့် ဒီနေ့ဒီအချိန်မှာထွက်သွားတာကို ကြည့်ရင် စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ကိစ္စတွေ လူသားမျိုးနွယ်အပေါ်ကျူးလွန်နေတဲ့ကိစ္စတွေဟာ ဘယ်လောက်အတိုင်းအတာအထိ ကြီးမားတယ်ဆိုတာ ပြတဲ့သဘောသက်ရောက်သလို အခြားတဖက်မှာလည်း စစ်ကောင်စီ ကို သူတို့က ကြာကြာခံလိမ့်မယ်လို့ မထင်တော့လို့ အခြေအနေမဆိုးခင်မှာ သူတို့အနေနဲ့ နှုတ်ထွက်သွားတာလို့ ကျနော့်အနေနဲ့ ယူဆတယ်။ တဖက်ကပြန်ကြည့်မယ်ဆိုရင် ကျနော်တို့ နွေဦးတော်လှန်ရေးကစပြီးတော့ CDM လှုပ်ရှားမှုတွေ ပေါ်လာတယ်။ NUG အစိုးရပေါ်လာတယ်၊ နောက်ပြီး EAOs တွေက ညီညီညာညာတိုက်ထုတ်နေတာတွေ တော်လှန်ရေး ပြန်လုပ်နေတဲ့ကိစ္စတွေ ဖြစ်လာတယ်။ စစ်ကောင်စီအတွက် အခုကျန်နေသေးတဲ့ သူတို့ရဲ့နောက်ဆုံးမျှော်လင့်ချက်က သူတို့ရဲ့စီးပွားရေးလုပ်ငန်းနဲ့ သူတို့ရဲ့ စစ်စားရိတ်တွေကို အသုံးပြုနိုင်ဖို့အတွက် စစ်ကောင်စီရဲ့ သက်ဆိုးကို ရှည်စေဖို့ ကြိုးစားနေတာပါ။ အဲဒီအခြေအနေဟာ အခုအချိန်မှာ ပျက်ယွင်းသွားပြီဖြစ်လို့ ယေဘုယျအားဖြင့်ပြောမယ်ဆိုရင်တော့ ကျနော်တို့ဒီမိုကရေစီဟာ အရင်တုန်းကထက် နီးလာပြီလို့ ကျနော်ထင်ပါတယ်”
အခုလို ချက်ဗရွန်နဲ့ တိုတယ်ကုမ္ပဏီကြီး နှစ်ခု မြန်မာကမ်းလွန်ရေနံလုပ်ငန်းက ထွက်ခွာမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ တရားဝင်ထုတ်ဖော်ပြောကြားချက်ကို မသိရှိရသေးပါဘူး။