စစ်အာဏာသိမ်းသုံးနှစ်ကျော်သည့်တိုင် ဆန္ဒပြပွဲတွေဆက်ရှိနေ
စစ်တပ်အာဏာသိမ်းပြီးကတည်းက ဆန္ဒပြပွဲတွေကို ဖြိုခွဲဖမ်းဆီးနေပေမဲ့ သုံးနှစ်ကျော်လာတဲ့ အခုအချိန်အထိ ပြောက်ကျားသပိတ်တွေက ကျေးလက်ရော မြို့ပြမှာ ရှိနေပါသေးတယ်။ ပြည်သူ့ကာကွယ်ရေးတပ်တွေ အားကောင်းတဲ့ဒေသတွေမှာ ဆန္ဒပြတာ သိပ်အန္တရာယ်မရှိပေမဲ့ ရန်ကုန်၊ မန္တလေးလို အဓိကမြို့ကြီးတွေမှာတော့ အန္တရာယ်များလှပါတယ်။
ဒါပေမဲ့လည်း လူငယ်တွေက ဇွန်လ ၁၂ ရက်နေ့ကပဲ ရန်ကုန်မြို့လယ်မှာရှိတဲ့ သမ္မတရုပ်ရှင်ရုံမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါသေးတယ်။
“မြို့ပြမှာ ဥပမာပေးရမယ်ဆိုရင် စစ်ကောင်စီအုပ်ထားတဲ့ ခြင်းထဲမှာရှိနေတဲ့ ကြက်တွေ သဘောမျိုးပေါ့။ ပိုပြီးတော့ ခက်ခဲတယ်။ ဒီနေ့နဲ့ မနက်ဖြန် မသေချာဘူးပေါ့။ ရန်ကုန်ကို မစွန့်ခွာနိုင်သေးတာက မြို့ပြမှာပဲ စစ်ကောင်စီရဲ့ ရသလောက် ကုတ်ခြစ်ပြီး အုပ်ချုပ်ထားတဲ့ မြို့ပြမှာပဲ လုံးဝအုပ်ချုပ်ခွင့် မရစေရဆိုပြီး လက်နက်မဲ့ နည်းလမ်းနဲ့ တွန်းလှန်နေကြတဲ့လူတွေလည်း ရှိတယ်ပေါ့။”
သူတို့အဖွဲ့မှာတင် အကြမ်းဖက်ဖမ်းဆီးခံရတာ လေးကြိမ်ရှိခဲ့ပြီး အဖွဲ့ဝင် ၁၄ ဦး ဖမ်းဆီးခံရထားတယ်လို့ ကိုရေဘဝဲက ပြောပါတယ်။ မြို့ပြမှာလှုပ်ရှားတဲ့လူငယ်တွေအတွက် အခက်ခဲဆုံးက သူတို့လျှို့ဝှက်နေဖို့ အိမ်ခန်းငှားရတဲ့ကိစ္စလို့ ပြောပါတယ်။ အိမ်ရှင်ကို မှတ်ပုံတင်နဲ့ ကိုယ်ရေးအချက်အလက်ပြရတာ၊ စာချုပ်နဲ့ ငှားထားပြီးသားအိမ်မှာ မလုံခြုံတော့လို့ ပြောင်းပြီးနေရတာတွေရှိနေပါတယ်။ တော်လှန်ရေးကာလ ကြာလာတာနဲ့အမျှ ငွေကြေးအကူအညီတွေလည်း အရင်ထက်လျော့နည်းလာလို့ အခက်အခဲတွေ ရှိလာတယ်လို့ ဆိုပါတယ်။
ဆန္ဒပြပွဲတွေကို စစ်ကိုင်းတိုင်းနဲ့ တနင်္သာရီတိုင်းတွေမှာလည်း အခု ၂၀၂၄ ခုနှစ် ဇွန်လအထိ တွေ့ရပါ တယ်။ တနင်္သာရီတိုင်း ထားဝယ်ခရိုင်က လေးမြို့နယ်မှာ မကြာခဏဆန္ဒပြနေသလို လောင်းလုံးမြို့နယ်မှာ မြို့ပေါ်အထိ ပြောက်ကျားသပိတ်ပုံစံနဲ့ ဆက်လှုပ်ရှားနေတယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီရေး လှုပ်ရှားမှုကော်မတီရဲ့ ဦးဆောင်ကော်မတီဝင် ကိုမင်းလွင်ဦးက RFA ကို ပြောပါတယ်။ ဒါကြောင့် ရွာတွေကို စစ်ကောင်စီက နှောက်ယှက်ဖျက်ဆီးသလို ဆန္ဒပြတဲ့သူတွေအတွက် နေထိုင်ရေးလည်း ခက်လာတယ်လို့ ဆိုပါတယ်။
"ကျွန်တော်တို့က ရွာထဲမှာနေတယ်ဆိုရင်လည်း ရွာကို စစ်တပ်က နှောက်ယှက်တယ်ဆိုတော့ ရွာတွေက သိပ်လက်မခံရဲတဲ့ အနေအထားပေါ့။ တစ်ခါတလေဆိုရင် မိုးတွင်းကြီး တော်တော်လေး အခက်အခဲ ဖြစ်တဲ့အခါမျိုးပေါ့။ လယ်တောထဲမှာ ဒီလိုပဲ နေရတယ်။ သပိတ်လှုပ်ရှားဖို့ဆိုရင် အဲဒီလယ်တောကို ဖြတ်ပြီးတော့ ကုန်းကြောင်းလျှောက်ရတာမျိုးတွေပေါ့။ အခက်အခဲကတော့ တော်တော်လေး ကြီးကြီးမားမား ရှိတယ်”
နောက်အခက်အခဲကလည်း ဒီမိုကရေစီအင်အားစုတွေကို လိုက်လံသတ်ဖြတ်နေတဲ့ သွေးသောက်အဖွဲ့၊ စွန်ရဲအဖွဲ့တွေရဲ့ ခြိမ်းခြောက်တာတွေရှိလို့ မိသားစုဝင်တွေရဲ့ လုံခြုံရေးစိုးရိမ်ရတဲ့ကိစ္စလို့ ကိုမင်းလွင်ဦးက ပြောပါတယ်။
ဆန္ဒပြပွဲတွေဆက်ရှိနေတဲ့ ဒေသနောက်တစ်ခုကတော့ စစ်ကိုင်းတိုင်းထဲက ယင်းမာပင်နဲ့ ဆားလင်းကြီးမှာပါ။ အဲဒီကဒေသခံတွေဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေတဲ့အပြင် တရုတ်ဝမ်ပေါင်နှင့် ယန်စီကုမ္ပဏီတို့ရဲ့ ကြေးနီစီမံကိန်းတွေ ရပ်ဖို့ကိုလည်း တောင်းဆိုနေကြပါတယ်။
“အခုအဲဒီစီမံကိန်းတွေ လည်ပတ်နိုင်ဖို့အတွက် မုံရွာ-ပုသိမ် လမ်းပေါ်မှာ အကြမ်းဖက်စစ်အုပ်စုက အခြေချ နေရာယူထားတဲ့အတွက် လမ်းဘေးဝဲယာက ပြည်သူအမြောက်အများ ရှောင်တိမ်းနေရတယ်။ အိမ်နီးချင်း တရုတ်ရဲ့လုပ်ရပ်သည် ဒေသတွင်းပြည်သူလူထုရဲ့ အသံကိုလျစ်လျူရှူပြီးတော့မှ အကြမ်းဖက်စစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတဲ့ ကိစ္စရပ်တွေကို ကျွန်တော်တို့က ပြည်သူလူထုရဲ့ သဘောဆန္ဒအနေနဲ့ လက်မခံပါဘူး။ ဒါတွေကို ရပ်တန်ဖို့၊ မဆောင်ရွက်ဖို့ ကျွန်တော်တို့က ပြည်သူ့အသံကို ထုတ်ဖော်တဲ့လှုပ်ရှားပဲ ဖြစ်ပါတယ်”
ဆန္ဒပြပွဲတွေ ဆက်လုပ်တယ်ဆိုတာ ပြည်သူ့သဘောထားကို ပြည်တွင်းရော ပြည်ပကပါသိအောင် ဆောင်ရွက်တာလို့ ထင်ရှားတဲ့ သပိတ်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဒေါက်တာတေဇာဆန်း ကပြောပါတယ်။
“အညာလိုဒေသတွေ အထူးသဖြင့် တော်လှန်ရေးဘက်က စိုးမိုးတဲ့ဒေသတွေမှာ လူထုသပိတ်ဆန္ဒပြမှုတွေ နေ့စဉ်နဲ့အမျှ ရှိနေပါတယ်။ ဒါသည် ငါတို့ပြည်သူတွေ သွေးမအေးဘူးဆိုတာကို ဖော်ပြရုံ သက်သက် မဟုတ်ဘူးနော်။ လူထုသပိတ် ဆန္ဒပြမှုတွေဟာ ပြည်သူ့အသံ ပြည်သူ့သဘောထားကို စစ်အာဏာရူးတွေလည်း သိစေတာဖြစ်သလို တစ်ဖက်က တစ်ကမ္ဘာလုံးကိုလည်း သိစေတာ ဖြစ်ပါတယ်”
ဆန္ဒပြပွဲတွေအပြင် စစ်တပ်ရဲ့ ဝင်ငွေရနေတဲ့လမ်းတွေကို ဖြတ်တောက်တဲ့အနေနဲ့ စစ်တပ်ထုတ်ကုန်တွေ သပိတ်မှောက်တဲ့ လှုပ်ရှားမှုတွေမှာ လူထုပါဝင်ဖို့ကို တိုက်တွန်းနေကြပါတယ်။