အမ်းနဲ့တောင်ကုတ်မှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး ဒေသခံတွေပိတ်မိနေ
2024.11.03
ရခိုင်ပြည်နယ် အမ်းမြို့နယ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ တောင်ကုတ်မြို့နယ်က အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို အာရက္ခတပ်တော် (AA) တပ်တွေ ဆက်လက်တိုက်ခိုက်နေပါတယ်။
စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်နေပြီး ဒေသခံတစ်ထောင်ကျော် မြို့ပေါ်မှာပိတ်မိနေတယ်လို့ အမ်းဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"တိုက်ပွဲတွေကတော့ တော်တော်ဖြစ်နေတယ်။ လေယာဉ်နဲ့လည်း တောက်လျှောက်ချတယ်။ တစ်စင်းပြီး တစ်စင်းပေါ့။ အစင်းပေါင်းကလည်း မနည်းဘူး။ တစ်နေ့ကို ဆယ်ကြိမ်ထက်မက လေယာဉ်ကတော့လာတယ်။ အမ်းမြို့က ဘယ်လိုဖြစ်နေလဲဆိုရင် ဘယ်ဘက်ကိုမှ ထွက်ပြေးလို့မရတာ။ အိမ်ထဲကနေ အိမ်ပြင်ကို ထွက်လို့မရဘူး။ မြို့သစ်ကနေ မြို့ဟောင်းကို အသွားအလာလုပ်လို့ မရဘူး။ အမ်းချောင်းဘက် ပြေးမယ်ဆိုရင်လည်း ပြေးလို့မဘူး။ အဲဒီမှာ လက်နက်ကိုင်အဖွဲ့တွေ အပြန်အလှန်ရှိတယ်။ ဘယ်အဖွဲ့ကိုမှ ဖြတ်လို့မရတာ"
မြို့ပေါ်မှာ လက်ရှိ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ စက်သုံးဆီတွေ ပြတ်လပ်နေပြီး အသက်အန္တရာယ် စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တစ်ဖက်မှာလည်း အမ်းမြို့က စစ်ဆေးရုံ အပါအဝင်၊ ခမရ (၃၇၃)၊ ခမရ (၃၇၂)၊ တစ်မိုင်ကုန်းတပ်စခန်းနဲ့ ကင်းစခန်းတချို့ကို AA က သိမ်းပိုက်ထားပြီးပြီ လို့လည်း ဒေသခံတွေက ပြောပါတယ်။
"အမ်းမြို့က ဘယ်လိုဖြစ်နေလဲဆိုရင် ဘယ်ဘက်ကိုမှ ထွက်ပြေးလို့မရတာ။ အိမ်ထဲကနေ အိမ်ပြင်ကို ထွက်လို့မရဘူး"
အမ်းမြို့မှာ စက်တင်ဘာလ ၂၆ ရက်နေ့ကစလို့ တိုက်ပွဲပြင်းထန်ပြီး အောက်တိုဘာလ ၁၆ ရက်နေ့မှာတော့ မြို့ပေါ်ကနေ အပြင်ထွက်ခွင့်ကို စစ်ကောင်စီတပ်က ပိတ်ပင်လိုက်တာပါ။
အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ - ၅) ရှိတဲ့ တောင်ကုတ်မြို့နယ်မှာလည်း ကျီးကန်းတောင်၊ ဇီးကိုင်တောင်နဲ့ ပန်းမြောက်တောင် တပ်စခန်းတွေမှာ နိုဝင်ဘာလ ၃ ရက်နေ့ကစပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးအပြင် လေကြောင်းနဲ့ပါ ပစ်ခတ်နေတယ်လို့ တောင်ကုတ်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"သေနတ်တွေနဲ့ အပြန်အလှန် ပစ်ခတ်နေကြတယ်။ တက္ကသိုလ်အလွန်နားမှာ ကျီးကန်းတောင်ဘုရား ရှိတယ်လေ။ အဲဒီအနားမှာ ဖြစ်နေကြတာ။ စစ်တပ်က ပစ်ကူပေးတာတွေလည်း ရှိတယ်။ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာ"
စစ်ကောင်စီဘက်က ခမရ (၅၄၄) နဲ့ (၃၄၆) တို့ကလည်း စစ်ကူအနေနဲ့ လက်နက်ကြီးတွေနဲ့ ပစ်နေတာလို့ ဆိုပါတယ်။
ဒါကြောင့် တောင်ကုတ်မြို့ပေါ် သိမ်တောင်ဘောလုံးကွင်းနဲ့ ဖောင်တော်ဦးဘုရားနားက ရပ်ကွက်တွေမှာ ဒီနေ့ မနက်ပိုင်း လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံတချို့ ဒဏ်ရာရခဲ့ပါတယ်။ ဒါပေမဲ့ အခြေအနေဘယ်လောက်ဆိုလဲဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။
တောင်ကုတ်မြို့ခံ သုံးသောင်းလောက်မှာ အများစုက တိုက်ပွဲမဖြစ်ခင်ကတည်းက ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်သွားကြပါပြီ။ ဒါပေမဲ့ လက်ရှိမြို့ပေါ်မှာ ကျန်နေတဲ့ တစ်ထောင်ကျော်လောက် ပိတ်မိနေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ရော၊ AA ရော တိုက်ပွဲကြားမှာ ပြည်သူတွေ ကြားမညပ်အောင် လုပ်သင့်တယ်လို့ ရခိုင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ပြောပါတယ်။
"တောင်ကုတ်ကျော်လမ်း၊ အမ်းကျော်လမ်းတို့ဆိုတာကလည်း ပြည်မနဲ့ ဆက်သွယ်တဲ့အခါမှာ အဓိကကျတဲ့ လမ်းတွေဖြစ်တယ်ပေါ့။ စစ်ရေးအားဖြင့်ရော၊ ကုန်စည်စီးဆင်းမှုအားဖြင့်ရော အဲဒီအတွက်နဲ့ ဒီမြို့တွေ ကျသွားရင်တော့ ရခိုင်ပြည်နယ်မှာရှိတဲ့ အခက်အခဲတွေလည်း အခွင့်အလမ်းတွေ ပေါ်လာနိုင်တယ်ပေါ့။ တိုက်ပွဲကတော့ ပိုပြီး ပြင်းထန်လာနိုင်တယ်။ ပြည်သူတွေက ကြားညပ်မခံရအောင် နှစ်ဖက်လုံးက ပြည်သူတွေကို စောင့်ရှောက်သင့်တယ်"
ဆက်နွှယ်သောသတင်းများ
နပခ ဌာနချုပ်ကို အာရက္ခတပ်တော်(AA) အလုံးအရင်းနဲ့ ပိတ်ဆို့တိုက်ခိုက်နေ
အမ်းတောင်ကြားလမ်းမှာ စစ်ကားတွေကို အရှိုချင်းတပ်ဖွဲ့ ကြားဖြတ်တိုက်ခိုက်
အမ်းနဲ့ တောင်ကုတ်မှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ဒေသခံကိုးဦး သေဆုံး
အမ်းနဲ့ တောင်ကုတ်တိုက်ပွဲအခြေအနေ အတိအကျသိရဖို့ AA ပြောခွင့်ရ ဦးခိုင်သုခနဲ့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လတ်တလောမှာ မရသေးပါဘူး။ လက်ရှိအချိန်အထိ ရခိုင်က မြို့နယ်ဆယ်ခုနဲ့ ချင်းပြည်နယ် ပလက်ဝမြို့ကို AA က သိမ်းပိုက်ထားပြီးပြီ ဖြစ်ပါတယ်။