ကျောက်ပန်းတောင်းနဲ့ ထီးချိုင့်မှာ လေကြောင်းသုံး ဗုံးကြဲခံရလို့ တစ်ရက်တည်း ဆယ်ဦး သေဆုံး

RFA Burmese
2024.09.02
ကျောက်ပန်းတောင်းနဲ့ ထီးချိုင့်မှာ လေကြောင်းသုံး ဗုံးကြဲခံရလို့ တစ်ရက်တည်း ဆယ်ဦး သေဆုံး ထီးချိုင့် စစ်ဘေးဒုက္ခသည်များကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့က တွေ့ရစဉ်။
Royal Tiger Support Battalion Photo

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်နဲ့ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်တွေက ရွာတွေကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကိုယ်ဝန်ဆောင် အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် အရပ်သား ဆယ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်ပန်းတောင်းမြို့နယ်မှာတော့ မြင်းခြံကုန်းရွာနဲ့ သနပ်ပင်ရွာတွေကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၁ ရက်နေ့ ညနေပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ 

"ကျောက်ပန်းတောင်းက လေယာဥ်ဗုံးကြဲမှုကတော့ ပထမဆုံးပေါ့နော်”

ဒီတိုက်ခိုက်မှုကြောင့် မြင်းခြံကုန်းရွာမှာ ဗုံးကျရောက်ပေါက်ကွဲခဲ့တဲ့ နေအိမ်က ကလေးတစ်ဦး အပါအဝင် တစ်မိသားစုလုံး သေဆုံးခဲ့တာလို့ ကျောက်ပန်းတောင်း ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ရွာထဲမှာ ဘာမှလည်း မရှိဘူးရယ်။ ပလိန်းကြီး ကြဲသွားတာ အဲလိုမျိုး။ မြင်းခြံကုန်းက တစ်မိသားစုလုံးလို့ ပြောတယ်။ ယောကျ်ားလေးတစ်ယောက် မိန်းကလေး သုံးယောက်။ အဲဒီအထဲ ကလေးတစ်ယောက်ပါတယ်။ ညက ဗုံးကြဲတာဆိုတော့ အဲရွာတွေက ရွာထဲမှာ မနေကြတော့ဘူးပေါ့ တစ်ခြားရှောင်ရတာပေါ့။ ကျောက်ပန်းတောင်းက လေယာဥ်ဗုံးကြဲမှုကတော့ ပထမဆုံးပေါ့နော်”

သေဆုံးသူတွေအပြင် နောက်ထပ်ဒဏ်ရာရသူ တစ်ဦးရှိပြီး နေအိမ်တချို့လည်း ထိခိုက်ပျက်စီးတယ်လို့ သူက ပြောပါတယ်။ သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေရဲ့ အသေးစိတ် အချက်အလက်တွေကိုသိနိုင်ဖို့ RFA က ဆက်လက်စုံစမ်းနေပါတယ်။

ဒီနေ့မှာတော့ လေကြောင်းတိုက်ခိုက်မှုတွေ ထပ်ရှိလာမှာ စိုးရိမ်တာကြောင့် ဗုံးကြဲခံရတဲ့ ရွာနှစ်ရွာ အပါအဝင် အနီးတစ်၀ိုက်မှာရှိတဲ့ ရွာတချို့က ဒေသခံတွေ ဘေးလွတ်နိုင်မဲ့ နေရာတွေကို တိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။

မနေ့က တစ်ရက်တည်းမှာပဲ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်း အစပ်မှာရှိတဲ့ ထီးချိုင့်မြို့နယ် မောင်းကုန်းရွာကိုလည်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုမှာတော့ ကိုယ်ဝန်ဆောင်တစ်ဦး အပါအဝင် ခြောက်ဦး သေဆုံးခဲ့ပြီး ဒီနေ့မှာလည်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မောင်းကုန်းရွာ အနီးတစ်၀ိုက် အဲဒီဘက်ကို လေယာဉ်နဲ့ ဗုံးချသွားတာ အရပ်သားတွေ တော်တော်သေသွားတယ် မနေ့က။ မနက်ကလည်း Y-12 နဲ့ သုံးကြိမ်ဗုံးချသွားတယ်။ တစ်ခါချရင် လေးငါးခြောက်လုံး အဲဒီလိုပေါ့လေ။ တိုက်ပွဲကတော့ ဗုံးလာချလိုက် တော်ကြာ လက်နက်ကြီးသံကြားရလိုက်နဲ့ အဲဒီလောက်ကတော့ ဖြစ်နေကြတယ်”

ဒဏ်ရာရသူ တချို့လည်းရှိနေပြီး ဖုန်းလိုင်းဆက်သွယ်ရေး အခက်အခဲကြောင့် အသေးစိတ်ကို မသိရသေးဘူးလို့ သူက ပြောပါတယ်။

ထီးချိုင့်မြို့ကို ဩဂုတ်လ ၂၁ ရက်နေ့ကစလို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ဒီကနေ့အထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာပါ။

စစ်ကောင်စီတပ်ဟာ တိုက်ပွဲတွေဖြစ်တဲ့နေရာတွေတင်မကဘဲ အရပ်သားတွေနေထိုင်တဲ့ နေရာတွေကိုပါ ရည်ရွယ်ချက်ရှိရှိနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်လာတာကြောင့် အရပ်သား သေဆုံးမှုတွေ တိုးလာတာလို့ KIA ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

"စကစကတော့ သူ့ရဲ့ ရန်သူရှိတဲ့ဘက်ကို အဓိက မထားဘဲနဲ့ ပြည်သူလူထု ရှိတာကိုသိလျက်နဲ့ တမင်သက်သက် ပြည်သူလူထုရှိတဲ့ နေရာကို ဗုံးကြဲတာ။ ဒါကြောင့် ပြည်သူလူထု ထိခိုက်မှုကတော့ အခု ပိုများလာတာ တိုလားတာကို တွေ့ရတယ်။ ဥပမာ စျေးဆိုင်တို့၊ စာသင်ကျောင်းတို့၊ ဘုရားကျောင်းတို့ကအစ ပွဲလမ်းသဘင်လုပ်တဲ့ နေရာတွေ ပြည်သူလူထု စုဝေးတဲ့ နေရာတွေကို ပစ်ချလို့ ပြည်သူလူထု သေတဲ့နှုန်း ပိုတိုးလာတာကို တွေ့ရတယ်”

စက်တင်ဘာလ ၁ ရက်နေ့က ထီးချိုင့်မြို့နယ်မှာ ဧရာ၀တီမြစ် အတိုင်းဆန်တက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ သင်္ဘောငါးစီးကို ကြားဖြတ်တိုက်ခိုက်ခဲ့မှုတွေ ရှိခဲ့တယ်လို့ သူက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်း ပြောခွင့်ရသူတွေထံ RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။ စစ်ကောင်စီကတော့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ မရှိဘူးလို့ အကြိမ်ကြိမ်ငြင်းဆိုထားပါတယ်။

ထီးချိုင့်မြို့၊ အမှတ် (၃) သရက်မှော်ရပ်ကွက်ကို စစ်ကောင်စီ တပ်သားများ မီးရှို့ခဲ့သည်ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်နေ့ကတွေ့ရစဥ်။  (Tigyaing Revolution-TR Photo)
ထီးချိုင့်မြို့၊ အမှတ် (၃) သရက်မှော်ရပ်ကွက်ကို စစ်ကောင်စီ တပ်သားများ မီးရှို့ခဲ့သည်ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်နေ့ကတွေ့ရစဥ်။ (Tigyaing Revolution-TR Photo)

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်မှာတော့ အခုလို လေကြောင်းတိုက်ခိုက်မှု မဖြစ်ခင် ဩဂုတ်လ ၃၁ ရက်နေ့ ညနေပိုင်းမှာ ကျောက်ပန်းတောင်း မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ကားကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဒုရဲမှူးတစ်ဦး အပါအဝင် ရဲတပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့ပါတယ်။

ကျောက်ပန်းတောင်းမြို့နယ်နဲ့ နယ်မြေချင်းထိစပ်နေတဲ့ မြင်းခြံခရိုင်ထဲမှာတော့ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး စတဲ့မြို့နယ်သုံးခုက စစ်ကောင်စီတပ်နဲ့ ပျူစောထီး တပ်စခန်းတွေကို ဩဂုတ်လ ၁၀ ရက်နေ့ကစပြီး ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ ဆက်တိုက်ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။

စစ်ကောင်စီတပ်ကလည်း လေကြောင်းကနေ နေ့စဥ်လိုလို လေကြောင်းကနေ တိုက်ခိုက်တာတွေရှိနေပြီး အရပ်သား ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA ရဲ့ စာရင်းတွေအရ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အခုနှစ် ဇန်နဝါရီလကနေ မေလအထိ ငါးလအတွင်း အရပ်သား ၆၆၂ ဦး သေဆုံးပြီး ထောင့်ငါးရာနီးပါး ၁,၄၉၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။