ရှမ်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် နှစ်ဆယ်ကျော်သေဆုံး
2024.09.06
[Update: 3:42 PM, Sep 6, 2024]
ရှမ်းပြည်နယ်ထဲက နမ့်ခမ်းမြို့ပေါ်နဲ့ ဖယ်ခုံမြို့နယ်ထဲက လအိ စစ်ဘေးဒုက္ခသည်စခန်းကို စက်တင်ဘာ ၅ ရက် ညပိုင်းနဲ့ ၆ ရက်နေ့ မနက်အစောကြီးပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေးတွေအပါအဝင် နှစ်ဆယ်ကျော် သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်ပေးနေသူတွေက ပြောပါတယ်။
ဒီနေ့ညနေပိုင်းအထိ စာရင်းအရ နမ့်ခမ်းမြို့ပေါ် တိုက်ခိုက်ခံရမှုမှာ ၁၃ ဦး သေဆုံးခဲ့ပြီး ၁၃ ဦး ဒဏ်ရာရခဲ့သလို ဖယ်ခုံမြို့နယ်ထဲက တိုက်ခိုက်ခံရမှုမှာတော့ ကိုးဦး သေသုံးပြီး ဒဏ်ရာရသူစာရင်း ကောက်လို့ မရသေးပါဘူး။
“သေဆုံး၊ ထိခိုက်သူတွေဟာ သာမန်အရပ်သားတွေဖြစ်တယ်”
နှစ်နေရာပေါင်း ခန့်မှန်းဒဏ်ရာရသူ ၁၅ ဦးအထက်ရှိပြီး အဲဒီအထဲမှာ စိုးရိမ်ရသူတွေနဲ့ ပျောက်ဆုံးနေသူတွေပါ ရှိတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က ပေါင်ငါးရာဗုံးကို နမ့်ခမ်းမြို့၊ ဟိုကပ်ရပ်ကွက်မှာ အရင်ကြဲချပြီး နောက်တစ်လုံးကို ပေါက်နေရပ်ကွက်မှာ ထပ်မံကြဲချခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံး၊ ထိခိုက်သူတွေဟာ သာမန်အရပ်သားတွေဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နမ့်ခမ်းမြို့မှာ ကယ်ဆယ်ရေး လုပ်ပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။
“ဆုံးသွားတဲ့သူတွေကို သူတို့ရဲ့အမျိုးတွေကိုခေါ်ပြီးမှ ကျွန်တော်တို့ ရင်ခွဲရုံကနေ မီးသင်္ဂြိုဟ်စက်ကို သွားပို့ပေးလိုက်တာ။ အခုတစ်ယောက်က မတွေ့သေးဘူး။ စုစုပေါင်းက အလောင်းကျတော့ ၁၁ ယောက် တွေ့ပြီ။ နောက်ထပ်တစ်ယောက် မတွေ့သေးဘူး။ အဆောက်အအုံတွေက ဗုံးကြဲလို့ အကုန်လုံး ပျက်စီးကုန်ပြီ။ ပြည်သူတွေပဲ ထိနေတာ။ စစ်သားတွေ နေတဲ့နေရာကျတော့ ထိတော့ မထိဘူး။ အခုက ပြည်သူတွေပဲ အကုန်ထိတာ”
သေဆုံးတဲ့အထဲမှာ အသက် ၄ နှစ်အရွယ် ကလေးအပြင် မွေးဖွားခါနီး ကိုယ်ဝန်ဆောင်မိခင်နဲ့အတူ ဖခင်ဖြစ်သူအပါအဝင် မိသားစုလိုက် သေဆုံးခဲ့တာလည်း ပါဝင်တယ်လို့ ကူညီကယ်ဆယ်ပေးနေသူတွေက ပြောပါတယ်။
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ကလည်း နမ့်ခမ်းမြို့ပေါ်ကို ဒီနေ့မနက်အစောပိုင်း တစ်နာရီခန့်မှာ ပေါင်ငါးရာဗုံးနှစ်လုံး ကြဲခဲ့တာကြောင့် ကလေးငယ်နှစ်ဦး၊ အမျိုးသားငါးဦး၊ အမျိုးသမီးလေးဦး သေဆုံးခဲ့ပြီး ၁၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒီမနက်ပိုင်းမှာပဲ ထုတ်ပြန်ထားပါတယ်။
“လေကြောင်းရန် ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ထားပေမဲ့ လူတွေအိပ်နေချိန်ဖြစ်လို့ အခုလို သေဆုံးမှုတွေဖြစ်ခဲ့တာပါ”
TNLA ကတော့ သူတို့ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့အပြင် တခြားမြို့တွေမှာလည်း လေကြောင်းရန်နဲ့ပတ်သက်ပြီး လူထုကိုအသိပေးတာနဲ့ ကြိုတင်ကာကွယ်နိုင်မဲ့နည်းတွေကို တောက်လျှောက် လုပ်ပေးနေတယ်လို့ ပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နမ့်ခမ်းဒေသခံတစ်ဦးကတော့ လေကြောင်းရန် ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ထားပေမဲ့ လူတွေအိပ်နေချိန်ဖြစ်လို့ အခုလို သေဆုံးမှုတွေဖြစ်ခဲ့တာလို့ RFA ကို ပြောပါတယ်။
“တောင်ပေါ် ရွာတွေကတော့ တစ်အိမ်တစ်ကျင်းစီတော့ လုပ်ထားကြတယ်။ မြို့မှာကတော့ ဒီလိုမျိုး တိုက်အိမ်ထဲမှာ သွားပုန်းကြတာပေါ့။ ကိုယ့်အိမ်ထဲမှာပဲ ကိုယ် လုံလုံခြုံခြုံနေရတာ။ ပြင်ဆင်ထားရတာပေါ့ အိမ်ထဲမှာပဲ။ လားရှိုးကို စတိုက်ကတည်းက ကျွန်တော်တို့က ပြင်ဆင်ထားပြီးသားပဲ။ တစ်နေ့တစ်နေ့ လာမယ်ဆိုတာတော့ သိတယ်။ ဒါပေမဲ့ ဘယ်နေ့ လာမယ်ဆိုတာ အတိအကျ မသိလို့လေ။ လူတွေ အိမ်မောကျနေတဲ့အချိန်မှာ ဖြစ်သွားတာ”
လေကြောင်းတိုက်ခိုက်ခံရပြီးနောက် နမ့်ခမ်းမြို့ပေါ်မှာ လူခြေတိတ်ဆိတ်နေသလို ဆိုင်တွေလည်း အနည်းငယ်သာ ဖွင့်တော့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်က လအိ စစ်ဘေးဒုက္ခသည် စခန်းကိုလည်း စက်တင်ဘာ ၅ ရက်နေ့ မနေ့ည ဆယ်နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ကလေးခုနစ်ဦးအပါအဝင် ကိုးဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ကိုဗညားက RFA ကို ပြောပါတယ်။
“သေဆုံးတဲ့စာရင်းကတော့ အခုက ကိုးဦး၊ အတည်ဖြစ်သွားတယ်။ တချို့ကလည်း ညပိုင်း ဗုံးကြဲတော့ ထိခိုက်ဒဏ်ရာရတဲ့လူ များတာပေါ့နော်။ ဆေးရုံဆေးခန်းကိုလည်း ဖြန့်ကြဲပြီး ပို့ရတာပေါ့နော်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ တိကျတဲ့ ထိခိုက်ဒဏ်ရာစာရင်းကိုတော့ မရသေးဘူး။ အိမ်ခြေ နှစ်ဆယ်ကျော် လုံးဝပျက်စီးသွားတယ်”
သေဆုံးသူတွေထဲမှာ အသက် ၁၀ နှစ်အရွယ် ယောက်ျားလေးနှစ်ဦးနဲ့ မိန်းကလေးနှစ်ဦး၊ အသက် ၁၃ နှစ်အရွယ် မိန်းကလေးသုံးဦး၊ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးနှစ်ဦး ပါဝင်ပြီး ပျောက်ဆုံးနေတာတွေ ရှိသေးတာကြောင့် သေဆုံးမှုစာရင်း တိုးနိုင်တယ်လို့ ကိုဗညားက ဆိုပါတယ်။
အဲဒီစစ်ဘေးဒုက္ခသည်စခန်းဟာ ဖယ်ခုံမြို့နယ်နဲ့ မိုးဗြဲမြို့နယ်တွေမှာ တိုက်ပွဲပြင်းထန်လာပြီးနောက် ထွက်ပြေးလာသူတွေ နေထိုင်တဲ့ ဒုက္ခသည်စခန်း ဖြစ်ပါတယ်။
ဆက်နွှယ်သော သတင်းများ
စွန့်လွှတ်လိုက်ရတဲ့ နယ်မြေတွေ ပြန်ရဖို့ ဆောင်ရွက်သွားမှာဖြစ်ကြောင်း စစ်ခေါင်းဆောင်ပြော
TNLA ထိန်းချုပ်ဒေသ မန်တုံမြို့ ဗုံးကြဲတိုက်ခိုက်ခံရ
အကြမ်းဖက်အဖွဲ့အဖြစ် စစ်ကောင်စီ ကြေညာချက်ကြောင့် တရုတ်ရဲ့ အပစ်ရပ်ကြိုးပမ်းမှု ထိခိုက်
TNLA ပြောခွင့်ရသူ လွေးယေဦးကတော့ အခုလိုကိစ္စတွေကို မှတ်တမ်းတင်ထားပြီး နောက်တစ်ချိန် စစ်ကောင်စီကို စစ်ရာဇဝတ်မှုနဲ့ အရေးယူတဲ့အခါ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ RFA ကို ပြောပါတယ်။
“စစ်ကောင်စီက နေ့စဥ် နေ့တိုင်း စစ်ရာဇဝတ်မှု ကျူးလွန်နေတယ်။ ဒါတင်မကဘဲ အုပ်စုလိုက်ကို ပိုပြီးဦးတည်လာတယ်လို့ ကျွန်မတို့ ပြောလို့ရပါတယ်။ မနေ့ကဆို ကိုယ်ဝန်ဆောင်တွေလည်း ပါတယ်။ ကလေးသူငယ်တွေလည်း ပါပါတယ်။ ဒီကိစ္စတွေက ကျွန်မတို့ မှတ်တမ်းတင်ထားတယ်။ နောက်ပိုင်းမှာ တကယ်လို့ စစ်ကောင်စီကို အရေးယူမယ်ဆို ကျွန်မတို့ဘက်ကလည်း ပူးပေါင်းဖို့ရှိပါတယ်”
ရှမ်းပြည်နယ်ထဲမှာ အခုလို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းနဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်တို့ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။
TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ဆန်၊ ကွတ်ခိုင်၊ သီပေါ၊ နောင်ချိုနဲ့ ကျောက်မဲမြို့နယ်တွေမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့လက်နက်ကြီးကြောင့် သြဂုတ် တစ်လအတွင်း အရပ်သား ၂၇ ဦး သေဆုံးခဲ့ကြောင်း TNLA က စက်တင်ဘာ ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
(မှတ်ချက် - ဤသတင်းတွင် နမ့်ခမ်းဖြစ်စဥ် ထိခိုက်သေဆုံးမှုအရေအတွက်၊ ကူညီကယ်ဆယ်ရေးသမား၊ TNLA ပြောခွင့်ရသူ လွေးယေဦးတို့၏ ပြောဆိုချက်များကို ထပ်မံဖြည့်စွက်ထားပါသည်။)