လေကြောင်းတိုက်ခိုက်မှုကြောင့် နှစ်ရက်အတွင်း အရပ်သား သုံးဆယ်နီးပါး သေဆုံး

ဇင်မာဝင်း (ဝါရှင်တန်ဒီစီ)
2024.09.06
လေကြောင်းတိုက်ခိုက်မှုကြောင့် နှစ်ရက်အတွင်း အရပ်သား သုံးဆယ်နီးပါး သေဆုံး ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

စက်တင်ဘာ ၅ ရက်နဲ့ ၆ ရက် ဒီနှစ်ရက်အတွင်း ရှမ်းပြည်နယ်ထဲက နမ့်ခမ်းမြို့ပေါ်နဲ့ ဖယ်ခုံမြို့နယ်က လအိ စစ်ဘေးဒုက္ခသည်စခန်းတွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား နှစ်ဆယ်ကျော် သေဆုံးခဲ့သလို မကွေးတိုင်း မြိုင်မြို့နယ် လက်ယက်မရွာကိုလည်း ဗုံးကြဲချခဲ့တာကြောင့် အရပ်သား ခြောက်ယောက် သေဆုံးခဲ့ပါတယ်။ ဒီနှစ်ရက်အတွင်း စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား သုံးဆယ်နီးပါး သေဆုံးခဲ့တာပါ။

လက်ယက်မရွာမှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီက ဗုံးကြဲခဲ့တာလို့ အဲဒီရွာမှာ ကယ်ဆယ်ရေးလုပ်ခဲ့တဲ့ ပခုက္ကူခရိုင် တပ်ရင်း ၁၇ ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအေကေက ပြောပါတယ်။

"ကျွန်တော်တို့တပ်ဖွဲ့တွေအနေနဲ့ စာသင်ကျောင်းနားမှာနေတာလည်း မရှိဘူး၊ ရပ်ရွာတွေထဲမှာလည်း နေတာမရှိဘူး၊ ဘာသတင်းရပြီး ပစ်သွားတယ်မသိဘူးဗျ၊ အကြောင်းမဲ့သက်သက်ကို လာပစ်သွားတာ၊ ပေါင် ငါးရာဗုံးနဲ့ စာသင်ကျောင်းကို ချတယ်လို့တော့ ခန့်မှန်းတယ်၊ စာသင်ကျောင်းကို မကျဘဲနဲ့ စာသင်ကျောင်းရှေ့က အိမ်ကို ကျသွားတာ၊ အစက ပွဲချင်းပြီးသေတာက ငါးယောက်၊ ဆေးတပ်ဖွဲ့တွေလာပြီးမှ ဆုံးသွားတာက တစ်ယောက်ဆိုတော့ ခြောက်ယောက်ဗျ"

လက်ယက်မရွာကို စစ်ကောင်စီက ပေါင် ငါးရာဗုံး လေးလုံးချပြီး တိုက်ခိုက်ခဲ့တာလို့ သူက ဆက်ပြောပါတယ်။ ရွာစာသင်ကျောင်းအရှေ့ ဗုံးကျတဲ့အိမ်က မိသားစုဝင် ငါးဦးမှာ လေးဦးက နေရာမှာတင် သေဆုံးခဲ့ပြီး စာသင်ကျောင်းရဲ့ တောင်ဘက် ဗုံးကျတဲ့နေရာက ဆယ်တန်းကျောင်းသူတစ်ဦးလည်း ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေထဲက တစ်ဦးကတော့ ကယ်ဆယ်ရေးအဖွဲ့တွေရောက်ချိန်မှာ သေဆုံးသွားတာဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုမှာ ထိခိုက်ဒဏ်ရာရသူ အရေအတွက်နဲ့ သေဆုံးသူတွေရဲ့ အချက်အလက်အသေးစိတ်ကို RFA က စုံစမ်းနေဆဲဖြစ်ပါတယ်။ ဒေသတွင်းသတင်းဌာနတွေမှာတော့ ကလေးတစ်ဦး အပါအဝင် အမျိုးသမီး လေးဦးနဲ့ အမျိုးသား နှစ်ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြကြပါတယ်။

မကွေးတိုင်း မြိုင်မြို့နယ်လက်ယက်မရွာတွင် လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၆ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ- အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်)
မကွေးတိုင်း မြိုင်မြို့နယ်လက်ယက်မရွာတွင် လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၆ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ- အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်)

ရှမ်းပြည်နယ်ထဲက နမ့်ခမ်းမြို့ပေါ်နဲ့ ဖယ်ခုံမြို့နယ်က လအိ စစ်ဘေးဒုက္ခသည်စခန်းတို့ကို စက်တင်ဘာ ၅ ရက် ညပိုင်းနဲ့ ၆ ရက်နေ့ မနက်အစောပိုင်းမှာ လေကြောင်းကနေ ပေါင်ငါးရာ ဗုံးတွေ ကြဲပြီး တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား အယောက် ၂ဝ ကျော် သေဆုံးခဲ့‌‌ပြီး အဲဒီထဲမှာ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးငယ်တွေ ပါဝင်ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာ ၃ ရက်နေ့ တောင်ကြီးမြို့ခရီးစဉ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ သိမ်းယူထားတဲ့ နယ်မြေတွေ ပြန်လည်ရရှိဖို့ လိုအပ်တာတွေ တုံ့ပြန်ဆောင်ရွက်သွားမယ်လို့ ပြောပြီးနောက် ဒီလိုလေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ဖြစ်လာတာပါ။

တအာင်းပြည်နယ် အခြေစိုက် နိုင်ငံရေးလေ့လာသူ ကိုဆိုရ်ဒါင်းက စစ်ရှုံးထားတဲ့နယ်မြေတွေမှာ စစ်ကောင်စီက ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာလို့ ပြောပါတယ်။

“စစ်ကောင်စီက သူ ဆုံးရှုံးထားတဲ့ နယ်မြေတွေ၊ စစ်ရှုံးတဲ့နယ်မြေတွေကို မဆီမဆိုင်နဲ့ ပြည်သူတွေကို ဦးတည်ချက် ရည်ရွယ်ချက်ရှိရှိနဲ့ လူထုအကြောက်တရားလွှမ်းမိုးသွားအောင် လုပ်နေတာဖြစ်တယ်၊ တော်လှန်ရေးတပ်ဖွဲ့တွေကို အကြမ်းဖက်အဖွဲ့တွေအနေနဲ့ ကြေညာပေမဲ့ အကြမ်းဖက်လုပ်ရပ်တွေကို သူကိုယ်တိုင် လုပ်နေတာဖြစ်တယ်”

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ကိုဗညားကလည်း စစ်ကောင်စီဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေ၊ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာလို့ သုံးသပ်ပါတယ်။

"တစ်ခါမှ တိုက်ပွဲမဖြစ်ဘဲနဲ့ လူထုတွေ ပုန်းအောင်းနေတဲ့ စစ်ရှောင်နေတဲ့ နေရာတွေကို အခြေခံပြီး လိုက်ဗုံးကြဲတာက တမင်သပ်သပ်ကို ရည်ရွယ်ချက်ရှိရှိကို လူထုအပေါ်မှာ သေစေလိုတယ် ပျက်စီးစေလိုတယ် မဟုတ်လည်း ကြောက်ရွံ့မှုဖြစ်စေပြီး လူမှုဘဝ ပျက်စီးအောင် လုပ်တဲ့လုပ်ရပ်လို့ပဲ ပြောလို့ရတယ်။ ဒီလုပ်ရပ်တွေက ခွင့်လွှတ်လို့ရတဲ့ မေ့ဖျောက်လို့ရတဲ့ လုပ်ရပ်တွေမဟုတ်ဘူး။ အဆိုးဝါးဆုံး လူ့အခွင့်အရေးချိုးဖောက်မှုတွေဖြစ်တဲ့အတွက် နိုင်ငံတကာမှာ တရားစွဲဆိုပြီး အပြစ်ပေးအရေးယူနိုင်ဖို့ အတတ်နိုင်ဆုံး လုပ်ရမယ့်အချိန်ဖြစ်နေပြီ နိုင်ငံတကာမှာတော့ နိုင်သလောက် တင်ပြတောင်းဆိုပြီး စစ်ကောင်စီလုပ်ရပ်တွေကို ရာဇဝတ်မှုကျူးလွန်တယ်ဆိုတာ ပြနိုင်အောင် အချက်အလက်စုဆောင်းရမယ့်အပြင် တစ်ချိန်တည်းမှာပဲ လူထုအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကုစားဖို့ သက်ဆိုင်သူအားလုံးက ကြိုးစားနေရမှာပေါ့ အလွယ်တကူမေ့ပျောက်ပြီး အရင်တုန်းကလို ပျက်ပြယ်လို့ရတာ မဟုတ်ဘူးဆိုတာ စစ်ကောင်စီကို အသိပေးလိုပါတယ်"


ဆက်နွှယ်သောသတင်းများ

မြိုင်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားခြောက်ဦးသေဆုံး

ရှမ်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် နှစ်ဆယ်ကျော်သေဆုံး

လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား သုံးဆယ်ခန့် သေဆုံးကြောင်း TNLA ပြော


စစ်ကိုင်းတိုင်း ရွေ့လျားဆေးကုသရေးတာဝန်ခံ ဒေါ်ရတီအုန်းကတော့ “စစ်ကောင်စီတပ်သားတွေ အချင်းချင်း စိတ်ခွန်အားမြင့်တက်အောင် လုပ်တာမျိုးလည်း ဖြစ်နိုင်တယ်။ စခန်းတွေ တစ်ခုပြီးတစ်ခုကျတယ်၊ အကုန်အသိမ်းခံရတယ် အဲဒီတော့ သူတို့အချင်းချင်းမှာ မေးလာတယ် ဘာလုပ်ကြမလဲဆိုတဲ့မေးခွန်းတွေ တွေ့လာရတယ် အဲဒါကို စိတ်ခွန်အားမြင့်တက်လာအောင် ရည်ရွယ်ချက်နဲ့ အပြစ်မဲ့အရပ်သားပြည်သူတွေကို စတေးခံအနေနဲ့ ရက်ရက်စက်စက် လုပ်ပြနေတာလို့ ပြောချင်တယ်” လို့ ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်ကတော့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်အောင် ဝိုင်းဝန်းကူညီကြဖို့ နိုင်ငံတကာကို တောင်းဆိုလိုက်ပါတယ်။

“အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာအနေနဲ့လည်း စစ်ကောင်စီကြောင့် ပြည်သူလူထုရဲ့အသက်တွေ သေကျေပျက်စီးနေတာကို ရပ်တန့်က ရပ်ဖို့ ကျွန်တော်တို့ တိုက်ပွဲဝင်နေတာကို ထောက်ခံပေးကြပါ။ သူတို့ (စစ်ကောင်စီ) ဆီ လေယာဉ်ဆီတွေ မရောက်အောင် ဝိုင်းပြီး ပိတ်ဆို့ပေးကြပါ၊ လေယာဉ်ဆီ ဝယ်ဖို့ ငွေကြေးစီးဆင်းမှုတွေ မရောက်အောင် ပိတ်ဆို့ပေးကြပါလို့ တောင်းဆိုချင်ပါတယ်၊ ဒါမှသာ အပြစ်မဲ့ပြည်သူတွေအသက်ကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်”

စစ်ကောင်စီဟာ စစ်ရေးရှုံးနိမ့်ပြီး စွန့်လွှတ်လိုက်ရတဲ့ နယ်မြေတွေ များလာချိန်မှာ အရပ်သားတွေနေထိုင်တဲ့ လူနေရပ်ကွက်တွေ၊ စစ်ဘေးဒုက္ခသည်စခန်းတွေ၊ ဆေးရုံ ဆေးခန်းတွေ၊ စာသင်ကျောင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာလို့ အကူအညီပေးနေသူတွေ၊ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၆ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၆ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)

ကိုယ်ဝန်သည်တွေနဲ့ ကလေးသူငယ်တွေအပါအဝင် အရပ်သားတွေကို အသက်ဆုံးရှုံးစေတဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ အရေးတကြီး လိုအပ်နေပြီး ဒီတိုက်ခိုက်မှုတွေအတွက် စစ်လက်နက်ခဲယမ်းထောက်ပံ့နေသူတွေဟာ စစ်ရာဇဝတ်မှုတွေကို အားပေးအားမြှောက် လုပ်ရာရောက်တယ်လို့လည်း ထောက်ပြကြပါတယ်။ ဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အခုနှစ် ဇန်နဝါရီလကနေ မေလအထိ ငါးလအတွင်း အရပ်သား ၆၆၂ ဦး သေဆုံးပြီး တစ်ထောင့်ငါးရာနီးပါး (၁,၄၉၂) ဦး ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကို လေ့လာစောင့်ကြည့်နေတဲ့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ စက်တင်ဘာ ၆ ရက်နေ့ထုတ်ပြန်ချက်အရ ဇွန်လအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၆၂ ဦးသေဆုံးခဲ့ပြီး ၂၅၃ ဦး ဒဏ်ရာရခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၂၃ ခုနှစ်ထက်စာရင် ဒီနှစ်မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူတွေ များလာတယ်လို့ လေ့လာစောင့်ကြည့်နေသူတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။