စစ်ကိုင်းက လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၁၆ ဦးအထိရှိလာ
2024.06.09
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် သပြေသာ (ခ) လက်ပံတန်းရွာ ဘုန်ကြီးကျောင်းမှာ ဇွန်လ ၈ ရက်နေ့က ကာကွယ်ရေးအဖွဲ့တွေရဲ့ (ပ) သုံးလုံး အစည်းအဝေးလုပ်နေချိန် စစ်ကောင်စီတပ်က လေကြောင်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် ရဟန်းနှစ်ပါး အပါအဝင် သေဆုံးသူ ၁၆ ဦးအထိ ရှိလာပြီး ဒဏ်ရာရသူ ၂၂ ဦးအထိရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီဘုန်းကြီးကျောင်းမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တို့ အစည်းဝေးလုပ်နေချိန် သတင်းအတိအကျနဲ့ လာရောက်တိုက်ခိုက်တာဖြစ်ပြီး ကိုးဦးက နေရာမှာပင် သေဆုံးခဲ့သလို ခုနစ်ဦးကတော့ ဒဏ်ရာရပြီးနောက်ပိုင်း သေဆုံးခဲ့တာလို့ ဆိုပါတယ်။
သေဆုံးသွားသူအချို့ဟာ ဘယ်သူဘယ်ဝါမှန်းတောင် မသိရတော့ဘူးလို့ ဒီအခြေအနေကိုသိတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"လူပုံစံမမြင်နိုင်တဲ့ပုံစံမျိုး တော်တော်လေးဖြစ်ပါတယ်။ မနေ့က ကျွန်တော်တို့ Video ရိုက်လာတဲ့အထဲ ခေါင်းပြတ်တွေပဲ၊ အကုန်လုံးက ဘယ်လိုပစ်ချသွားမှန်းမသိဘူး။ ဒဏ်ရာပြင်းထန်တဲ့သူ များမယ်။ လက်ပြတ်တဲ့သူတွေ၊ ခြေထောက်ပြတ်တဲ့သူတွေ ရှိပါတယ်၊ အတော်လေးလည်းများတယ်။ ဆေးဝါးလုံလောက်မှုလည်း မရှိဘူး"
ဇွန်လ ၉ ရက်နေ့ မနက်ပိုင်းမှာလည်း ရွာထဲကို စစ်ကြောင်းဝင်ရောက်စီးနင်းပြီး အမျိုးသမီးတွေအပါအဝင် ဒေသခံဆယ်ယောက်ခန့်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေ ပြောပေမဲ့ RFA အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
"ဒဏ်ရာပြင်းထန်တဲ့သူ များမယ်။ လက်ပြတ်တဲ့သူတွေ၊ ခြေထောက်ပြတ်တဲ့သူတွေ ရှိပါတယ်၊ အတော်လေးလည်းများတယ်။ ဆေးဝါးလုံလောက်မှုလည်း မရှိဘူး"
ဒီတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းဆောင်နှစ်ခုနဲ့ နေအိမ်သုံးဆယ်ခန့် ပျက်စီးခဲ့ပြီး ဒေသခံတွေကတော့ လေကြောင်းရန်ကို စိုးရိမ်တာကြောင့် မနေ့ကတည်းက ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
ဒဏ်ရာပြင်းထန်သူတွေကို ဆေးကုသပေးနေပေမဲ့ ဆေးဝါးမလုံလောက်မှုနဲ့ ကုသရေးအခက်အခဲကြောင့် အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ အမည်မဖော်လိုတဲ့ နောက်ထပ်ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"ဒဏ်ရာတွေ ပြင်းပြင်းရကြတယ်။ စိုးရိမ်ရတဲ့သူတွေလည်း ပါတယ်။ လောလောဆယ်တော့ အသက်တော့ မသေသေးဘူးပေါ့။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ပြောလို့တော့မရဘူး၊ ဆေးဝါးနဲ့ ကုသဖို့ အခက်ခဲတွေ ဖြစ်တဲ့အခါကျတော့"
ဒီတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး အတိအကျသိရဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေကို RFA က ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။
ကာကွယ်ရေးတပ်တွေနဲ့ နီးစပ်သူတစ်ဦးကတော့ (ပ)သုံးလုံးအစည်းဝေးလုပ်မယ်ဆိုတာ သတင်းပေးဒလန်ကြောင့် ပေါက်ကြားပြီး အခုလိုတိုက်ခိုက်ခံခဲ့ရတာလို့ RFA ကိုပြောပါတယ်။
"လူစုလူဝေးလုပ်တဲ့အချိန်မှာ သတင်းပေးလို့သာလျှင် လာပြီးကြဲတာပဲလေ။ သူတို့က ဟိုအဝေးကြီးက ဘယ်လိုလုပ် သိနိုင်မှာလဲ။ အဲဒီတော့ ရွာထဲမှာ သို့မဟုတ် ရွာအနီးအနားမှာ သူတို့နဲ့ အံဝင်ခွင်ကျ ပူးတွဲနေပြီးတော့ ကျွန်တော်တို့တွေနဲ့လည်း ဟန်မပြတ်နေပြီး အဲဒီလိုမျိုး ခွထိုင်ပြီးလုပ်နေတဲ့ ဒလန်သူလျှိုတွေရှိတယ်လို့ ကျွန်တော်က အဲဒီလိုပဲ အတိအလင်း သုံးသပ်တယ်ဗျ"
သေဆုံး၊ ဒဏ်ရာရသူတွေထဲမှာ ဒေသခံတွေ ပါဝင်မှု ရှိ၊ မရှိကိုတော့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။
ဒီအပေါ်တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့လည်း လက်ခံဖြေဆိုခြင်းမရှိပါဘူး။
ဇွန်လ ၃ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် မတောရွာက မင်္ဂလာဆောင်ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စုစုပေါင်း ၃၃ ဦး သေဆုံးခဲ့ပြီး ၆၄ ဦး ဒဏ်ရာရခဲ့ပါတယ်။
RFA က ပြုစုထားတဲ့စာရင်းအရ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အခုနှစ် ဇန်နဝါရီလကနေ မေလအထိ ငါးလအတွင်း အရပ်သား ၆၆၂ ဦး သေဆုံးပြီး ၁,၄၉၂ ဦး ဒဏ်ရာရခဲ့ပါတယ်။