သံတွဲမြို့က စစ်ဘေးဒုက္ခသည်စခန်း ဗုံးကြဲခံရ၊ ၁၄ ဦးသေဆုံးပြီး ၂၅ ဦးဒဏ်ရာရ
2024.09.26
AA သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲမြို့ပေါ်က စစ်ဘေးဒုက္ခသည်စခန်းကို စက်တင်ဘာလ ၂၆ ရက် ဒီနေ့မနက် ၈ နာရီခန့်မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နှစ်စီးနဲ့ ဗုံးကြဲခဲ့တာကြောင့် စစ်ဘေးဒုက္ခသည် ၁၄ ဦး သေဆုံးခဲ့ပြီး ၂၅ ဦး ဒဏ်ရာရခဲ့တယ်လို့ AA နဲ့ ဒေသခံတွေက ပြောပါတယ်။
“သံတွဲမြို့ကို ဂျက်လေယာဉ်နှစ်စီးနဲ့ လာရောက်တိုက်ခိုက်ခဲ့တယ်"
စစ်ဘေးဒုက္ခသည် နှစ်ရာကျော်ခိုလှုံနေတဲ့ နေရာနှစ်ခုကို ဗုံးလာကြဲခဲ့တာဖြစ်ပြီး ဒဏ်ရာရသူတွေကို ဆေးကုသပေးနေတယ်လို့ အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ခိုင်သုခက RFA ကို ပြောပါတယ်။
“သံတွဲမြို့ကို ဂျက်လေယာဉ်နှစ်စီးနဲ့ လာရောက်တိုက်ခိုက်ခဲ့တယ်။ မြို့တော်ခန်းမနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးရုံးကို ဗုံးနှစ်လုံးစီလာကြဲခဲ့တာ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးရုံးမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင် နှစ်ရာကျော်လောက်ရှိတယ်။ အဲဒီအထဲက ၁၄ ဦး သေဆုံးသွားပြီးတော့ ၂၅ ဦး ဒဏ်ရာရသွားတယ်။ ဒဏ်ရာရတဲ့ သူတွေကိုတော့ ဆေးရုံကို ပို့ထားတယ်။ ကလေးတွေနဲ့ သက်ကြီးပိုင်းတွေလည်း ပိုများတယ်”
စစ်ကောင်စီတပ်ဟာ စစ်ရာဇဝတ်မှုကို ကျုးလွန်တာဖြစ်ပြီး ဂျီနီဗာကွန်ဗင်းရှင်းကိုပါ ဆိုးဆိုးရွားရွား ချိုးဖောက်နေတာလို့ ဆိုပါတယ်။
လက်ရှိ သေဆုံး၊ ဒဏ်ရာရသူတွေကို စာရင်းပြုစုနေဆဲဖြစ်တာကြောင့် အသေးစိတ်ကို မသိရသေးပေမဲ့ ဒဏ်ရာပြင်းထန်သူတွေများလို့ သေဆုံးတဲ့ အရေအတွက် ဒီထက်ပိုပြီး များလာနိုင်တယ်လို့ ခိုင်သုခက ပြောပါတယ်။
လူမှုကွန်ရက်တွေပေါ်မှာ ပျံ့နှံ့လာတဲ့ သတင်းဓာတ်ပုံအချို့မှာတော့ သေဆုံးသူတွေထဲမှာ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုအချို့ကိုပါ တွေ့ရပါတယ်။
သေဆုံး၊ ဒဏ်ရာရသူတွေဟာ သံတွဲမြို့ခံတွေအပြင် သံတွဲမြို့နယ် ဂျိတ္တောနဲ့ ကမ်းခြေဘက်က အရပ်သားတွေ များတယ်လို့ သံတွဲမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဂျိတ္တောဘက်တို့ ကမ်းခြေဘက်တို့က သူတို့က အိမ်မပြန်နိုင်ဘဲ သံတွဲမြို့ပေါ်မှာ ခိုလှုံနေကြတာ။ နဂိုကတည်းက ဒုက္ခဆင်းရဲဖြစ်နေတဲ့အချိန်မှာ အခုလို လာဗုံးကြဲတော့ အဆုံးရွားဆုံး အခြေအနေတစ်ခုပေါ့ဗျာ။ ဒီထက်ဆိုးတာ မရှိတော့ဘူး။ ကလေးသူငယ်တွေ ဖြစ်သွားတာဆိုတော့ ဘယ်လိုမှ မဖြစ်သင့်တဲ့ကိစ္စပဲ။ သေတဲ့အထဲ ကလေးတွေ အရပ်သားတွေပဲဆိုတော့ အရပ်သားတွေကို ပစ်မှတ်ထားသလို ဖြစ်နေတယ်။ ဒါက လုံးဝမဖြစ်သင့်တာပဲ”
စက်တင်ဘာလ ၂၅ ရက်နေ့ကလည်း မြေပုံမြို့နယ် ကမ်းထောင့်ကြီးမြို့ကို လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံ နှစ်ဦး သေဆုံးပြီး၊ ခုနစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာလ ၂၄ ရက်နေ့ကလည်း တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံ နှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဆက်နွှယ်သော သတင်းများ
လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးမှု သုံးဆနီးပါး မြင့်တက်
ရခိုင်ပြည်နယ်က လက်ကျန်မြို့တွေကို သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေကြောင်း AA ပြော
လေကြောင်းအန္တရာယ်သတိထားဖို့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ သတိပေး
စက်တင်ဘာလ ၉ ရက်နေ့ကလည်း ပေါက်တောမြို့နယ် ရှင်ရွာက စစ်သုံ့ပန်းတွေနဲ့ အကျဉ်းသားတွေကို ဆေးကုသနေတဲ့နေရာကို ဂျက်တိုက်လေယာဉ် နှစ်စီးနဲ့ ဗုံးကြဲခဲ့တာကြောင့် အကျဉ်းသားနဲ့ စစ်သုံ့ပန်း ၁၇ ဦး သေဆုံးပြီး ဆယ်ယောက် ဒဏ်ရာရခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
အဲဒီနေ့မှာပဲ မောင်တောမြို့နယ်ကိုပါ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် AA ဖမ်းဆီးထားတဲ့ အကျဉ်းသားတွေနဲ့ သုံ့ပန်းတွေ အပါအဝင် စုစုပေါင်း ငါးဆယ်ကျော် နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
လေကြောင်းနဲ့ ဗုံးကြဲမှုတွေ များလာကြောင့် ဒေသခံတွေ စိုးရိမ်နေကြရတယ်လို့ ဂွမြို့နယ်မှာ စစ်ဘေးရှောင်နေတဲ့ သံတွဲမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“ကျွန်မတို့ လေကြောင်းအန္တရာယ်ကိုပဲ အဓိက စိုးရိမ်နေရတယ်။ ဂရုစိုက်နေရတယ်။ ပြည်သူတွေကို ပစ်မှတ်ထားပြီးတော့ လေကြောင်းကနေ တိုက်ခိုက်နေတဲ့အတွက် သူတို့ကို ပြောစရာစကားတောင် မရှိတော့ဘူး။ ဘယ်မှာပဲ ဗုံးကြဲ၊ ဗုံးကြဲလာကြဲရင် စာသင်ကျောင်းတို့၊ ဘုန်းကြီးကျောင်းတို့ကိုပဲ လာကြဲတာများတယ်။ သံတွဲမှာ ဗုံးကြဲတာကလည်း စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေကိုပဲ အကုန်ကြဲတာ”
ဗုံးကြဲတိုက်ခိုက်မှုအပေါ် တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။
ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် (AA) က သံတွဲမြို့နယ် အပါအဝင် မြို့နယ်ဆယ်ခုကို သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။
စစ်ကောင်စီတပ်ကလည်း သူတို့ လက်လွှတ်လိုက်ရတဲ့ မြို့နယ်တွေကို လေကြောင်းကို အသုံးပြုပြီး အရပ်သားတွေရှိနေတဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ အစိုးရ အဆောက်အအုံတွေကို ပစ်မှတ်ထား ဗုံးကြဲတာတွေ ဆက်တိုက်လုပ်ဆောင်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
(မှတ်ချက် - ဤသတင်းတွင်း ဒေသခံတစ်ဦး၏ ပြောဆိုချက်ကို ထပ်မံဖြည့်စွက်ထားပါသည်။)