MNDAA ထိန်းချုပ်ရာ သိန္နီမြို့ လေကြောင်းဗုံးကြဲခံရပြီး လူ ၁၅ ဦး သေဆုံး
2024.07.19
Updated 5:16 PM Jul 19, 2024
ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်မတော် (MNDAA) ထိန်းချုပ်ရာ သိန္နီမြို့ကို ဇူလိုင် ၁၈ ရက်နေ့ ညနေ ၄ နာရီလောက်က စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးခြောက်လုံး ကြဲချခဲ့တာကြောင့် အရပ်သား ၁၅ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သိန္နီမြို့က လူစည်ကားရာ မြို့မစျေးအနီး၊ တိုးဂိတ်နဲ့ အားကစားကွင်းအနီးတွေမှာ ကြဲချခဲ့တာလို့ ဆိုပါတယ်။
ဒဏ်ရာပြင်းထန်တဲ့သူတွေ များတဲ့အတွက် သေဆုံးတဲ့သူ ပိုများလာနိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"သိန္နီက မနေ့က ညနေပိုင်း လေယာဉ်နဲ့ ခြောက်လုံး လာကြဲသွားတယ်။ လေကြောင်းနဲ့ လေကြောင်းနဲ့။ လောလောဆယ်တော့ ၁၅ ဦးပေါ့။ ၁၅ ဦးကတော့ ဆုံးပြီ။ ဒဏ်ရာရတဲ့သူတွေလည်း ဆုံးဦးမယ်ထင်တာပဲ။ ဒဏ်ရာပြင်းထန်တယ်လေ။ ဒဏ်ရာရတဲ့သူ ကုသဖို့ဆိုတာလည်း ဆေးရုံလည်းမရှိ၊ ဆေးခန်းလည်းမရှိ၊ ဆေးဝါးလည်းမရှိ၊ ဆရာဝန်လည်းမရှိဆိုတော့ ဒဏ်ရာရပြီးတော့ သေတာလည်း ဖြစ်နိုင်တာပဲလေ။ ဒဏ်ရာရတာလည်း အများကြီးပဲ။ စျေးရောင်းစျေးဝယ်တဲ့အချိန်လေ"
သေဆုံးသူတွေနဲ့ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးဘူးလို့လည်း ပြောပါတယ်။
"ဒဏ်ရာရတဲ့သူ ကုသဖို့ဆိုတာလည်း ဆေးရုံလည်းမရှိ၊ ဆေးခန်းလည်းမရှိ၊ ဆေးဝါးလည်းမရှိ၊ ဆရာဝန်လည်းမရှိဆိုတော့ ဒဏ်ရာရပြီးတော့ သေတာလည်း ဖြစ်နိုင်တာပဲလေ"
အင်တာနက် စာမျက်နှာတွေမှာ ပျံ့နှံ့လာတဲ့ရုပ်သံတစ်ခုမှာတော့ တစ်စစီဖြစ်နေတဲ့ အလောင်းတချို့ကို တွေ့ရပါတယ်။
မနေ့က တိုက်ခိုက်ခံရမှုကြောင့် စျေးဆိုင်ခန်းတွေပါ တော်တော်များများ ပျက်စီးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကိုယ်တိုင်တွေ့ခဲ့သူတစ်ဦးက ပြောပါတယ်။
"နမ့်ပေါင်ကနေ စစ်ဘေးဒုက္ခသည်တွေခေါ်ပြီးလာတော့ လမ်းမှာ အသံကြားရတယ်။ သိန္နီရောက်တော့ လမ်းမဘေးကစျေးမှာ လေယာဉ်ဗုံးကျတာ တွေ့ရတယ်။ အဲဒီမှာ စျေးဆိုင်တွေလည်း တော်တော်များများ ပျက်စီးသွားတာကို တွေ့ရတယ်။ လူကလည်း တော်တော်များများ ထိသွားတယ်"
သေဆုံးသွားတဲ့ ရုပ်အလောင်းတွေကို MNDAA တပ်သားတွေက သယ်ထုတ်နေတာကိုတွေ့ရသလို ဒဏ်ရာပြင်းထန်သူတွေကို ကွတ်ခိုင်မြို့က ပုဂ္ဂလိကဆေးရုံတွေကို ပို့ဆောင်ပြီး ကုသပေးနေရတယ်လို့လည်း ဆိုပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးနဲ့ သိန္နီမြို့တွေမှာ မနေ့ကစလို ဆက်သွယ်ရေးဖုန်းလိုင်းတွေပါ ပြတ်တောက်နေတာကြောင့် ထိခိုက်ဒဏ်ရာရသူ အရေအတွက်နဲ့ အသေးစိတ် အချက်အလက်ကိုတော့ မသိရသေးပါဘူး။
သိန္နီမြို့က အခြေအနေတွေနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ ကိုးကန့်တပ်ဖွဲ့ (MNDAA) ပြောခွင့်ရသူ လီကျားဝင်း (ခေါ်) ဦးကျော်နိုင်နဲ့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီးပွားရးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ မနေ့က ညနေပိုင်းအချိန် သိန္နီမြို့က နိုင်ငံပိုင် အဆောက်အအုံတွေမှာ တပ်စွဲထားတဲ့ ကိုးကန့်အဖွဲ့ (MNDAA) ကို စစ်တပ်က လေကြောင်းနဲ့ ရှင်းလင်းလိုက်တယ်ဆိုပြီး ရုပ်သံဖိုင်တွေနဲ့အတူ ရေးသားထားပါတယ်။
ဒေသခံတွေကတော့ မြို့မဈေးအနီး ဘယ်အဖွဲ့အစည်းမှ အထိုင်ချ တပ်စွဲထားတာမရှိဘူးလို့ ပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
လားရှိုးမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး မြို့ခံ သုံးသောင်းခန့် ပိတ်မိနေ
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လေးရက်ကြာအပစ်ရပ်မယ်လို့ MNDAA ကြေညာ
လောက်ကိုင်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ဦးသေ၊ တစ်ဆယ်ကျော် ဒဏ်ရာရ
မနေ့က သိန္နီမြို့ကို တိုက်ခိုက်မှုဟာ စစ်ကောင်စီက တိုက်ပွဲမရှိဘဲ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တာလို့ အခြားဒေသတစ်ခုကို ထွက်ပြေးရောက်ရှိနေတဲ့ သိန္နီမြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။
"ဒီတိုင်း လေယာဉ်နဲ့ သွားကြဲတာ၊ အဲဒီမှာ တိုက်ပွဲမှ မဖြစ်တာ။ အဲဒီ စျေးကုက္ကိုလ်ပင်တစ်ဝိုက်၊ စျေးလေးကတော့ အကုန်လုံး စုတ်ပြတ်ကုန်ပြီ။ အဲဒီမှာ အစ်မတွေကိုလည်း ဆက်သွယ်လို့မရလို့ စိတ်ပူနေတာ။ သူငယ်ချင်းတွေလည်း ဆက်သွယ်လို့မရဘူး။ သူတို့ ဖုန်းတစ်လုံးမှ ဆက်လို့မရဘူး အခုချိန်ထိပဲ။ လားရှိုးလည်း ဆက်သွယ်လို့မရဘူး၊ သိန္နီလည်း ဆက်သွယ်လို့မရဘူး၊ အဲလိုမျိုးဖြစ်နေတာ။ ပြီးရင် လားရှိုးကတော့ ရှယ်ကြမ်းနေတယ်လို့ပြောတာပဲ ဝိုင်ဖိုင်ရတဲ့အိမ်တွေက ပြောလာတာ"
တရုတ်နိုင်ငံမှာ တရုတ်ကွန်မြူနစ်ပါတီရဲ့ အစည်းအဝေး ကျင်းပဖို့ ရှိနေတဲ့အတွက်ကြောင့် ဇူလိုင်လ ၁၄ ရက် ညကနေ ၁၈ ရက်အထိ ငါးရက်ကြာ အပစ်ရပ်မယ်လို့ ကိုးကန့်တပ်က ထုတ်ပြန်ထားပြီး အချိန်ပြည့်ခါနီးမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ လာရောက်တိုက်ခဲ့တာလို့လည်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့ကလည်း ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး ဆယ်ဦးကျော် ဒဏ်ရာရခဲ့တယ်လို့ လောက်ကိုင်ဒေသခံတွေက ပြောပါတယ်။
တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ တိုက်ပွဲပြင်းထန်နေတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာလည်း လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဇူလိုင်လ ၁၈ ရက်နေ့ တစ်ရက်တည်းမှာ အရပ်သား ၁၁ ဦး သေဆုံးပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကိုးကန့်တပ် (MNDAA) နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်နေတဲ့ လားရှိုးမြို့မှာလည်း ဇူလိုင်လ ၃ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ၁၆ ရက်အတွင်း သေဆုံးသူ သုံးဆယ်ကျော်ရှိပြီး ဒဏ်ရာရရှိသူ လေးဆယ်နီးပါးရှိတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။
ဒီနေ့မှာလည်း လားရှိုးမြို့ မုခ်ဦးအနီးက ခလရ (၄၁) တပ်နဲ့ AD တံတားဘက်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ လားရှိုးဒေသခံတစ်ဦးက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေး ပြန်လည်စတင်ခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့ကနေ ဇူလိုင်လ ၁၈ ရက်နေ့ကအထိ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ မိုးမိတ်နဲ့ မိုးကုတ်မြို့တွေမှာ သေဆုံးတဲ့ အရပ်သား ၉၄ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၃၁ ဦးအထိ ရှိနေတယ်လို့ TNLA က ပြောပါတယ်။
(မှတ်ချက် - မူလသတင်းတွင် ဒေသခံများ၏ ပြောဆိုချက်များကို ထပ်မံဖြည့်စွက်ထားပါသည်။)