လေကြောင်းတိုက်ခိုက်မှုတွေကို ဟန့်တားနိုင်ရေး တရုတ် အရေးယူမှုလိုအပ်

RFA Burmese
2024.11.25
လေကြောင်းတိုက်ခိုက်မှုတွေကို ဟန့်တားနိုင်ရေး တရုတ် အရေးယူမှုလိုအပ် ၂ဝ၂၄ ခုနှစ် နိုဝင်ဘာလ ၂ဝ ရက်နေ့က နောင်ချိုမြို့နယ်တွင် လေကြောင်း တိုက်ခိုက်ခံရအပြီး အပျက်အစီးများအား တွေ့ရစဉ်။
PSLF/TNLA News

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်အပြီးမှာ စစ်ကောင်စီတပ်က သူတို့ လက်လွှတ်ထားရတဲ့ နယ်မြေတွေကို လေကြောင်းတိုက်ခိုက်မှုတွေ တိုးလုပ်လာတယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ အရပ်ဘက်အဖွဲ့တွေက ပြောကြပါတယ်။

အထူးသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ နေ့စဉ်ဆိုသလို ဗုံးကြဲတိုက်ခိုက်နေတာလို့ ဆိုပါတယ်။

"စစ်ကောင်စီက တိုက်ပွဲနေရာမှာ လေယာဉ်သုံးပြီးတိုက်ခိုက်တာထက်ပေါ့လေ အရပ်သားတွေစုဝေးတဲ့နေရာကို ခန်းမလိုမျိုး၊ ဆေးရုံဆေးခန်းတို့ကိုပဲ ဦးတည်ပြီးတော့မှ ရွေးချယ်ပြီးမှ ပစ်တာကို တွေ့ရပါတယ်"

စစ်ခေါင်းဆောင် တရုတ်ခရီးစဉ်ကနေ ပြန်ရောက်လာတဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့ နောက်ပိုင်းကစပြီး ဒီနေ့အထိ မိုးကုတ်၊ နောင်ချို၊ ကွတ်ခိုင်နဲ့ မိုင်းငေါ့ စတဲ့ မြို့လေးမြို့မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၂၈ ဦး သေဆုံးပြီး ငါးဆယ်ကျော် ဒဏ်ရာရခဲ့ပါတယ်။

TNLA ကတော့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို တားမြစ်ပေးဖို့နဲ့ လူသားချင်းစာနာမှု အကူအညီတွေပေးဖို့ ဩဂုတ်လဆန်းပိုင်းကတည်းက တရုတ်အစိုးရကို တောင်းဆိုထားပေမဲ့ တရုတ်နိုင်ငံ ဘက်ကတော့ တုံ့ပြန်လာတာ မရှိသေးဘူးလို့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက RFA ကို ပြောပါတယ်။

"စစ်ကောင်စီက တိုက်ပွဲနေရာမှာ လေယာဉ်သုံးပြီးတိုက်ခိုက်တာထက်ပေါ့လေ အရပ်သားတွေ အပြစ်မဲ့လူထုတွေကိုပဲ ဦးတည်ပြီးတော့မှ အထူးသဖြင့် အရပ်သားတွေစုဝေးတဲ့နေရာကို ခန်းမလိုမျိုး၊ ဆေးရုံဆေးခန်းတို့ကိုပဲ ဦးတည်ပြီးတော့မှ ရွေးချယ်ပြီးမှ ပစ်တာကို တွေ့ရပါတယ်။ ဒီအရပ်သားတွေကို ဦးတည်ပြီးတော့မှ တိုက်ခိုက်နေခြင်းအပေါ် ကျွန်မတို့ကန့်ကွက်ရှုတ်ချပြီးတော့မှ တစ်ဖက်မှာလည်း တရုတ်အစိုးရက လူသားချင်းစာနာထောက်ထားမှုတွေနဲ့ ကူညီဆောင်ရွက်ပေးဖို့ တောင်းဆိုတာမျိုးရှိတယ်။ သို့ပေမဲ့ လက်ရှိအချိန်အထိ တရုတ်အစိုးရဘက်က ဘာမှအကြောင်းကြားတာမျိုးလည်းမရှိသေးသလို ကူညီဆောင်ရွက်တာလည်း မရှိသေးပါဘူး"

တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက်မှာလည်း TNLA ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ တိုးလုပ်လာတာကြောင့် ဒေသခံ နှစ်ရာခန့် သေဆုံးပြီး သုံးရာခန့် ဒဏ်ရာရခဲ့တယ်လို့ လွေးယေဦးက ပြောပါတယ်။

စစ်ကောင်စီကို တားမြစ်ဖို့ TNLA တောင်းဆိုမှုကို တရုတ်ဘက်က မတုံ့ပြန်ပေမဲ့ တိုက်ပွဲဖော်ဆောင်နေတာကို ချက်ချင်းရပ်တန့်ဖို့ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၉ ရက်နေ့မှာတော့ တရုတ်အစိုးရက TNLAကို သတိပေးစာ တစ်စောင် ပေးပို့ခဲ့ပါတယ်။

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံဝန်ကြီးချုပ် လီချန်း (H.E. Mr. Li Qiang) တို့ တရုတ်နိုင်ငံ ကူမင်းမြို့တွင် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့က တွေ့ဆုံစဉ်။ (Photo: Myanmar Military)
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံဝန်ကြီးချုပ် လီချန်း (H.E. Mr. Li Qiang) တို့ တရုတ်နိုင်ငံ ကူမင်းမြို့တွင် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့က တွေ့ဆုံစဉ်။ (Photo: Myanmar Military)

ဒါ့အပြင် စစ်ကောင်စီက တရုတ်ဆီကနေမှာ ယူထားတဲ့ အပေါ့စား တိုက်ခိုက်ရေး ဂျက်တိုက်လေယာဉ် FTC 2000 G ခြောက်စင်း ဩဂုတ်လထဲမှာပဲ ပြည်တွင်းကို ရောက်ရှိလာပါတယ်။ FTC2000G အပေါ့စား တိုက်ခိုက်ရေး ဂျက်လေယာဉ်ဟာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ အများဆုံး အသုံးပြုနေတဲ့ လေယာဉ်အမျိုးအစားထဲမှာ ပါဝင်တယ်လို့ CDM လေတပ်အရာရှိတွေက ပြောပါတယ်။


ဆက်နွှယ်သောသတင်းများ

စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်နောက်ပိုင်း လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာ

TNLA ထိန်းချုပ်ဒေသမှာ လေကြောင်းကြောင့် ဒေသခံ ၂၅ ဦးသေ၊ လေးဆယ်ကျော် ဒဏ်ရာရ

အာဏာသိမ်းကာလ စစ်ရာဇဝတ်မှုတွေကြောင့် ကယားပြည်နယ်မှာ အရပ်သား ၂၅၀ ကျော် သေဆုံး


တရုတ်အစိုးရပိုင် ကုမ္ပဏီတွေကလည်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွက် လေယာဉ်ဆီနဲ့ ဆက်စပ်ပစ္စည်းတွေကိုပါ ဆက်လက်ထောက်ပံ့နေတယ်လို့ သွေးစွန်းငွေ ဖြတ်တောက်ရေးအဖွဲ့ (Blood Money Campaign) ပြောခွင့်ရသူ မေက RFA ကို ပြောပါတယ်။

“AVIC ဆို စစ်အုပ်စုကို စစ်တိုက်တဲ့လေယာဉ်တွေ လက်နက်တွေပေါ့နော် ဒီလေကြောင်းတိုက်ခိုက်မှုလုပ်ရင် တပ်ပြီးတော့ ပစ်တဲ့ဒုံးကျည်လက်နက် ခဲယမ်းတွေ ပြီးတော့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ပြီးတိုင်းမှာ သူတို့ပြန်လည်ပြုပြင်ထိန်းသိမ်းရတဲ့ မွမ်းမံရတဲ့ လုပ်ငန်းတွေရှိတယ်။ တပ်ဆင်ရတဲ့ ဆက်စပ်ပစ္စည်းတွေရှိတယ်။ ပြီးတော့ သင်တန်းတွေရှိတယ်ပေါနော်။ ဒါနည်းပညာပိုင်းဆိုင်ရာ။ ဒါတွေအကုန်လုံးကို တရုတ်က ထောက်ပံ့ပေးနေတာဖြစ်တယ်။ တရုတ်သည် မြန်မာနိုင်ငံကို ကိုယ်တိုင်လာပြီးတော့ ဗုံးမကြဲတာ တမယ်ပဲ။ စစ်အုပ်စုက လေကြောင်းဗုံးကြဲနိုင်ဖို့ကို သူသည်အကုန်လုံးကို ထောက်ပံ့ပေးနေတာဖြစ်တယ်။ လေယာဉ်ဆီရော၊ စစ်လေယာဉ်ရော လေယာဉ်ဆက်စက်ပစ္စည်းတွေရောပေါ့နော်"

တရုတ်နိုင်ငံပိုင် လေယာဉ် ကုမ္ပဏီ Aviation Industry Corporation of China ခေါ် (AVIC) နဲ့ အတူ မိတ်ဖက် ကုမ္ပဏီအဖြစ် ရင်းနှီးမြှုပ်နှံထားတဲ့ လေယာဉ်ကုမ္ပဏီ Airbus ကို အချိုးကျပိုင်ဆိုင်တဲ့ ဂျာမနီ၊ ပြင်သစ်၊ စပိန် အစိုးရတွေအနေနဲ့ တရုတ်ရဲ့ စစ်ကောင်စီကို ထောက်ပံ့နေမှုကို တားဆီပေးဖို့ လိုအပ်တယ်လို့ သွေးစွန်းငွေ ဖြတ်တောက်ရေးအဖွဲ့က ပြောပါတယ်။

စစ်ကောင်စီကို လေယာဉ်ဆီဖြတ်တောက်ရေး ကမ္ဘာလုံးဆိုင်ရာ လူထုလှုပ်ရှားမှုကို ၂၀၂၄ ခုနှစ် မတ်လ ၁၁ ရက်နေ့က မုံရွာမြို့နယ်တွင် ပြုလုပ်ခဲ့စဉ်။ (Photo: Blood Money - သွေးစွန်းငွေ)
စစ်ကောင်စီကို လေယာဉ်ဆီဖြတ်တောက်ရေး ကမ္ဘာလုံးဆိုင်ရာ လူထုလှုပ်ရှားမှုကို ၂၀၂၄ ခုနှစ် မတ်လ ၁၁ ရက်နေ့က မုံရွာမြို့နယ်တွင် ပြုလုပ်ခဲ့စဉ်။ (Photo: Blood Money - သွေးစွန်းငွေ)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောခွင့်ရသူ ဦးကျော်ဇော်ကတော့ စစ်ကောင်စီကို လေယာဉ်ဆီဖြတ်တောက်ရေးအတွက် ဒေသတွင်း နိုင်ငံတွေကပါ အရေးယူပိတ်ဆို့မှ ပိုပြီးထိရောက်လိမ့်မယ်လို့ ပြောပါတယ်။

"စစ်တပ်အပေါ်မှာ ငွေကြေးစီးဆင်းမှုတွေ ဒီစီးဆင်းမှုတွေကိုရပ်တန့်အောင် ဒေသတွင်းနိုင်ငံတွေက ဆောင်ရွက်မယ်ဆိုရင် ပိုမိုထိရောက်တဲ့အရေးယူမှုတွေဖြစ်မယ်။ နောက် ဒေသမှာ ရှိတဲ့နိုင်ငံတွေကနေ လေယာဉ်ဆီသွင်းပေးနေတဲ့ ကုမ္ပဏီတွေကိုလည်း ပိတ်ဆို့အရေးယူမှုတွေလုပ်ဖို့ လိုအပ်ပါတယ်။ လေယာဉ်ဆီသယ်တဲ့ သင်္ဘောလိုင်းတွေ၊ သင်္ဘောတွေအရေးယူဖို့ ဥပမာဆိုရင် သူတို့ရဲ့အာမခံတွေမရောင်းတာတို့ စသဖြင့် အရေးယူမှုတွေ လုပ်မယ်ဆိုရင်လည်း ဒီနည်းလမ်းတွေရှိတယ်ဆိုတာ ထောက်ပြပြောကြားချင်ပါတယ်"

ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ အာဆီယံအဖွဲ့စည်းက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ချမှတ်ထားတဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ ဆုံးဖြတ်ချက်ကို စစ်ကောင်စီက မလိုက်နာတာကြောင့် အခုထက် ပိုပြီး အရေးယူမှုတွေ ဖြစ်လာဖို့ ကြိုးပမ်းနေတယ်လို့လည်း သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ကုလသမဂ္ဂအထွေထွေညီလာခံမှာ အတည်ပြုခဲ့တဲ့ “ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေနဲ့ တခြားလူနည်းစုတွေရဲ့ လူ့အခွင့်အရေးအခြေအနေဆုံးဖြတ်ချက် အဆိုမူကြမ်း” မှာ စစ်ကောင်စီဆီ လက်နက်နဲ့ လေယာဉ်ဆီတင်ပို့ ရောင်းချနေတာကို ရပ်တန့်နိုင်ရေးနဲ့ဆိုင်တဲ့ စာသားတွေ ခိုင်ခိုင်မာမာ မတွေ့ရတဲ့အတွက် စိတ်ပျက်မိတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောခဲ့ပါတယ်။ ဒါ့အပြင် မြန်မာပြည်တွင်းမှာဖြစ်နေတဲ့ အခြေအနေ၊ အကျပ်အတည်းနဲ့ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေတာတွေကို ဖြေရှင်းပေးနိုင်တဲ့ အခြေအနေတွေ မတွေ့ရဘူးလို့လည်း သံအမတ်ကြီးက ထောက်ပြခဲ့ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် တရုတ်နိုင်ငံနဲ့ အာဆီယံအဖွဲ့ဝင် ဗီယက်နမ်နဲ့ စင်ကာပူနိုင်ငံတွေရဲ့ ကုမ္ပဏီတွေနဲ့ ဆိပ်ကမ်းတွေကတစ်ဆင့် လေယာဉ်ဆီတွေကို ဆက်ပြီး တင်ပို့နေနိုင်တာကြောင့် လေကြောင်းတိုက်ခိုက်မှုတွေကို မရပ်တန့်နိုင်တာလို့ အရပ်ဘက်အဖွဲ့စည်းတွေက ဝေဖန်ကြပါတယ်။

လက်ရှိမှာတော့ တရုတ်အစိုးရနဲ့ စစ်ကောင်စီကြား ဆက်ဆံရေး ပြန်လည်ကောင်းမွန်နေတဲ့အတွက် စစ်ကောင်စီကို အလုံးစုံ ပိတ်ဆို့နိုင်တာ မရှိသေးဘူးလို့ မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက RFA ကို ပြောပါတယ်။

"တရုတ်နဲ့ ဆိုရင်လည်း ပိုပြီးတော့ ဆက်ဆံရေးက ကောင်းလာတဲ့ သဘောမျိုးတွေ့ရတယ်။ အခုအိန္ဒိယနဲ့လည်း ဆက်ဆံရေးက ပိုပြီးတော့တိုးတက်လာတဲ့ သဘောမျိုးကို တွေ့ရတယ်။ သူတို့ဆီကနေ စီးဝင်နိုင်မဲ့ စစ်ကောင်စီကို ထောက်ပံ့နိုင်မဲ့ အနေအထားမျိုးတွေက အခုလက်ရှိအခြေ အနေမှာတော့ တားမြစ်နိုင်ခြင်း ရှိမနေသေးဘူး။ UN ကလည်းမတားနိုင်ဘူး။ အမေရိကားလည်း မတားနိုင်ဘူး။ အာဆီယံဒေသတွင်းမှာလည်း တားမြစ်ပိတ်ပင်တာ တွေ ထိထိရောက်ရောက် မလုပ်နိုင်သေးဘူး"

ဒီပြောဆိုမှုတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က ဒီနေ့မှာ အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းထားပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်လို့ ဘက်မလိုက်တဲ့မူဝါဒနဲ့ ကြားဝင်စေ့စပ်နေသလို ပြည်သူတစ်ရပ်လုံးကို မျက်နှာမူတဲ့ မူဝါဒကို လက်ကိုင်ကျင့်သုံးနေတယ်လို့ တရုတ်နိုင်ငံဘက်က အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုထားပါတယ်။

ဒါပေမဲ့ မြောက်ပိုင်းအဖွဲ့တွေနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ကို တိုက်ပွဲ မဖော်ဆောင်ဖို့ နည်းလမ်းမျိုးစုံနဲ့ ဖိအားပေးနေပေမဲ့ ပြည်တွင်းမှာ ပိုပြီး တိုးမြှင့်လာတဲ့ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကိုတော့ ထိထိရောက်ရောက် ဖိအားပေး ပြောဆိုတာမျိုး မတွေ့ရဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေနဲ့ အရပ်ဘက်အဖွဲ့တွေက ထောက်ပြကြပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေ တိုးလုပ်လာတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ အောက်တိုဘာလအထိ ဆယ်လအတွင်း နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ၁၈ နှစ်အောက် ကလေး ၁၀၉ ဦးအပါအဝင် စုစုပေါင်း အရပ်သား ၅၄၀ ဦး သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။