ခုနစ်လအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၁၄ ဦး အစုအပြုံလိုက်သေဆုံး

RFA Burmese
2024.07.31
ခုနစ်လအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၁၄ ဦး အစုအပြုံလိုက်သေဆုံး ဆောမြို့နယ် တောမရွာကို ၂၀၂၄ ခုနှစ် မေလ ၁၄ ရက်နေ့က စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးခဲ့သည့် နေအိမ်အချို့အား တွေ့ရစဉ်။
ယောအလင်းတန်း

အာဏာသိမ်း စစ်ကောင်စီက သူထိန်းချုပ်ထားတဲ့ နယ်မြေတွေ လက်လွှတ်ဆုံးရှုံးလာရတာနဲ့အမျှ အရပ်သားတွေကို စစ်ရေးပစ်မှတ်သဖွယ် သတ်မှတ်ပြီး လေကြောင်းကနေ တိုက်ခိုက်တာတွေ ပိုများလာတယ်လို့ ဒေသအခြေစိုက် ကာကွယ်ရေးတပ်တွေနဲ့ အရပ်သားတွေက ပြောပါတယ်။

RFA က ပြုစုထားတဲ့ အချက်အလက်တွေအရ ဒီနှစ် ဇန်နဝါရီလကနေ ဇူလိုင် ၂၉ ရက်နေ့အထိ ခုနစ်လအတွင်း မြို့နယ်ပေါင်း ရှစ်မြို့နယ်မှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ငါးဦးနဲ့အထက် အစုလိုက် အပြုံလိုက် သေဆုံးရတဲ့ ဖြစ်စဉ် ရှစ်ခုရှိခဲ့ပြီး အဲဒီမှာ အရပ်သား ၁၁၄ ဦး သေဆုံးခဲ့တာပါ။

"အဓိက အထိနာတာကတော့ ပြည်သူတွေ အထိနာမယ်။ ရက်စက်မှုတွေ ခံနေရတာကတော့ ပြည်သူလူထုပေါ့"

ဒါ့အပြင် နောက်ထပ် အရပ်သား ၂၈၇ ဦးကတော့ ဒီတိုက်ခိုက်မှုတွေကြောင့် ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာတွေနဲ့ ခန္ဓာကိုယ် မသန်စွမ်းဖြစ်ခဲ့ရသူတွေလည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့မှာ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်က ပုအင်းရွာသစ် ဘုန်းကြီးကျောင်းနဲ့ လွှစင်ကုန်းလမ်းဆုံနေရာတွေကို လေကြောင်းကနေ ဗုံးကြဲချခဲ့တာကြောင့် ကိုယ်ဝန်ဆောင်မိခင်အပါအဝင် လူ ၁၉ ဦး သေဆုံးခဲ့ပါတယ်။

ဘုန်းကြီးကျောင်းအတွင်းမှာ လူစည်ကားနေချိန် စစ်ကောင်စီဘက်က အရပ်သားတွေကို စစ်ရေးပစ်မှတ်သဖွယ် သတ်မှတ်ပစ်ခတ်ခဲ့တာလို့ ကျိုက်မရော မြို့ခံ ကိုဝေဦး က ပြောပါတယ်။

“ရက်ကြီးအခါကြီးမှာဆိုတာ ပြည်သူတွေ သိတဲ့အတိုင်းပဲ ဗုဒ္ဓဘာသာတွေအနေနဲ့ ကလေးတွေက ရက်ကြီးအခါကြီးဆို ကျွေးကြမယ်။ မွေးကြမယ်။ ဘုန်းကြီးကျောင်းမှာ လူစုကြမယ်ဆိုတဲ့ အစဉ်အလာ အမြဲတမ်းရှိတယ်လေ။ အဲဒါကို သိသိကြီးနဲ့ သူကကြဲချတာ ဆိုတာက လူထုကို သူတို့က မျက်နှာတစ်ခါမှ ကြည့်တာ မဟုတ်ဘူးလေ။ စစ်ကောင်စီဆိုတဲ့ အမျိုးက"

ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ဘုန်းကြီးကျောင်းဆောင် တစ်ခုလုံးလည်း ကြေမွပျက်စီးခဲ့ပြီး အရပ်သားတွေရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတချို့လည်း တစ်စစီ ပြန့်ကျဲနေတဲ့ အဖြစ်ဆိုးကြီး ကြုံခဲ့ရတာလို့ သူက ဆိုပါတယ်။

မင်းကင်းမြို့နယ် မတောရွာတွင် ၂၀၂၄ ခုနှစ် ဇွန်လ ၃ ရက်နေ့က မင်္ဂလာဆောင်ပွဲကျင်းပနေချိန် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည်များကို တွေ့ရစဉ်။ (Photo: Student's Revolutionary Force)
မင်းကင်းမြို့နယ် မတောရွာတွင် ၂၀၂၄ ခုနှစ် ဇွန်လ ၃ ရက်နေ့က မင်္ဂလာဆောင်ပွဲကျင်းပနေချိန် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည်များကို တွေ့ရစဉ်။ (Photo: Student's Revolutionary Force)

ဒီခုနစ်လအတွင်း ကျိုက်မရောအပြင် စစ်ကိုင်း၊ ဆော၊ လွိုင်ကော်၊ ဒီးမော့ဆို၊ ကျိုက်မရော၊ ခမ်းပတ်၊ မင်းကင်းနဲ့ သိန္နီမြို့နယ်တို့မှာ လေကြောင်းကနေ စုစုပေါင်း ရှစ်ကြိမ် တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။ လေကြောင်း တိုက်ခိုက်ခံရတဲ့ အဲဒီနေရာတွေဟာ တိုက်ပွဲဖြစ်နေတာ မရှိဘဲ စစ်ကောင်စီကသာ ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောကြပါတယ်။

မွန်ပြည်နယ်အတွင်းမှာ မြေပြင်ထိုးစစ်ထက် ဝေဟင်ထိုးစစ်တွေကို စစ်ကောင်စီဘက်က လူသတ်လက်နက် သဖွယ် အသုံးချလာတယ်လို့ ရေးမြို့နယ် ဒေသကာကွယ်ရေး အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုရေးဘီလူးက ပြောပါတယ်။

"လေကြောင်းလိုင်း ဆိုတာကတော့ တိကျမှုရှိသလို မတိကျမှုတွေလည်း ရှိတယ်ဗျ။ ရမ်းသန်းပြီး ပစ်ခတ်တာ မို့လို့။ ကျွန်တော်တို့အနေနဲ့ သုံးသပ်ရရင် ပြည်သူဘက်က ထိခိုက်နိုင်ခြေ တစ်ရာ ရာခိုင်နှုန်း ရှိတယ်ဗျ။ အဓိက အထိနာတာကတော့ ပြည်သူတွေ အထိနာမယ်။ ရက်စက်မှုတွေ ခံနေရတာကတော့ ပြည်သူလူထုပေါ့။ စစ်ကောင်စီရဲ့ ယုတ်မာမှုပေါ့။ ဘာလို့လဲဆို မြေပြင်မှာ Battle ဆိုင်ပြီး ပစ်ရတဲ့ အခြေအနေထက် လေကြောင်းလိုင်းက သူတို့တွေဘက်က ရမ်းသန်းပြီး ပစ်ခတ်လာတာမို့လို့ အဓိကအထိနာတာ ပြည်သူတွေဖြစ်တယ်"

အမျိုးသားညီညွတ်ရေး အစိုးရ(NUG) ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်ကတော့ လေကြောင်း တိုက်ခိုက်မှုတွေမှာ အရပ်ဘက်သုံး လေယာဉ်တွေပါ စစ်ကောင်စီ အသုံးပြုတာ တွေ့ရတယ်လို့ ပြောပါတယ်။

"သူကတော့ နည်းလမ်းပေါင်းစုံ သုံးနေတာပေါ့နော်။ အခုဆိုရင် ဒရုန်းတွေကိုပါ သုံးလာတဲ့ သဘောရှိတယ်။ ပြီးရင် ဂျက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ သုံးတယ်။ ပြီးတဲ့အခါမှာ ကျွန်တော်တို့ သိရသလောက်ဆိုရင် ရိုးရိုး အရပ်သားလူသယ်တဲ့ လေယာဉ်တွေကိုပါ သုံးပြီးတော့ ဗုံးတွေကို ပစ်ချတာမျိုးပေါ့။ အဲဒါမျိုးတွေလည်း သုံးတယ်"

စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေကို တိုက်ခိုက်တာဟာ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု ဥပဒေကို ချိုးဖောက်တာဖြစ်သလို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချထားတဲ့ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်တွေအပေါ် ကျူးလွန်တဲ့ ကြီးလေးတဲ့ချိုးဖောက်မှု ခြောက်ခုထဲက တစ်ခုဖြစ်တယ်လို့ သူက ဆိုပါတယ်။

NUG အနေနဲ့ အာဏာသိမ်း ကာလတစ်လျှောက် စစ်ကောင်စီတိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သားတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ အခြေအနေတွေကို မှတ်တမ်းတင်ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်အရေးယူဖို့ ပြင်ဆင်နေတယ်လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ခဲ့သည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ တိုက်နယ်ဆေးရုံကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - Facebook/ ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်)
စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ခဲ့သည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ တိုက်နယ်ဆေးရုံကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - Facebook/ ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်)

စစ်ကောင်စီရဲ့ ဒီတိုက်ခိုက်မှုတွေအရ အရပ်သားတွေ လူစုဝေးနေတဲ့ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ မင်္ဂလာဆောင်လို အခမ်းအနားတွေ၊ ပွဲလမ်းသဘင်တွေ စတဲ့ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက် တာကြောင့် လူထိခိုက်သေဆုံးမှုများခဲ့တာဖြစ်ပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေကနေ အသက်ရှင်လွတ်မြောက်ခဲ့ သူတွေဟာလည်း စိတ်ကျန်းမာရေး ထိခိုက်ပြီး ကျန်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလက ကလေးငယ် ၁၁ ဦးအပါအဝင် လူ ၁၃ ဦး သေဆုံးခဲ့ရတဲ့ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာ တိုက်ခိုက်ခံရတာကို တစ်သက်လုံး မေ့နိုင်မှာ မဟုတ်ဘူးလို့ ရွာခံ ကိုမျိုးမင်းဦးက ပြောပါတယ်။

“တစ်သက်တာ မေ့လို့မရတဲ့ အဖြစ်ဆိုးလို့ ပြောရမှာပဲ။ ဒီအဖြစ်အပျက်ကြီးကတော့ ဘယ်လောက်ပဲ ကြာကြာ မနေ့တစ်နေ့ကလိုပဲ စိတ်ထဲအောက်မေ့ပြီးတော့ သေဆုံးသွားတဲ့ ကလေးတွေရော၊ ရဲဘော်တွေရော၊ ရွာသူရွာသားတွေရော ပေါ့ဗျာ။ ရပ်ရွာမှာ ပွဲတစ်ပွဲကျင်းပတိုင်း သူတို့ကို သတိရနေတာပေါ့"


ဆက်နွှယ်သောသတင်းများ

လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား သေဆုံးမှု စံချိန်တင်မြင့်တက်

အစုလိုက်အပြုံလိုက် အသတ်ခံရသူ ၁၆၀၀ ကျော်ရှိကြောင်း NLD ထုတ်ပြန်

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် လေးလအတွင်း အရပ်သား ၃၇၀ နီးပါး သေဆုံး


စစ်ကောင်စီက ၁၉၅၉ ခုနှစ် တပ်မတော် အက်ဥပဒေတွေထဲမှာ အရပ်ဘက်ပစ်မှတ်တွေကို မပစ်ခတ်ဖို့ ပြဋ္ဌာန်းထားတဲ့ တားမြစ်ချက်တွေကို အတိအလင်းချိုးဖောက်နေတယ်လို့ တရားလွှတ်တော် ရှေ့နေတစ်ဦးက ထောက်ပြပါတယ်။

"၁၉၅၉ ခုနှစ် တပ်မတော်အက်ဥပဒေနဲ့ နည်းဥပဒေတွေမှာရော စစ်ဆင်ရေးနယ်မြေတစ်ခုအတွင်းမှာ အရပ်ဘက်ပစ်မှတ်တွေကို အထူးသဖြင့် ပြည်သူတွေနေတဲ့ ကျေးရွာတွေ၊ စာသင်ကျောင်းတွေ၊ ဘာသာရေး အဆောက်အအုံတွေ၊ နောက်တစ်ခါ ဆေးရုံတွေ ဒါတွေဟာ ဘယ်လိုမှ ထိပါးလို့ မရတဲ့ ပစ်မှတ်တွေ ဖြစ်တယ်။ အကယ်၍များ ရန်သူနဲ့ ပြည်သူရောထွေးနေတယ်။ ဝေခွဲမရဘူးဆိုရင်လည်း ဝိုင်းကာပိတ်ဆို့ပြီးပဲ တိုက်ခိုက်လို့ ရတယ်။ PDFတွေ ရှိလို့ တိုင်းရင်းသား လက်နက်ကိုင်တွေရှိလို့။ ဘယ်သူသေသေ အရပ်သားတွေ သေသေမသေသေ အရပ်ဘက်ပစ်မှတ်တွေကို တိုက်ခိုက်လို့ မရပါဘူး။ နိုင်ငံတကာ ဥပဒေအရရော၊ ပြည်တွင်းဥပဒေအရရော အားလုံး ကန့်သတ်ထားပါတယ်"

လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေက - စစ်ပွဲဧရိယာနဲ့ မလွတ်ကင်းတဲ့ ဒေသတွေမှာ နေထိုင်တဲ့ အရပ်သားတွေကို လူသားဒိုင်း မလုပ်ဖို့၊ စစ်ရေးပစ်မှတ်သဖွယ် မပစ်ခတ်ဖို့ စစ်ကောင်စီကို အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမဲ့ လေကြောင်းတိုက်ခိုက်မှုတွေက ရပ်တန့် မသွားပါဘူး။

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးရတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ် အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် မေလကုန်အထိ သုံးနှစ်ကျော်အတွင်း စစ်ကောင်စီ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် စုစုပေါင်း အရပ်သား နှစ်ထောင်နီးပါး (၁၉၄၂ ဦး ) သေဆုံးခဲ့ပြီး ဒဏ်ရာရသူကတော့ လေးထောင်နီးပါး (၃၈၆၆ ဦး) အထိ ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။