လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နှစ်ရက်အတွင်း ခြောက်ဦးသေ၊ သုံးဆယ်ဒဏ်ရာရ

RFA Burmese
2023.08.13
လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နှစ်ရက်အတွင်း ခြောက်ဦးသေ၊ သုံးဆယ်ဒဏ်ရာရ ဖလမ်းမြို့နယ် ရမ်ထလိုရွာ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် နှစ်ခြင်းအသင်းတော်ဘုရားကျောင်း ထိခိုက်ပျက်စီးခဲ့စဉ်။
CNO/CNDF

နိုင်ငံအတွင်း လက်နက်ကိုင်ခုခံမှုတွေကို ဆက်လက်နှိမ်နင်းဖို့ဆိုပြီး အရေးပေါ်ကာလကို နောက်ထပ် ခြောက်လ သက်တမ်းတိုးထားတဲ့ စစ်ကောင်စီတပ်ဟာ လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲပြီး လက်နက်ကြီးနဲ့လည်း ပစ်ခတ်ပါတယ်။

ဒါကြောင့်  သြဂုတ် ၁၁ ရက်ကနေ  ၁၂ ရက်နေ့အထိ ၄၈ နာရီအတွင်း ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက မြို့နယ်လေးခုမှာ အရပ်သား ခြောက်ဦး သေဆုံးခဲ့ပြီး ၃၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချင်းပြည်နယ်၊ ဖလမ်းမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း ခလရ-၂၆၈ တပ်ကို ချင်းကာကွယ်ရေးအဖွဲ့တွေက ဒီလ ၁၂ ရက်က နှစ်ကြိမ်တိုက်ခိုက်ခဲ့ပါတယ်။ ဒါကို တုံ့ပြန်တဲ့အနေနဲ့ စစ်ကောင်စီက လက်နက်ကြီးနဲ့လည်း ပစ်ခတ်ရုံမက လေကြောင်းကနေ လည်း တိုက်ခိုက်ခဲ့တာပါ။

"အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာမျိုးတွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုပေါ့နော် အဲဒီလို သုံးသပ်လို့ရတယ်”

ဆွန်တလာရွာထဲ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲပြီး ဒေသခံ သုံးဦး ဒဏ်ရာ ရရှိခဲ့ပြီး လေကြောင်းက တိုက်ခိုက်တဲ့အတွက်  ဆွန်တလာရွာအနီး ရမ်ထလိုရွာက ဒေသခံ ခုနစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

ဒီရွာတွေဟာ တိုက်ပွဲနဲ့ မဆက်စပ်ဘဲ စစ်ကောင်စီက တိုက်ခိုက်တာလို့ ချင်းအမျိုးသား အဖွဲ့ချုပ် (CNO/CNDF) ပြောခွင့်ရသူ ဆလိုင်းကျုံးငိုင်က RFA ကို ပြောပါတယ်။ 

“(ရမ်ထလိုရွာမှာ) မိန်းကလေး လေးယောက်ဗျ၊ ယောက်ျားလေး သုံးယောက် အားလုံးပေါင်း ခုနစ်ယောက်ပေါ့။ သူက ထိခိုက်ဒဏ်ရာကတော့ ကြီးကြီးမားမားကြီး ဆိုးဆိုးရွားရွားမဟုတ်ဘူးနဲ့ တူတယ်။ မစိုးရိမ်ရ ဒဏ်ရာ ပုံစံမျိုးပေါ့။ ဘုရားကျောင်းရယ်၊ ဘေးနားက တစ်အိမ်ရယ်ပဲရှိတယ်ဆိုတော့ ဖြာထွက်တဲ့ကျည်စတွေက တချို့အိမ်တော့ ထိမှန်တယ်လို့ ထင်ပါတယ်။ တိုက်ပွဲက လုံးဝမရှိဘူး။ အဲဒီနား တစ်ဝိုက်က လောလောဆယ်တော့ (တခြား) လက်နက်ကြီးကြောင့် ထိခိုက်မှုက ဘာမှတော့ မသိရသေးဘူးဗျ။ ဆွန်တလာရယ်၊ ရမ်ထလိုရယ်ပဲ”

ဆွန်တလာရွာက ဒေါ်လမ်လျန်လွယ်လ်၊ သူ့ရဲ့သား ဗျက်ထောင်မန် နဲ့ သမီး ရမ်တွရ်ပါရ်း လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာ ရကြပါတယ်။ လေကြောင်းက တိုက်ခိုက်ခံရလို့  ရမ်ထလိုရွာက ဒဏ်ရာရသွားတဲ့သူ ခုနစ်ဦးရဲ့ အမည်တွေကိုတော့ မသိရသေးပါဘူး။

စစ်ကိုင်းမြို့နယ်က တလိုင်းရွာကိုတော့ စစ်ကောင်စီတပ်က ဩဂုတ် ၁၁ ရက်က  ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာပါ။ ဒီ့အတွက်  ရှစ်လသားအရွယ် ကလေးငယ် အပါအဝင် အရပ်သားလေးဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကျွန်တော်သိတာက ပြည်သူ သုံးယောက်၊ ဘုန်းကြီးတစ်ပါး၊ နောက်ထပ်တစ်ယောက် က ကျွန်တော် မသိရသေးတာ။ တိရစ္ဆာန်က နွားတွေသေတယ်။ ဘုန်းကြီးကျောင်းက တော်တော်ကို ပျက်စီးသွားတယ်ဗျ။ ဘုရားတွေ ပျက်စီးတယ်။ စေတီတွေ ပျက်စီးတယ်။ နဂါးရုံဘုရားပေါ့နော်၊ နဂါးရုံဘုရား ပျက်စီးတယ်။ ဘုန်းကြီးကျောင်းထဲမှာရှိတဲ့ သစ်ပင် တွေ၊ အုန်းပင်တွေဆို ထိပ်ပိုင်းမှာ ကျိုးကုန်တာဗျ”

စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့နယ် တလိုင်းရွာမှ ကံဦးဘုန်းကြီးကျောင်းအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ဗိုလ်ရိုင် ပြောက်ကျားတပ်ဖွဲ့)
စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့နယ် တလိုင်းရွာမှ ကံဦးဘုန်းကြီးကျောင်းအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ဗိုလ်ရိုင် ပြောက်ကျားတပ်ဖွဲ့)

တလိုင်းရွာသား နောက်တစ်ဦးကတော့ လေကြောင်းကတိုက်ခိုက်တဲ့အတွက် ရဟန်း တစ်ပါး၊ ရှစ်လသားအရွယ် ကလေးငယ်တစ်ဦး၊ အသက် ၂၃ နှစ် အရွယ်နဲ့ အသက် ၆၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့တယ် လို့ ပြောပါတယ်။  ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရတယ်လို့လည်း ပြောပါတယ်။

အလားတူ ဩဂုတ် ၁၁ ရက်မှာပဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ အရင်ပစ်ခတ်ပြီး ဝက်လက်မြို့နယ် ပယ်သူကြီးရွာကို လက်နက်ကြီးနဲ့ ဝင်ရောက်လာလို့  လူတွေ ထွက်ပြေးချိန်မှာ ပစ်ခတ်တဲ့အတွက် လူ ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့  ဒေသခံတွေက ပြောပါတယ်။

မကွေးတိုင်း ဂန့်ဂေါမြို့နယ်ထဲမှာတော့ စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးဆိုသူတွေရဲ့ လက်နက်ကြီးကြောင့် မြင်သားရွာက ဒေသခံ အမျိုးသမီးတစ်ဦး နဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့ရပြီး အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

အရပ်သားတွေ ထွက်ပြေးနေတုန်းမှာပဲ လက်နက်ကြီးကျည်တွေ ကျရောက်လာပြီး ထိခိုက်သေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သူတို့ရွာဘက်ကို လက်နက်ကြီးတွေထုတာ ရွာထဲကလူတွေက ထွက်ပြေးကြတာပေါ့ လေ။ ရွာထဲမှာ လူတွေပြေးနေတုန်းအချိန်မှာ လက်နက်ကြီးတွေက ထပ်ပစ်တာပေါ့။ အဲဒီဘက် ရွှေဘိုရွာမှာ ပျူစောထီး တွေနေတာ အဲဒီက လှမ်းထုတာ။ သူတို့က တိုက်ပွဲ လည်းမဖြစ်ဘူး ဒီအတိုင်းပဲ ထုလိုက်တာ”

ဒါတွေနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း နဲ့ ချင်းပြည်နယ် စစ်ကောင်စီ ပြောခွင့် ရှိသူတွေကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ ကယား ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ် တွေမှာ အတိုက်အခိုက် တွေရှိနေတဲ့အတွက် အရေးပေါ်ကာလအတွင်း တည်ငြိမ်အောင် လုပ်မယ် လို့ ဇူလိုင်လ ၃၁ ရက်က ပြောဆိုခဲ့ပါတယ်။

နယ်မြေရှင်းလင်းရေးအတွင်း အခုလို အရပ်သားတွေကို စစ်ကောင်စီတပ်က ပစ်မှတ် ထားတိုက်ခိုက်နေတာက လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ ပြောခွင့်ရသူ ဆလိုင်း မာန်ဟင်လျန်က RFA ကို ပြောပါတယ်။

“စစ်ကောင်စီအနေနဲ့ ချင်းပြည်နယ်မှာ စစ်ဆင်ရေးလုပ်တာ၊ လေကြောင်းတိုက်ခိုက်မှု လုပ်တာက စစ်ရေးပစ်မှတ်မဟုတ်ဘဲနဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာမျိုး တွေ့ရတယ်။ ပြီးရင်တော့ ဒီတိုက်ခိုက်တဲ့နေရာမှာလည်း ဘုရားကျောင်းနဲ့ ဘာသာရေး အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်တာမျိုး လုပ်တယ်။ ဒီလိုလုပ်ရပ်တွေဟာ နိုင်ငံတကာ ဥပဒေ၊ စစ်ရာဇဝတ်မှုတွေကို သိသိသာသာ ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတယ်။ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာမျိုးတွေဟာ လူသား မျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုပေါ့နော် အဲဒီလို သုံးသပ်လို့ရတယ်”

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေကလည်း စစ်ကောင်စီဟာ ရင်ဆိုင်တိုက်ပွဲတွေ တိုက်ခိုက်နိုင်စွမ်းနည်းလာတာနဲ့အတူ စစ်ရေးပစ်မှတ်နဲ့ အရပ်သားတွေကို မခွဲခြားဘဲ လုပ်ဆောင်လာတာလို့ ဩဂုတ် ၁၂ ရက်နေ့က RFA ကို ပြောပါတယ်။

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM) ကတော့ မြန်မာစစ်တပ်ဟာ စစ်ရာဇဝတ်မှု ပိုမိုကျူးလွန်လာသလို ပြောင်ပြောင်တင်းတင်း အရှက် အကြောက်မဲ့ ကျူးလွန်တဲ့ အထောက်အထား တွေ့ရတယ်လို့ ဩဂုတ်လ ၈ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။  

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။