ရခိုင်ဒေသ တစ်နှစ်တာတိုက်ပွဲနဲ့ ရှေ့အလားအလာ
2024.11.13
ရခိုင်ပြည်နယ်မှာ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးမယ်ဆိုတဲ့ ကြွေးကြော်မှုနဲ့အတူ အာရက္ခတပ်တော် (AA) က ၂၀၂၃ နိုဝင်ဘာလ ၁၃ ရက်နေ့ကစလို့ နယ်မြေသိမ်းတိုက်ပွဲတွေ ဆင်နွှဲနေတာ ဒီနေ့မှာ တစ်နှစ်တိတိပြည့်ခဲ့ပါပြီ။
ဒီတစ်နှစ်တာအတွင်း ရခိုင်ပြည်နယ်မှာရှိတဲ့ မြို့နယ် ၁၇ ခုထဲက ပေါက်တော၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ သံတွဲ စတဲ့ မြို့နယ်ဆယ်ခုနဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်ကို သိမ်းပိုက်ခဲ့ပါတယ်။ လက်ရှိမှာလည်း စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တည်ရှိရာ အမ်းမြို့နဲ့ တောင်ကုတ်၊ ဂွ၊ မောင်တောမြို့နယ်က စစ်ကောင်စီတပ်စခန်းတွေကို AA က ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။
“ULA/AA အနေနဲ့တော့ ကျွန်တော်တို့ ချမှတ်ထားတဲ့ ရက္ခိတလမ်းစဉ်အတိုင်း ဆက်လက်လျှောက်လှမ်းသွားမှာ ဖြစ်ပါတယ်"
လက်ရှိမှာ စစ်ကောင်စီတပ်ဟာ ကျန်နေတဲ့မြို့တွေနဲ့ အနီးဝန်းကျင်လောက်မှာသာ ခံစစ်အနေနဲ့ နေရာယူထား နိုင်ပြီး အာရက္ခတပ်တော် (AA) ကတော့ ရခိုင်ဒေသနယ်မြေ ၈၀ ရာခိုင်နှုန်းလောက်ကို စိုးမိုးထိန်းချုပ်ထား နိုင်တယ်လို့ ရခိုင်စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။
ဒီတစ်နှစ်တာအတွင်း အာရက္ခတပ်တော် (AA) ဟာ ရခိုင်တော်လှန်ရေးသမိုင်းမှာ ပထမဆုံးအနေနဲ့ ကြီးမားတဲ့ အောင်မြင်မှုကို ရခဲ့တယ်လို့ ရခိုင်ပြည်နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ ရခိုင်တစ်မျိုးသားလုံးကတော့ အချုပ်အချာအာဏာ ကျဆုံးသွားတာ နှစ်ပေါင်း ၁၄၀ ရှိပြီပေါ့။ အဲဒီ အတောအတွင်းမှာလည်း ရခိုင်လူမျိုးတွေဟာ အဆက်ဆက်တော်လှန်လာကြတာပေါ့နော်။ ဒါပေမဲ့ အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် မအောင်မြင်ခဲ့ဘူးပေါ့။ အခု အာရက္ခတပ်တော် (AA) လက်ထက်မှာကျတော့ အောင်မြင်လာတယ်။ AA ရဲ့ အောင်မြင်မှုကို ပြည်သူတွေရော၊ ပြည်မကရော၊ နိုင်ငံတကာကပါ စိတ်ဝင်တစားနဲ့ စောင့်ကြည့်ကြတယ်ပေါ့။ AA နဲ့အတူ ရခိုင်တစ်မျိုးသားလုံးရဲ့ အမျိုးသားဂုဏ်သိက္ခာကလည်း ပြန်ပြီးတော့ မြင့်တက်လာမယ်လို့ ယူဆတယ်။ ဒါကကြီးကျယ်တဲ့ အောင်မြင်မှုဖြစ်တယ်”
ရခိုင်လူမျိုးတွေဟာ ရှေးခေတ်အဆက်အဆက် ကိုယ့်ထီး၊ ကိုယ့်နန်းနဲ့ အုပ်ချုပ်နေထိုင်လာခဲ့တဲ့ လူမျိုးဖြစ်ပေမဲ့ ၁၇၈၄ ခုနှစ် ရခိုင်ဘုရင် မဟာသမ္မတရာဇာမင်း လက်ထက်မှာ ဗမာဘုရင် ဘိုးတော်ဘုရားက မြောက်ဦးမင်းနေပြည်တော်ကို သိမ်းပိုက်ခဲ့တာကြောင့် ရခိုင်နိုင်ငံ ကျဆုံးခဲ့တာပါ။
ဆက်နွှယ်သော သတင်းများ
ရခိုင်က တစ်ကျော့ပြန်တိုက်ပွဲတွေနဲ့အတူ ရိုဟင်ဂျာတွေနေရပ်ပြန်ရေး မျှော်လင့်ချက်
ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှု မြင့်တက်
မြောက်ပိုင်းညီနောင်သုံးဖွဲ့ ငြိမ်းချမ်းရေးလိုလားကြောင်းပြဖို့ စစ်ခေါင်းဆောင်ပြော
ရခိုင်လူမျိုးတွေဟာ ကျဆုံးခဲ့ရတဲ့ နယ်မြေကိုပြန်ရဖို့ ခေတ်အဆက်ဆက် တော်လှန်ခဲ့ကြပေမဲ့ အောင်မြင်မှု မရခဲ့ပါဘူး။ အခုတော့ အာရက္ခတပ်တော် (AA) က ရခိုင်လူမျိုးတွေရဲ့ မျှော်လင့်ချက်ကို အကောင်အထည် ဖော်လာနိုင်ခဲ့ပြီလို့လည်း ရခိုင်ဒေသခံတွေက ပြောကြပါတယ်။
ရခိုင်ပြည်နယ်ရဲ့ အနာဂတ်ကို ရက္ခိတလမ်းစဉ်အတိုင်း ဆက်လက်လျှောက်လှမ်းသွားမယ်လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့က အွန်လိုင်းဗီဒီယိုစနစ်နဲ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
“ULA/AA အနေနဲ့တော့ ကျွန်တော်တို့ ချမှတ်ထားတဲ့ ရက္ခိတလမ်းစဉ်အတိုင်း ဆက်လက်လျှောက်လှမ်းသွားမှာ ဖြစ်ပါတယ်။ အဲဒါက ဘာလဲဆိုရင် ဒီကမ္ဘာမြေပြင်ထက်မှာ အာရက္ခပြည်သူတွေ လူ့ဂုဏ်သိက္ခာနဲ့အညီ တရားမျှတမှု၊ ငြိမ်းချမ်းမှုရှိတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်နိုင်ဖို့အတွက် ကျွန်တော်တို့ အကောင်းဆုံး လုပ်ဆောင်ကြိုးစားသွားမှာဖြစ်ပါတယ်။ အာရက္ခပြည်ထဲမှာ နေထိုင်ကြတဲ့ လူမျိုးပေါင်းစုံရဲ့ တန်းတူညီမျှရေး၊ အခွင့်အရေးတွေနဲ့ တာဝန်တွေကို ပီပြင်အောင်ဖော်ဆောင်ပြီးတော့ အနာဂတ်ကို တည်ဆောက်သွားမှာ ဖြစ်ပါတယ်”
အာရက္ခတပ်တော် (AA) က ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် (AA) တစ်ခုသာရှိရမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့အတူ ကျန်ရှိနေတဲ့ မြို့တွေအားလုံးနဲ့ စစ်ကောင်စီ တပ်စခန်းအားလုံးကို ဆက်လက်တိုက်ခိုက် သိမ်းပိုက်သွားမယ်လို့ ထုတ်ပြန်ကြွေးကြော်ထားပါတယ်။
~~~~~~~~~~~~~~
◼ စစ်ဆင်ရေး တစ်နှစ်တာအတွင်း အရပ်သား ၅၀၀ နီးပါး သေဆုံး
အာရက္ခတပ်တော် (AA) ရဲ့ ထုတ်ပြန်ချက်တွေနဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုတွေကြောင့် တစ်နှစ်အတွင်း အရပ်သား ၄၈၆ ဦး သေဆုံးပြီး နောက်ထပ် ဒဏ်ရာရသူပေါင်း ၁၀၄၃ ဦးရှိခဲ့ပါတယ်။
သေဆုံး၊ ဒဏ်ရာရသူတွေဟာ အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ မြို့တွေနဲ့ လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ အမ်း၊ တောင်ကုတ်၊ မောင်တော၊ ဂွမြို့နယ်တွေအပြင် တိုက်ပွဲမဖြစ်သေးတဲ့ စစ်တွေမြို့နယ်က ဒေသခံတွေဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ အရပ်သားတွေရှိတဲ့ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာကြောင့် အခုလို အရပ်သား ထိခိုက်မှုများခဲ့တာလို့ ရခိုင်မှာ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကိုဝေဟင်အောင်က RFA ကို ပြောပါတယ်။
“ဒီတစ်နှစ်အတွင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကို မတရားသုံးစွဲခဲ့တယ်။ အဲဒီ လေယာဉ်အားကိုးနဲ့ပဲ ဘာသာရေးအဆောက်အအုံတွေ၊ ဆေးရုံ၊ ဆေးခန်းတွေ၊ လူနေရပ်ကွက်တွေ၊ ကျေးရွာတွေ၊ စစ်ဘေးရှောင် စခန်းတွေကို အဓိကထားပြီးတော့ ပစ်ခတ်တာတွေ တွေ့ခဲ့ရတယ်။ အင်မတန် ရက်စက်ခဲ့တယ်။ ကျွန်တော်တို့ ပြည်သူတွေကလည်း သူတို့ရဲ့ ရက်စက်မှုကြောင့် ဒါဟာ နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်တဲ့ စစ်တပ် မဟုတ်တော့ဘူး။ အကြမ်းဖက်စစ်တပ်ဆိုတဲ့ အကြောင်းကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရတယ်”
ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ရဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် ခြောက်သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ရခိုင်အရပ်ဖက် အဖွဲ့အစည်းတွေက ပြောပါတယ်။
စစ်ကောင်စီက ရခိုင်ပြည်နယ်မှာ တိုက်ပွဲစဖြစ်တဲ့ ၂၀၂၃ နိုဝင်ဘာလ ၁၃ ရက်နေ့ကတည်းက ကုန်သွယ်ရေး လမ်းကြောင်းတွေ အားလုံးကို ဖြတ်တောက်ခဲ့တာကြောင့် ဒေသခံတွေဟာ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အခြေခံ စားသောက်ကုန် ပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့လည်း ဆိုပါတယ်။
AA အဖွဲ့ ထိန်းချုပ်နယ်မြေတွေဆီကို နိုင်ငံတကာ လူမှုအဖွဲ့တွေ သွားရောက်ခွင့်ကိုပါ စစ်ကောင်စီက ပိတ်ပင်ထားတာကြောင့် အရပ်သားတွေဟာ အဆိုးရွားဆုံး အခြေအနေနဲ့ ရင်ဆိုင်နေကြရတယ်လို့လည်း ရခိုင် ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း ကုန်စည်ဝင်ရောက်မှု ကန့်သတ်ချက်တွေ၊ ဝင်ငွေကင်းမဲ့မှုတွေ၊ ငွေကြေးဖောင်းပွမှုတွေနဲ့ စားနပ်ရိက္ခာထုတ်လုပ်မှု ကျင်ဆင်းမှုတွေကြောင့် လာမဲ့နှစ်မှာ ရခိုင်ပြည်နယ်က လူဦးရေ နှစ်သန်းကျော် အငတ်ဘေး ကျရောက်မယ့်အန္တရာယ်နဲ့ ကြုံတွေ့နေရတယ်လို့ ကုသလမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့က ထုတ်ပြန်သတိပေးထားပါတယ်။
~~~~~~~~~~~~~~~~~~~~~
◼ AA သိမ်းပိုက်ထားတဲ့ မြို့တွေမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ လည်ပတ်
အာရက္ခတပ်တော် (AA) ဟာ သူတို့ သိမ်းပိုက်ထားတဲ့ မြို့နယ်တွေမှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍတွေကို စနစ်တကျရေးဆွဲပြီး စီမံဆောင်ရွက်နေတယ်လို့ AA ပြောခွင့်ရ ဦးခိုင်သုခက ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့က အွန်လိုင်းဗီဒီယိုစနစ်နဲ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။
ဒါကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) ရဲ့ ဦးဆောင်မှုနဲ့ ဆောင်ရွက်နေတာဖြစ်ပြီး လက်ရှိမှာ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေပါ လည်ပတ်နေပြီလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။ ဒါပေမဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းအန္တရာယ်က ဒေသခံတွေအတွက် အဓိက လုံခြုံရေးစိန်ခေါ်မှုတစ်ရပ် ဖြစ်နေသလို ငွေကြေးအခက်အခဲတွေကြောင့် တိုက်ပွဲအတွင်း ပျက်စီးသွားတဲ့ မြို့တွေ၊ နေအိမ်တွေကိုလည်း ပြန်လည်မတည်ဆောက်နိုင်ကြသေးဘူးလို့ ပြောကြပါတယ်။
အလားတူ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုယန္တရား ရပ်ဆိုင်းပြီး စာသင်ကျောင်းတွေကိုပါ ပိတ်ထားရတာကြောင့် မြို့နယ်အချို့မှာ ကလေးတွေကို သီးသန့် ဆရာ၊ ဆရာမတွေ ငှားရမ်းပြီး စာသင်ကြားပေးနေရတယ်လို့ ရခိုင်မှာ ပညာသင်ကြားပေးနေတဲ့ ကျောင်းဆရာမ တစ်ဦးက RFA ကို ပြောပါတယ်။
“တိုက်ပွဲအခြေအနေကြောင့် လူငယ်တွေ ပညာသင်ခွင့်ကတော့ လုံးဝဆုံးရှုံးသွားတယ်တဲ့ ပုံစံဖြစ်သွားတယ်ပေါ့။ အခုလက်ရှိကတော့ ကျောင်းသားမိဘတွေက ဆရာ၊ ဆရာမတွေကို ခေါ်ပြီးတော့ သင်တာမျိုးတွေရှိတယ်။ အဓိကတော့ ကိုယ်ထူကိုယ်ထ စနစ်နဲ့သွားနေတဲ့ ပုံစံမျိုးပေါ့။ သူတို့ရဲ့ ပညာရေး အတန်းတင်စနစ်တွေကို ဘယ်သူတွေက အသိအမှတ်ပြုပေးမှာလဲဆိုတာက ဝေဝါးနေဆဲပေါ့။ အဲဒီကိစ္စတွေကိုတော့ သေချာမသိသေးဘူး”
စစ်ကောင်စီတပ်ရဲ့ လေကြောင်းအန္တရာယ်ကြောင့် စာသင်ကျောင်းတွေမှာ မသင်ရဘဲ နေအိမ်တွေမှာပဲ ဖြစ်သလို သင်ကြားနေရတာ၊ ကျောင်းအတန်းကို ဘယ်သူက အသိအမှတ်ပြုမလဲ ဆိုတာကလဲ ဝေဝါးနေဆဲပဲလို့ ရခိုင်ဒေသခံ ကျောင်းသား မိဘတွေက ပြောပါတယ်။
~~~~~~~~~~~~~~~~
◼ ရခိုင်ဒေသရဲ့ အနာဂတ်
ရခိုင်ပြည်နယ်ဟာ တိုက်ပွဲမဖြစ်ခင်ကတည်းက မြန်မာနိုင်ငံမှာ ဒုတိယ အဆင်းရဲဆုံး ပြည်နယ်တစ်ခုဖြစ်ခဲ့ပေမဲ့ အခု တိုက်ပွဲကာလတစ်နှစ်အတွင်းမှာပဲ အဆင်းရဲဆုံး အခြေအနေတစ်ခုကို ရောက်ရှိသွားခဲ့တယ်လို့ ရခိုင် စီးပွားရေး လုပ်ငန်းရှင်တွေက သုံးသပ်ကြပါတယ်။
ရခိုင်ပြည်နယ်ဟာ ပထဝီအနေအထားရ နယ်စပ်ကုန်သွယ်ရေးနဲ့ ကမ္ဘာ့ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းတွေအပြင် သဘာဝသယံဇာတတွေပါ ရှိနေတာပါ။ ဒါကြောင့် ရခိုင်ပြည်နယ်တစ်ခုလုံးကို AA က သိမ်းပိုက် ထိန်းချုပ်သွားနိုင်ခဲ့ရင် ရှေ့အနာဂတ်မှာ စီးပွားရေးအလားအလာ အများကြီး ကောင်းလာနိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရခိုင် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက RFA ကို ပြောပါတယ်။
“ရခိုင်ရဲ့ နဂိုမူလ စီးပွားရေးအရ အားသာချက်၊ အားကောင်းချက်တွေကတော့ ရှိတာပေါ့။ ခေတ်အဆက်ဆက်မှာ အစိုးရအဆက်ဆက်ရဲ့ စီးပွားရေး စီမံခန့်ခွဲမှု တစ်ဖက်စောင်းနင်း အခြေအနေက လွတ်မြောက်သွားပြီဆိုလို့ရှိရင်တော့ ကိုယ့်ရဲ့ ပထဝီစီးပွားရေး အားသာချက်ကို စနစ်တကျ အသုံးချက်တတ်မယ်ဆိုလို့ရှိရင်တော့ ရှေ့အနာဂတ်မှာ အများကြီး ကောင်းတဲ့အလားအလာရှိတယ်လို့ သုံးသပ်လို့ရတယ်”
အာရက္ခတပ်တော် (AA) ရဲ့ စစ်ရေးအောင်မြင်မှုနဲ့ မြို့နယ်တွေ၊ နယ်စပ်ဒေသတွေကို သိမ်းပိုက်နိုင်ခဲ့တာကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နဲ့ အန္ဒိယနိုင်ငံတွေရဲ့ အာရုံစိုက်မှုတွေပါ ရှိနေတာပါ။
ရခိုင်ဒေသမှာ အိန္ဒိယရဲ့ အကြီးဆုံး စီမံကိန်းတစ်ခုဖြစ်တဲ့ ကုလားတန်မြစ် ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းနဲ့ ဘင်္ဂလားဒေ့ရှ်- မြန်မာ နယ်စပ်တစ်လျှောက်ကို AA က သိမ်းပိုက်ထားပါတယ်။ အဲဒီစီမံကိန်းတွေ၊ နယ်စပ်ဒေသ လုံခြုံရေးတွေနဲ့ ပတ်သက်လို့ နှစ်ဖက်ဆွေနွေးမှုတွေရှိသလို ဒီထက်ပိုပြီး ဆက်ဆံရေး တိုးမြှင့်နိုင်အောင် ကြိုးစားသွားမယ်လို့ AA ပြောခွင့်ရ ဦးခိုင်သုခက RFA ကို စက်တင်ဘာလအတွင်းက ပြောဆိုထားပါတယ်။
ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
၂၀၀၉ ခုနှစ်က ရခိုင်လူငယ် ၂၆ ဦးနဲ့ ကချင်ပြည်နယ်၊ လိုင်ဇာမြို့မှာ စတင်ဖွဲ့စည်းခဲ့တဲ့ အာရက္ခတပ်တော် (AA) ဟာ တစ်နှစ်တာအတွင်း ရခိုင်ပြည်နယ်ရဲ့ နယ်မြေ ၈၀ ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်နိုင်ခဲ့တာကြောင့် လာမဲ့ ၂၀၂၅ အတွင်းမှာ ရခိုင်တစ်ပြည်နယ်လုံး AA လက်ထဲ ကျရောက်သွားနိုင်တယ်လို့လည်း ရခိုင် စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။
ဒါပေမဲ့ ဓညဝတီ ရေတပ်ဌာနချုပ်နဲ့ တရုတ် စီမံကိန်းတွေ အဓိကတည်ရှိတဲ့ ကျောက်ဖြူမြို့နဲ့ စစ်တွေမြို့တွေကိုတော့ အာရက္ခတပ်တော် (AA) က တိုက်ခိုက်ရ ခက်ခဲနိုင်တာကြောင့် နိုင်ငံရေးဆွေးနွေးမှုတွေ ဖြစ်လာမလားဆိုတာကို ဆက်လက်စောင့်ကြည့်ရဦးမယ်လို့လည်း သုံးသပ်ပြောဆိုကြပါတယ်။