လက်နက်ကိုင်ခုခံမှုကို ချေမှုန်းဖို့ လက်နက်ဥပဒေ စစ်ကောင်စီ ပြဋ္ဌာန်း

RFA Burmese
2023.05.18
လက်နက်ကိုင်ခုခံမှုကို ချေမှုန်းဖို့ လက်နက်ဥပဒေ စစ်ကောင်စီ ပြဋ္ဌာန်း နေပြည်တော် PDF တပ်ရင်း (၈၀၄) တပ်ဖွဲ့ဝင်အချို့အား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့က တွေ့ရစဉ်။
NAY PYI TAW PDF-Battalion 804

အာဏာသိမ်းပြီးကတည်းက ဥပဒေပြုရေးအာဏာကို ရယူထားတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သူ့ကို ဆန့်ကျင်သူတွေကို သေဒဏ်ချမှတ်နိုင်တဲ့ ပုဒ်မတွေပါဝင်တဲ့ လက်နက်ဥပဒေကို မေလ ၁၁ ရက်မှာ ပြဋ္ဌာန်းလိုက်ပါတယ်။

လက်နက်ကိုင်ခုခံမှုတွေ နိုင်ငံတစ်ဝန်းကျယ်ပြန့်လာချိန် ပြဋ္ဌာန်းလိုက်တဲ့ ဒီဥပဒေမှာ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုရေးမိုးရေးနဲ့ ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေနိုင်တဲ့ လက်နက်ကိုင်ဆောင်မှုနဲ့ လက်နက်ကိုင်ကျူးလွန်မှုတွေကို တားဆီး ကာကွယ်ဖို့ ရည်ရွယ်တယ်လို့ ဖော်ပြထားပါတယ်။

ဒီဥပဒေဟာ ပြည်သူတွေကို ပိုပြီးတော့ ပြင်းထန်တဲ့ အကြောက်တရားတစ်ခု ရိုက်သွင်းလိုက်တာဖြစ်တယ်လို့ ရန်ကုန်မြို့အတွင်း စစ်ကောင်စီပစ်မှတ်တွေကို တိုက်ခိုက်နေတဲ့ ရန်ကုန်မြေအောက်လှုပ်ရှားမှုအဖွဲ့ (Yangon UG Association -YUA) တာဝန်ခံ ဆရာကျောင်းက ပြောပါတယ်။

“ဒါဟာ မြို့ပြပြောက်ကျားတွေကို ရည်ရွယ်ချက်ထားပြီးတော့ ရည်ရွယ်ချက်ရှိရှိနဲ့ ထုတ်ပြန်တယ်လို့ပဲ မြင်ပါတယ်။ ပြောရရင် တစ်ရစ်ချင်း ရစ်ပစ်လိုက်တာပေါ့နော်။ နောက်တစ်ခုက မြို့ပြပြောက်ကျားတွေ ကို ကူညီနေတဲ့ ပြည်သူပေါ့နော်၊ အများပြည်သူကိုလည်း နောက်ဆုံးအကြောက်တရားပေါ့နော်၊ ပိုပြီးတော့ ပြင်းထန်တဲ့ အကြောက်တရားတစ်ခု ရိုက်သွင်းတယ်ပေါ့နော်။ တော်လှန်ရေးကို ချည့်နဲ့အောင် လုပ်တာပေါ့”

လက်နက်ဥပေဒ ပုဒ်မ ၂၆ မှာ နိုင်ငံတော်ပုန်ကန်ဖို့ ရည်ရွယ်ပြီး လက်နက် လက်ဝယ်ထား တာ၊ ကိုင်ဆောင်တာတွေအတွက် အနည်းဆုံး ထောင်ဒဏ် ၅ နှစ်ကနေ ၁၀ နှစ်အထိ ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါ တယ်။ ပုဒ်မ ၂၇ မှာတော့ နိုင်ငံတော်ပိုင်လက်နက် ဒါမှမဟုတ် လက်နက်ကိုင်ဆောင်ခွင့်ရှိသူရဲ့ လက်နက်ခဲယမ်းကို ခိုးယူတာ၊ ရောင်းချတာ၊ လွှဲပြောင်းပေးအပ်တာ၊ လုယူတာနဲ့ ဖျက်ဆီးတာတွေ ကျူးလွန်ရင် ထောင် ၁၀ နှစ်ကနေ ထောင် ဒဏ်တစ်သက်၊ အများဆုံး သေဒဏ်အထိ ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

“ဒါဟာ မြို့ပြပြောက်ကျားတွေကို ရည်ရွယ်ချက်ထားပြီးတော့ ရည်ရွယ်ချက်ရှိရှိနဲ့ ထုတ်ပြန်တယ်လို့ပဲ မြင်ပါတယ်" 

ဒီပုဒ်မတွေက စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေကနေ လက်နက်နဲ့ ခဲယမ်းနဲ့တကွ CDM လုပ်တာကိုလည်း တားဆီးဖို့ဖြစ်တယ်လို့ CDM ဗိုလ်ကြီးကောင်းသူဝင်းက သုံးသပ်ပါတယ်။

“သူတို့ရဲ့ လက်အောက်ခံအဖွဲ့အစည်းက မဟုတ်ဘဲနဲ့ တခြားကို ပေးအပ်လိုက်မယ် ဆိုရင် တစ်သက်တစ်ကျွန်းတို့ သေဒဏ်တို့ကို ပေးမယ်ဆိုတဲ့ သဘောကတော့ အဓိက တော့ CDM မှာ လက်နက်နဲ့ တပ်ကို စွန့်ခွာလာတဲ့လူတွေကို ပိုကြောက်အောင်၊ သူတို့လက်နက်၊ စစ်ကောင်စီဘက်က လက်နက်ကို ရန်သူ့ဘက်လက်နက်မဖြစ်သွား အောင် ဒီလိုမျိုး ဥပဒေတွေ ထပ်မံထုတ်ပြီးတော့ ထိန်းချုပ်လာတဲ့ သဘောမျိုးတွေ တွေ့ရတယ်”

ဒီဥပဒေမပြဋ္ဌာန်းခင် ၂၀၂၃ ခုနှစ်ဇန်နဝါရီလ ၃၁ ရက်မှာ စစ်ကောင်စီ ပြည်ထဲရေး ဝန်ကြီးဌာနက လက်နက်ခဲယမ်း ကိုင်ဆောင်ခွင့်မူကို ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီနောက် မေလ ၉ ရက်မှာတော့ တရားမဝင် ကိုင်ဆောင်ထားတဲ့ လက်နက်တွေကို လိုင်စင်လျှောက်ထား ကြဖို့၊ PDF တွေအနေနဲ့ ဥပဒေဘောင်တွင်း ပြန်လည်ဝင်ရောက်ကြဖို့နဲ့ လက်နက်ပါလာသူတွေကို ဆုကြေးငွေပေးအပ်မယ်လို့ စစ်ကောင်စီက ထပ်မံထုတ်ပြန်ခဲ့ပါတယ်။

ဒီဥပဒေမှာတော့ လက်နက်သယ်ယူခွင့်၊ ကိုင်ဆောင်ခွင့်၊ လက်ဝယ်ထားရှိခွင့်ကိစ္စတွေ အပါအဝင် ထုတ်လုပ်ရောင်းချတာ၊ သိုလှောင်ဖြန့်ဖြူးတာ၊ ပြည်တွင်းပြည်ပ တင်သွင်း၊ တင်ပို့တာတွေကို ထိန်းချုပ် ကန့်သတ်ထားတဲ့ ဥပဒေပုဒ်မတွေကိုလည်း အသေးစိတ် ပြဋ္ဌာန်းထားပါတယ်။

စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ ဥပဒေပြဋ္ဌာန်းတာက လက်ရှိတိုင်းပြည်အခြေအနေနဲ့လည်း ကိုက်ညီပြီး တရားမဝင် လက်နက်တွေကိုပါ ထိန်းချုပ်ပြီးသားဖြစ်တယ်လို့ ဆိုပါတယ်။

“စည်းမရှိ ကမ်းမရှိကိုင်နေတဲ့ လက်နက်ကိုင်တွေကို ထိန်းချုပ်ဖို့နဲ့ အထူးသဖြင့်တော့ PDF တွေ လက်ထဲမှာရှိ နေတဲ့ လက်နက်တွေကို ပြန်သိမ်းဖို့ပဲ အဓိကအချက်ကတော့ အဲဒါပါပဲ လွယ်လွယ်နဲ့ ရှင်းရှင်းပြောရရင်။ အဲဒီတော့ အခုလိုမျိုး ဥပဒေပြဋ္ဌာန်းလိုက်ခြင်းအားဖြင့် ကိုင်မယ့်သူလည်း သူ့ဟာသူ စည်းနဲ့ဘောင်နဲ့ ထိန်းချုပ်မှုအောက်မှာ အလုပ်လုပ်လို့ ရသွားမယ်။ ပြောရရင်တော့ ကောင်းကျိုး ပေါ့နော် ပြန့်ကျဲနေတဲ့ တရားမဝင်လက်နက်တွေကို ထိန်းချုပ်ပြီးသား ဖြစ်ဖို့အတွက် အဓိကရည်ရွယ်ချက်ပါပဲ”

လက်နက်ဥပဒေမှာ အခန်း (၉) ခန်းနဲ့ ပုဒ်မပေါင်း ၄၄ ခုထိပါဝင်ပါတယ်။ လက်နက်ဥပဒေဟာ လက်တွေ့မှာ ဘယ်လောက်ထိရောက်မှုရှိမလဲ ဆိုတာကိုတော့ တပ်အပ်မပြောနိုင်ဘူးလို့ ဦးသိန်းထွန်းဦးက ပြောပါတယ်။

လက်နက်ဥပဒေဟာ လူထုကိုခြိမ်းခြောက်မှုဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။

“စစ်ကောင်စီအနေနဲ့က တရားမဝင်တဲ့ illegal entity ပါ။ ဒါကြောင့် မြန်မာနိုင်ငံမှာ သူတို့ဘာဥပဒေမှ ပြဋ္ဌာန်းခွင့်မရှိပါဘူး။ သူတို့သာ ရာဇဝတ်သားတွေ ဖြစ်တဲ့အတွက်ကြောင့် တရားဥပဒေကြေညာတာ၊ အတည်ပြုတာ လုပ်ပိုင်ခွင့်မရှိပါဘူး။ ဒါကြောင့် သူတို့ထုတ်တဲ့ဥပဒေဟာ တရားမဝင်ဘူးဆိုတာ ပထမဆုံးပြောချင်ပါတယ်။ သူတို့လုပ်တဲ့ ဥပဒေဆိုတဲ့ဟာက လူထုကို ခြိမ်းခြောက်ဖို့ အဓိက ရည်ရွယ်ပြီး လုပ်တာပါ”

စစ်ကောင်စီကတော့ တည်ဆဲဥပဒေတွေဖြစ်တဲ့ The Arms Act (India Act XI,1878)၊ ၁၉၄၉ ခုနှစ် လက်နက် (အရေးပေါ် ပြစ်ဒဏ်စီရင်မှု) (ယာယီ) အက်ဥပဒေ၊ ၁၉၄၉ ခုနှစ် လက်နက် (အရေးပေါ် ပြစ်ဒဏ် စီရင်မှု) တချက်လွှတ်ဥပဒေ၊ The Arms (Temporary Amendment) Act (Act LI, 1951) နဲ့ The Shan States Arms Order, 1924 အမိန့်တွေကို ဒီလက်နက်ဥပဒေနဲ့ ပယ်ဖျက်ခဲ့ပါ တယ်။

ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ (ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆိုမြို့နယ်)
ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ (ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆိုမြို့နယ်)

ရန်ကုန်မြို့မှာ နေထိုင်တဲ့ တရားလွှတ်တော်ရှေ့နေတစ်ဦးကတော့ စစ်ကောင်စီဟာ သူ့ရဲ့လိုအပ်ချက်အရ ဒီဥပဒေကို ပြဋ္ဌာန်းခဲ့တာလို့ သုံးသပ်ပါတယ်။

“ယခင်ရှိနှင့်ပြီးဖြစ်တဲ့ တည်ဆဲဥပဒေတွေက လက်ရှိကာလနဲ့ ကိုက်ညီဆီလျော်မှုမရှိလို့ လက်ရှိကာလနဲ့ ညီညွတ်အောင် ပြဋ္ဌာန်းတဲ့အပိုင်းတွေကိုလည်း တွေ့ရပါတယ်။ နောက် တစ်ချက်ကကျတော့ ပြင်းထန်တဲ့ သေဒဏ်ထိချမှတ်နိုင်တဲ့ ပြဋ္ဌာန်းချက်တွေကျတော့ လည်းပဲ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခင်းအကျင်းနဲ့ စစ်ရေးအခြေအနေတွေပေါ်မှာ မူတည်ပြီးတော့ ပြဋ္ဌာန်းတယ်လို့ မြင်ပါတယ်။ လက်ရှိကာလဒေသ အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် တစ်ဖက်ကလည်း လူ၊ လက်နက်တွေ ယိုစိမ့်မှု ထိန်းချုပ်နိုင်အောင် ပြဋ္ဌာန်းလိုက်တယ်လို့ပဲ မြင်ပါတယ်”

စစ်ကောင်စီဟာ သူ့ကိုလိုလားသူတွေကို လက်နက်တပ်ဆင်ဖို့နဲ့ PDF တွေဆီ လက်နက် မရောက်ဖို့ ပြင်းပြင်းထန်ထန်အားထုတ်နေတာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

“သူ့မှာ ထိပ်တိုက်ပြဿနာနှစ်ခုနဲ့ ကြုံနေရတာပေါ့ဗျာ။ တစ်ခုကတော့ ကျယ်ကျယ် ပြန့်ပြန့် သူ့အနေနဲ့ သူ့တပ်ကို အားဖြည့်နိုင်ဖို့အတွက် လက်နက်တွေ ထုတ်လုပ် တပ်ဆင်ဖို့လိုတယ်။ အဲဒီလက်နက်တွေ PDF တွေလက်ထဲ မရောက်ဖို့လည်း တားဆီးကာကွယ်ရမယ့် အခြေအနေရှိတယ်။ အဲဒီလိုအခြေအနေနှစ်ရပ်အောက်မှာ လက်နက်နဲ့ ပတ်သက်လို့ရှိရင် သူလိုလားတဲ့အင်အားစုတွေလက်ထဲမှာသာ ရောက်ရှိဖို့၊ PDF လက်ထဲမရောက်ဖို့အတွက် ပြင်းထန်တဲ့ဒီဥပဒေတွေကို ပြဋ္ဌာန်းတာလို့ ကျွန်တော်ကတော့ ယူဆပါတယ်”

စစ်ကောင်စီက ပြည်တွင်း လက်နက်ကိုင်ခုခံမှုတွေအတွင်း လက်နက်ခဲယမ်းမီးကျောက် ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ ကြိုးစားနေသလို အာဏာသိမ်းမှုထောက်ခံသူတွေကို လက်နက် တပ်ဆင်ပြီး ပြည်သူ့စစ်တွေ ဖွဲ့စည်းထားပါတယ်။

စစ်တပ်အာဏာ သိမ်းထားတဲ့ နှစ်နှစ်အတွင်း မြန်မာနိုင်ငံက မြို့နယ်ပေါင်း ၃၃၀ မြို့နယ်အနက် ၂၅၅ မြို့နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတယ်လို့ ၂၀၂၃ ခုနှစ် မတ်လ ၃ ရက်နေ့ထုတ် ကုလသမဂ္ဂလူ့အခွင့် အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ နှစ်ပတ်လည် အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။