မလေးရှားထွက်ခွာဖို့ကြိုးစားတဲ့ ရိုဟင်ဂျာ ၁၀၀ ခန့် စစ်ကောင်စီ ဖမ်းဆီး
2023.02.21

မွန်ပြည်နယ် မုဒုံမြို့နယ်နဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ ဖေဖော်ဝါရီ ၁၇ ရက်နဲ့ ၁၉ ရက်နေ့တွေက မလေးရှားနိုင်ငံကို လှေနဲ့ထွက်ခွာဖို့ ကြိုးစားတဲ့ ရိုဟင်ဂျာ ၉၆ ဦးကို စစ်ကောင်စီက ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီအထဲက ရိုဟင်ဂျာ ၄၀ ဟာ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ဝဲကလိကျေးရွာအနီးမှာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မနက်ပိုင်းက အဖမ်းခံခဲ့ရတာဖြစ်ပြီး သူတို့ကို ဝဲကလိရွာ အရှေ့ဘက် ခုနစ်မိုင်အကွာက ကမာဝက်နယ်မြေ ရဲစခန်းကို ပို့ဆောင်ထားတယ်လို့ ဝဲကလိရွာရဲ့ အုပ်ချုပ်ရေးမှူးက RFA ကို ပြောပါတယ်။
"အင်း ဟုတ်မယ်။ ရဲက အကုန်လုံးခေါ်သွားတာ။ မိတာက ဝဲကလိရွာမှာမဟုတ်ဘူး။ ကျနော်တို့ကြားတာလည်း ၄၀ ဦး အဲဒီလောက်ပဲ။ ကျနော့်နယ်မြေဘက်မှာ မရှိဘူး။ အဲဒီအခြေအနေက ကျနော်တို့ပြောလို့မရဘူး။ အဲဒီမှာ (ခြေလျင်တပ်ရင်း-ခလရ) ၂၀၉ တပ်ရင်းမှူးကို မေးလိုက်"
အဖမ်းခံရသူတွေရဲ့ အခြေအနေအသေးစိတ်ကို RFA က ဆက်လက်မေးမြန်းခဲ့ပေမယ့် ဝဲကလိရွာ အုပ်ချုပ်ရေးမှူးက ဖြေဖို့ ငြင်းဆိုပါတယ်။

ဝဲကလိရွာအနီးက ရိုဟင်ဂျာ ၄၀ ဦး ဖမ်းဆီးခံရမှုမှာ အမျိုးသား ၂၅ ဦး၊ အမျိုးသမီး ၁၂ ဦး၊ ကလေး သုံးဦးတို့ ပါဝင်နေတယ်လို့ စစ်ကောင်စီအတွက် ဝါဒဖြန့်နေတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။
အဲဒီရိုဟင်ဂျာတွေဟာ လှေနဲ့ထွက်ခွာလာသူတွေဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံ ရိုဟင်ဂျာတွေရဲ့ နောက်ဆက်တွဲအခြေအနေတွေကို မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ်ပြောခွင့်ရသူ ဦးတိုးဝင်းကို RFA က ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကနေ ဒီနေ့အထိ ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
အလားတူ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် အောင်တိုင်ရွာမှာလည်း ဖေဖော်ဝါရီလ ၁၇ ရက်နေ့က မလေးရှားနိုင်ငံကို သွားမယ့် ရိုဟင်ဂျာ ၅၆ ဦးကို ရဲနဲ့ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးအဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ မျက်မြင်တွေ့ခဲ့တဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"သူတို့က ရဲရယ်၊ လူကုန်ကူးတားဆီးရေးအဖွဲ့ရယ် ကားနဲ့လာပြီး သူတို့အိမ်ကိုဝိုင်းပြီး ဖမ်းကြတာ။ မိန်းကလေးကတော့ နှစ်အိမ်ပေါင်းလို့ရှိရင် ၂၀ လောက်ပါတယ်။ ကျန်တာ ကတော့ ယောကျာ်းတွေပဲ။ သူတို့ ပြောသွားတာကတော့ မလေးရှားကိုသွားမှာလို့ ပြောတယ်။ သူတို့ရောက်နေတဲ့ အချိန်ကိုတော့မသိဘူး။ သူတို့က အုပ်လိုက်လာတာ မဟုတ်ဘူး။ ဟိုခါ လေးငါးယောက်၊ ဆယ်ယောက် အဲဒီလို လာကြတာလို့ သိရတယ်။ စစ်တွေမြို့မရဲစခန်းကို ခေါ်သွားတယ်။ လဝကကို အပ်တယ်လို့ သိရတယ်"
ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာတွေဟာ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်တွေကဖြစ်ပြီး တစ်ဦး ငွေကျပ် သိန်း ၈၀ စီ ပွဲစားကိုပေးပြီး မလေးရှား နိုင်ငံကို လှေနဲ့သွားဖို့ ပြင်ဆင်နေချိန်မှာ အဖမ်းခံခဲ့ရတာလို့ ဆိုပါတယ်။
အဖမ်းခံရသူတွေနဲ့ပတ်သက်လို့ နောက်ဆက်တွဲအခြေအနေအသေးစိတ်ကိုသိနိုင်ဖို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ရခိုင်ပြည်နယ် စစ်ကောင်စီရဲ့ သတင်းတွေကို ဖော်ပြနေတဲ့ ရခိုင်နေ့စဉ် ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာတော့ အောင်တိုင်ရွာမှာ ကျား ၃၆ ဦးနဲ့ မ ၂၀ ဦးကို ဖမ်းဆီးရမိခဲ့ပြီး လူဝင်မှု ကြီးကြပ်ရေးအက်ဥပဒေနဲ့ အမှုဖွင့် အရေးယူဖို့ စစ်ဆေးနေတယ်လို့ ဖော်ပြထားပါတယ်။
ပွဲစားတွေကတော့ ထွက်ပြေးတိမ်းရှောင်နေကြပြီး ရာဇသတ်ကြီး ပုဒ်မ-၃၆၇ နဲ့ အမှုဖွင့် အရေးယူဖို့ရှိနေတယ်လို့လည်း ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာတွေဟာ လွတ်လပ်စွာ သွားလာခွင့်မရှိသလို နည်းမျိုးစုံနဲ့ ဖိနှိပ်ခံရမှုတွေကြောင့် နယ်မြေသစ်ကိုထွက်ခွာနေကြတာလို့ စစ်တွေမြို့နယ် သဲချောင်း ရိုဟင်ဂျာ ဒုက္ခသည်စခန်းတာဝန်ခံ ဦးကျော်လှက RFA ကိုပြောပါတယ်။
"ဒီနေရာမှာရှိတဲ့ ကျနော်တို့လူမျိုးတွေက အလုပ်အကိုင်မရှိဘူး။ လွတ်လပ်မှုမရှိဘူး ဆိုတော့ ထိန်းမနိုင်၊ သိမ်းမနိုင် အဲဒီလိုဖြစ်နေကြတယ်။ နောက်ပြီးတော့ သားသမီးတွေ ကို အဲဒီလို ပညာသင်ပေးမယ်၊ အဲဒီလို အနေအထားမရှိတော့ သူတို့က ဖြစ်သလို သေရင်သေ၊ ရှင်ရင်ရှင် အဲဒီလို ထွက်ကြတာပါပဲ။ လူတစ်ယောက် တစ်နေ့ကို ၇၀၀ ကျပ် ရတယ်၊ အဲဒါနဲ့ မုန့်ဖိုးမပိုင်ဘူး၊ ဘယ်လိုလုပ်ပြီး လုံလောက်မလဲ။ ကုန်ဈေးနှုန်းတွေ ကလည်း အဆမတန်ဖြစ်နေတယ်ဆိုတော့ ပေးတဲ့ပိုက်ဆံနဲ့ ဒီလူတွေ စားဖို့၊ သောက်ဖို့ လုံးဝကိုမှမလုံလောက်တာ။ အဲဒါနဲ့ လူတွေက ဖြစ်ချင်သလိုဖြစ်ဆိုပြီး ထွက်သွားကြတာ"
အခက်အခဲမျိုးစုံကြောင့် မလေးရှားနိင်ငံကို ထွက်ခွာကြတာဖြစ်တဲ့အတွက် အခုလို ဖမ်းဆီးတာမျိုး မလုပ်သင့်ဘူးလို့ သူက ပြောပါတယ်။
"ကုန်ဈေးနှုန်းတွေကလည်း အဆမတန်ဖြစ်နေတယ်ဆိုတော့ ပေးတဲ့ပိုက်ဆံနဲ့ ဒီလူတွေ စားဖို့၊ သောက်ဖို့ လုံးဝကိုမှမလုံလောက်တာ။ အဲဒါနဲ့ လူတွေက ဖြစ်ချင်သလိုဖြစ်ဆိုပြီး ထွက်သွားကြတာ"
ရိုဟင်ဂျာတွေဟာ မြန်မာပြည်ကနေ ထွက်ခွာဖို့အတွက် ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းကို ရေလမ်းကရော၊ ကုန်းလမ်းကပါ ဖြတ်သန်းရတာပါ။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ မလေးရှားနိုင်ငံဘက်ကို ထွက်ခွာဖို့ ကြိုးစားတာ ပိုတွေ့နေရတယ်လို့လည်း ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်က ရိုဟင်ဂျာအရေး ကူညီနေသူတစ်ဦးက ပြောပါတယ်။
"ဒီ ၂၀၂၁ နောက်ပိုင်းမှာ အထူးသဖြင့် ၂၀၂၂ ပေါ့။ ကျနော်တို့ဆီမှာ ဘိုကလေးမှာ ကျတော့ ၂၀၂၂ အစပိုင်းကတည်းကနေ ၂၀၂၂ ကုန်တဲ့အထိပေါ့။ တစ်လခြား၊ နှစ်လခြား နောက်ပိုင်းဆိုရင် တစ်လ တစ်ကြိမ်လောက်ကို ကျနော်တို့ဆီမှာ မိတာရှိတာကို။ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ အကုန်လုံးမိတဲ့သူတွေအားလုံးကို သူတို့ လဝက ဥပဒေနဲ့ တရားစွဲပြီးထောင်ချတယ်"
ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် မှာတော့ နေရပ်ပြန်ပို့လေ့ရှိပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ စစ်ကောင်စီ ကတော့ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေနဲ့ အရေးယူထောင်ချနေတာတွေ့ရတယ်လို့ သူကပြောပါတယ်။
မြန်မာနိုင်ငံကနေထွက်ခွာဖို့ ကြိုးစားတဲ့ ရိုဟင်ဂျာတွေဟာ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနဲ့ မွန်ပြည်နယ်တို့မှာ ပြန်လည်ဖမ်းဆီးခံရမှုတွေ ရှိနေတာပါ။
RFA က ရရှိထားတဲ့ အချက်အလက်တွေအရ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကနေ ထွက်ပြေး ရင် အဖမ်းခံရတဲ့ ရိုဟင်ဂျာ နှစ်ထောင်နီးပါး ရှိနေပြီး အဲဒီထဲက ၄၇၈ ဦးကိုတော့ စစ်ကောင်စီက လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေနဲ့ ထောင် နှစ်နှစ်ကနေ ငါးနှစ်အထိ ချမှတ်ထားပါတယ်။