ရမခ တိုင်းမှူးအပါအဝင် အရာရှိကြီးအချို့ ဖမ်းဆီးခံထားရ

RFA Burmese
2024.08.04
ရမခ တိုင်းမှူးအပါအဝင် အရာရှိကြီးအချို့ ဖမ်းဆီးခံထားရ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ကိုးကန့်တပ်မတော် (MNDAA) နှင့် ပူးပေါင်းတပ်ဖွဲ့ သိမ်းယူပြီးချိန် MNDAA တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။
Facebook/ 果敢资讯网

[Update: 4: 30 PM, Aug 5, 2024]


လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာချုပ် (ရမခ) တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုးနဲ့ ကျောက်မဲအခြေစိုက် အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က ဗိုလ်မှူးချုပ် မျိုးမင်းထွေးတို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA က အခုလဆန်းပိုင်းမှာ ဖမ်းဆီးခဲ့တယ်လို့ စစ်ရေးအခြေအနေ သိသူတွေက ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ အရာရှိတစ်ဦးကတော့ အခုလိုဖမ်းဆီးရမိခဲ့တာကို သြဂုတ်လ ၄ ရက်နေ့ နောက်ပိုင်းမှာမှ အတည်ပြုနိုင်တာလို့ RFA ကို ပြောပါတယ်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ရမခက အရာရှိကြီးတွေ ဖမ်းဆီးခံထားရတယ်လို့ ပြည်တွင်းမီဒီယာတွေကို သြဂုတ်လ ၄ ရက်နေ့မှာ အတည်ပြု ပြောထားပါတယ်။

“ဒီနေ့မှာတော့ အရှေ့မြောက်တိုင်းစစ်ဌာချုပ်မှ အရာရှိကြီးများဟာ တိုက်ပွဲကို အနီးကပ်ကွပ်ကဲပြီး ကိုယ်တိုင် တိုက်ပွဲဝင်ခဲ့ကြပါတယ်။ အရှေ့မြောက်တိုင်းစစ်ဌာချုပ်မှ အရာရှိကြီးများနဲ့ သြဂုတ်လ ၃ ရက်နေ့ညနေပိုင်း ခြောက်နာရီခွဲအချိန်အထိ ဆက်သွယ်မှူရရှိခဲ့ပြီး အခုချိန်ထိ ဆက်သွယ်မှု ပြတ်တောက်ခဲ့ပါတယ်။ အတည်ပြုဆဲ သတင်းများအရ အရာရှိကြီးအချို့ကို အကြမ်းဖက်သောင်းကျန်းသူများက ဖမ်းဆီးထားကြောင်း သိရှိရပါတယ်”

MNDAA ဟာ သြဂုတ်လ ၂ ရက်နေ့မှာ ရမခအနီးက စစ်ကောင်စီတပ်ရဲ့ ခုတင် (၁၀၀) ဆေးရုံ ကို စီးနင်းပြီး ဆေးရုံ ဝန်ထမ်းနဲ့ မိသားစုဝင် လေးရာကျော်ကို ခေါ်ထုတ်ခဲ့ပြီးနောက် ဇူလိုင်လ ၃ ရက်နေ့မှာ ရမခကို သိမ်းယူခဲ့တာပါ။

“ရှမ်းပြည်မှာရှိနေတဲ့ စစ်စခန်းတွေထဲမှာ သူက အကြီးဆုံး ဖြစ်နေတာပေါ့။ ဒါကျသွားပြီးရင် ကျန်တာတွေလည်း ကျသွားနိုင်တယ်ဆိုတဲ့ အနေအထားပေါ့"

ကျောက်မဲအခြေစိုက် စကခ (၁) တပ်မမှူး ဖမ်ဆီးခံရပေမဲ့ လက်ရှိ ကျောက်မဲမြို့က လက်ကျန်တပ်စခန်းတွေကို စကခ ဒုတပ်မမှူးဦးစီးပြီး ခုခံနေသလို စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ ရိက္ခာနဲ့ စစ်လက်နက်တွေ ပို့ပေးနေတယ်လို့ စစ်တပ်အရာရှိဟောင်းတွေက ပြောပါတယ်။

လက်ရှိ စစ်ရေးအခြေအနေအပေါ် အသေးစိတ်သိရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။

အလားတူ MNDAA ပြောခွင့်ရသူတွေကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့လည်း ပြန်လည်ဖြေဆိုခြင်းမရှိပါဘူး။

စစ်ကောင်စီဟာ ၁၀၂၇ စစ်ဆင်ရေးပထမပိုင်း လောက်ကိုင်အပါအဝင် အသိမ်းခံလိုက်ရတဲ့မြို့တွေက လက်နက်ချ ဆုတ်ခွာလာတဲ့ တပ်ဖွဲ့ဝင်သုံးထောင်ကျော်နဲ့ လားရှိုးမြို့ကို ခံစစ်ပြင်ဆင်ထားခဲ့တာပါ။

ဒါပေမဲ့ MNDAA နဲ့ မဟာမိတ်အဖွဲ့တွေကတော့ တစ်လအတွင်းမှာပဲ ရမခကို သိမ်းပိုက်ခဲ့ပါတယ်။

၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ကိုးကန့်တပ်မတော် (MNDAA) နှင့် ပူးပေါင်းတပ်ဖွဲ့ သိမ်းယူပြီးချိန် MNDAA တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။ (Facebook/ 果敢资讯网)
၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ကိုးကန့်တပ်မတော် (MNDAA) နှင့် ပူးပေါင်းတပ်ဖွဲ့ သိမ်းယူပြီးချိန် MNDAA တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။ (Facebook/ 果敢资讯网)

ရှမ်းပြည်နယ်ထဲမှာ အကြီးဆုံးဖြစ်တဲ့ ရမခကျဆုံးမှုဟာ စစ်ကောင်စီတပ်အတွက် အကြီးမားဆုံးရိုက်ခတ်မှု ရှိလာနိုင်လာတယ်လို့ စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

“ရှမ်းပြည်မှာရှိနေတဲ့ စစ်စခန်းတွေထဲမှာ သူက အကြီးဆုံး ဖြစ်နေတာပေါ့။ ဒါကျသွားပြီးရင် ကျန်တာတွေလည်း ကျသွားနိုင်တယ်ဆိုတဲ့ အနေအထားပေါ့။ အဲက တိုင်းမှူးဖမ်းမိတယ်၊ စစ်ရေးချုပ်လည်း ဖမ်းမိတယ်။ ပြီးတော့ လက်နက်ချတဲ့ သူကလည်း ၄၇၀၀ ဆိုတော့ ကျွန်တော်တို့သိခဲ့ရတဲ့ ကိုးကန့် လောက်ကိုင် အရေးအခင်းထက်တောင်မှ ဆုံးရှုံးမှုက များသေးတဲ့အတွက် စစ်တပ်အတွက်တော့ အတော်လေးတော့ စိတ်ဓာတ်ရေးရာအရတော့ ဦးကျိုးသွားနိုင်တယ်၊ ထိခိုက်သွားနိုင်တယ်”

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အရာရှိနဲ့ မိသားစုဝင် လေးထောင်ကျော် အလံဖြူထောင်ပြီး လက်နက်ချ ခဲ့တယ်လို့ မြေပြင်စစ်ရေးအခြေအနေ သိသူတွေက ပြောပေမဲ့ RFA အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

ဩဂုတ်လ ၅ ရက် ဒီနေ့မနက် လားရှိုးမြို့ထဲမှာ ပစ်ခတ်သံတွေကို မကြားရတော့ပေမဲ့ ဒေသခံတွေကိုတော့ MNDAA က မြို့တွင်းမှာ ပြန်လည်နေထိုင်ခွင့် မပြုသေးဘူးလို့ လားရှိုးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီနေ့မနက် လားရှိုးမှာ တိုက်ပွဲအသံတွေကိုတော့ မကြားရတော့ဘူး။ လက်ရှိကျန်နေတဲ့သူတွေ ထွက်ချင်တဲ့ သူတွေ ဘယ်သူမဆို ထွက်လို့ရတယ်။ ဝင်တဲ့သူတွေကိုတော့ လက်မခံသေးဘူး။ တစ်ညအိပ်နေလို့တော့ ရတယ်။ ဝင်သွားတဲ့လူတွေကတော့ အပြီးနေလို့တော့ မရသေးဘူး။ မြို့ထဲမှာတော့ ပျက်စီးဆုံးရှုံးထားတဲ့ အပျက်အစီးတွေ၊ အမှိုက်တွေ လူသေအလောင်းတွေကိုလည်း ရှင်းလင်းရေးတွေလုပ်နေပြီ”

တိုက်ပွဲကြောင့် မြို့ခံနှစ်သိန်းကျော် ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ဘယ်တော့ နေရပ်ပြန်ခွင့်ရမယ်ဆိုတာ MNDAA ဘက်က ထုတ်ပြန်တာမရှိသေးဘူးလို့ ဆိုပါတယ်။

တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရသည့် လားရှိုးဒေသခံများကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရသည့် လားရှိုးဒေသခံများကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

လားရှိုးတိုက်ပွဲအတွင်း အရပ်သား ၁၃၀ ကျော် သေဆုံးခဲ့ရပြီး နှစ်ရာဝန်းကျင် ဒဏ်ရာရာခဲ့သလို စာသင်ကျောင်းနဲ့ နေအိမ်တစ်ရာကျော် ပျက်စီးခဲ့တယ်လို့ လူမှုကူညီရေး ဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

လားရှိုးမြို့မှာ လျှပ်စစ်မီး၊ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာ တစ်လကျော်နေပါပြီ။

UWSA “၀” တပ်ဖွဲ့ကတော့ သြဂုတ်လ ၄ ရက်မနေ့ကစပြီး မြို့ထဲမှာကျန်နေတဲ့သူတွေကို သူတို့ဆက်ဆံရေးရုံးမှာ အင်တာနက်သုံးစွဲခွင့် ပြုထားပါတယ်။


ဆက်နွှယ်သောသတင်းများ


လားရှိုးက တိုင်းစစ်ဌာနချုပ်ကို MNDAA ထိန်းချုပ်

လားရှိုးမြို့အုပ်ချုပ်ရေးကို ဆောင်ရွက်သွားမှာဖြစ်ကြောင်း MNDAA ကြေညာ

၁၀၂၇ စစ်ဆင်ရေး ဆက်လက်ပြင်းထန်နိုင်ကြောင်း လေ့လာသူတွေ သုံးသပ်


ပထမအကြိမ် ၁၀၂၇ စစ်ဆင်ရေးကာလ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့ကနေ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ အထိ ရှမ်းပြည်မြောက်ပိုင်းက မြို့ပေါင်း ၁၆ မြို့ကို မြောက်ပိုင်းညီနောင်သုံးဖွဲ့က သိမ်းပိုက်ခဲ့ပါတယ်။

ဒုတိယအကြိမ် ၁၀၂၇ စစ်ဆင်ရေးမှာလည်း လားရှိုး၊ နောင်ချို၊ မိုးမိတ်နဲ့ မိုးကုတ်မြို့တွေကို မြောက်ပိုင်းညီနောင် သုံးဖွဲ့က ထပ်မံသိမ်းပိုက်ခဲ့ပါတယ်။

ရှမ်းမြောက်ဒေသမှာ သီပေါ၊ ကျောက်မဲ၊ မူဆယ်မြို့နယ်နဲ့ နမ့်လန်မြို့တွေပဲ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုအောက်မှာ ကျန်နေတော့တာ ဖြစ်ပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ဝင်ရောက်ထိန်းချုပ်ထားတဲ့ မိုင်းရယ်မြို့နဲ့ UWSA “၀” တပ်ဖွဲ့ ဝင်ရောက်နေရာယူထားတဲ့ တန့်ယန်းမြို့မှာ စစ်ကောင်စီယန္တရား ပုံမှန်လည်ပတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်မဲမြို့မှာတော့ လက်ကျန်စစ်စခန်းတွေကို TNLA တပ်ဖွဲ့က ဆက်လက်တိုက်ခိုက်နေသလို သီပေါမြို့နယ် နမ့်လန်မြို့အနီးမှာလည်း စစ်ကောင်စီတပ်နဲ့ MNDAA တို့ စစ်ရေးတင်းမာနေပါတယ်။

လားရှိုးမှာ တိုက်ပွဲပြင်းထန်နေချိန် ဇူလိုင်လ ၁၈ ရက်နေ့က ရမခတိုင်းမှူး ဗိုလ်ချုပ်စိုးတင့်နေရာမှာ တပ်မ (၉၉) တပ်မမှူး ဗိုလ်ချုပ်စိုးလှိုင်ကို ပြောင်းလဲလိုက်တယ်လို့ သတင်းထွက်ခဲ့ပေမဲ့ မဟုတ်ဘူးလို့ မြေပြင် စစ်ရေးအခြေအနေ လေ့လာနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဗိုလ်ချုပ်စိုးလှိုင်ဟာ တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ရာထူးအပြောင်းအလဲဖြစ်ခဲ့ပြီး မူဆယ်ကနေ ကျိုင်းတုံကို မရောက်နိုင်သေးဘူးလို့ စစ်ရေးအခြေအနေ စောင့်ကြည့်နေသူတွေက ပြောပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
စစ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်နိုင်ရေး ကူညီကြဖို့ IIMM တိုက်တွန်း
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။