ကချင်မှာ လေးလအတွင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် လူခြောက်ဆယ်ကျော် သေဆုံး
2024.05.01
ကချင်ပြည်နယ်မှာ အခုနှစ် ပထမလေးလအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးရော လေကြောင်းကပါ တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၆၂ ဦးသေဆုံးခဲ့တာကို RFA က လေ့လာတွေ့ရှိရပါတယ်။
၂၀၂၃ ခုနှစ် ပထမလေးလမှာ ၁၁ ဦးသေဆုံးခဲ့တဲ့အတွက် အရပ်သားသေဆုံးနှုန်းဟာ မနှစ်ကထက် ခြောက်ဆနီးပါး ပိုများတယ်လို့ ပြောနိုင်ပါတယ်။
မနှစ်ကတော့ ဖားကန့်၊ ဝိုင်းမော်၊ မိုးညင်း၊ ရွှေကူမြို့နယ်တွေမှာ သေဆုံးခဲ့တာပါ။
အခုနှစ်မှာလည်း အဲဒီမြို့နယ်တွေအပြင် ဗန်းမော်၊ မံစီ၊ မိုးမောက်၊ စတဲ့မြို့နယ်တွေက ပြည်သူတွေ သေဆုံးတာ တွေ့ရပါတယ်။
“ကချင်ပြည်နယ်မှာသာမက တခြားတိုက်ပွဲတွေ ပြင်းထန်တဲ့ဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိတယ်”
မိုးမောက်မြို့ပေါ်မှာဆိုရင် ဧပြီ ၂၂ ရက်နေ့ကစလို့ တိုက်ပွဲဖြစ်လာပြီး စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးတွေ ပစ်ခတ်တဲ့အတွက် အသက် (၁၄) နှစ်အရွယ် မကြည်ကြည်ဝင်း၊ အသက် (၃၅) နှစ်အရွယ် ကိုဆန်းဝါနဲ့ အသက် (၂၂) နှစ်အရွယ် သက်လွင်ဦးတို့ သေဆုံးခဲ့သလို မြို့နေပြည်သူဦးရေ တစ်သောင်းဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အမည်မဖော်လိုတဲ့ မိုးမောက် ဒေသခံတစ်ယောက်က ပြောပါတယ်။
“လက်နက်ကြီးကျတာက မနေ့ကတော့ တစ်ဦးသေတယ်။ လုံဂျာဘက်မှာ အိုးအိမ်တွေ ပျက်စီးသွားတယ်။ ဟိုတစ်နေ့က သုံးဦးသေတယ်။ သုံးဦး ဒဏ်ရာရထားတယ်။ အဲဒါ စိုးရိမ်စရာမရှိတော့ဘူး။ တစ်ရာရာခိုင်နှုန်းက စိုးရိမ်ရတဲ့ အနေအထားမျိုးဖြစ်နေတယ်။ ခြောက်ခြားနေတာ။ တော်တော်လေးကို ခြောက်ခြားနေတာ။ အသက်အန္တရာယ် တော်တော်ထိခိုက်နိုင်တဲ့ အနေအထားအထိ ခြောက်ခြားသွားပြီ။ ဘာလို့လဲဆိုတော့ သူတို့က ပစ်ချင်တဲ့နေရာကိုပစ်နေတာ လက်နက်ကြီးက လေယာဥ်ကလည်း ပစ်ချင်တဲ့နေရာ ပစ်နေတာ”
မိုးမောက်မြို့ရဲ့ အထက်ပိုင်းမှာ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က နေရာယူထားပြီး မြို့ရဲ့အောက်ဘက်မှာတော့ စစ်ကောင်စီတပ်တွေက နေရာယူထားလို့ မြို့ပျက်သလို ဖြစ်သွားပြီလို့ သူက ပြောပါတယ်။
မံစီမြို့နယ်မှာတော့ ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့ မနက်အစောပိုင်း တစ်နာရီကျော်မှာ ဂျန်မိုင်ရွာက ခရီးသည်ကားတွေ နားတဲ့နေရာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ကုန်တင်ကားမောင်းတဲ့ မိသားစုတစ်စုအပါအဝင် အရပ်သား ခုနစ်ဦးသေဆုံးခဲ့ပါတယ်။
ဗန်းမော်ခရိုင်မှာလည်း သေဆုံးတဲ့သူ သုံးဆယ်ကျော်ရှိနေပြီး ကိုယ်လက်အင်္ဂါ မသန်စွမ်းတဲ့ဘဝ ရောက်သွားတဲ့သူတွေလည်း များနေပြီလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ ဒီဗန်းမော်ကကျတော့ အဓိက ကတော့ ဒီလက်နက်ကြီးပေါ့နော်။ လက်နက်ကြီးက ဘယ်အချိန် ထပစ်မယ်ဆိုတာ မသိဘူး။ ထင်ရင် ထင်သလို ပစ်တဲ့အခါကျတော့ ကျွန်တော်တို့ရဲ့ မံစီ၊ ဗန်းမော်၊ မိုးမောက် ဒီပတ်ဝန်းကျင်မှာရှိတဲ့အနီးနားက ရွာတွေကကျတော့ ကျွန်တော်တို့ ခန့်မှန်းသလောက် သုံးဆယ်လောက်ထိတော့ အသက်ဆုံးရှုံးရတဲ့အထိ ရှိပါတယ်။ တချို့ ခြေထောက်ပြတ်တာတို့ ကိုယ်လက်အင်္ဂါ စွန့်လွှတ်လိုက်ရတဲ့ဟာတွေလည်း ရှိပါတယ်”
သေနတ်သံကြားရင် ရှောင်လို့ရပေမယ့် လက်နက်ကြီးက ဘယ်အချိန် ရောက်လာမလဲမသိတဲ့အတွက် စိတ်တွေ ခြောက်ခြားနေရတယ်လို့ ပြောပါတယ်။
ဖားကန့်မှာလည်း လက်နက်ကြီးတွေကြောင့် အခုနှစ်မှာ အရပ်သား ဆယ်ဦးထက်မနည်း သေဆုံးခဲ့ပြီလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“တိုက်ပွဲဖြစ်တဲ့အတွက် လက်နက်ကြီးကျပြီး ပြည်သူလူထုတွေ သေတာလည်း အများကြီးရှိနေပြီပေါ့။ လူတော်တော်များများ သေဆုံးတာတွေ ရှိတယ်။ ဒဏ်ရာရတာတွေ ရှိတယ်။ တိုက်ပွဲဖြစ်ပြီးမှ ပစ်တဲ့နေရာရှိသလို တိုက်ပွဲမဖြစ်ဘဲ ဒီတိုင်း လှမ်းပစ်ပြီး ထိသွားတဲ့လူတွေလည်း တော်တော်များများရှိတယ်။ တိုက်ပွဲဖြစ်ရင်လည်း ပစ်တယ်၊ မဖြစ်ရင်လည်းပစ်တယ်။ ဒီအတိုင်း သူတို့ ကြောက်ပြီးမှ ရမ်းပစ်တာဆိုတော့ အိမ်မှာနေတာတောင် လုံခြုံမှုမရှိဘူး။ အိမ်မှာ အိပ်နေလည်း လုံခြုံမှုမရှိဘူး။ အပြင်မှာသွားရင်လည်း လုံခြုံမှု မရှိဘူး”
ဖားကန့်မြို့ အဝင်အတွက်အရေးကြီးပြီး စစ်ကောင်စီ တပ်စခန်းတွေ ဖြစ်တဲ့ ဝှေခါ၊ တာမခန်၊ ဆယ်ဇင်း၊ နန့်တိန်၊ နန့်ယား စတဲ့နေရာတွေကို အခုနှစ်မှာ KIA က တိုက်ခိုက်သိမ်းယူခဲ့တာ ဖြစ်ပါတယ်။
RFA က လေ့လာထားတဲ့ စာရင်းတွေအရ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ ဖားကန့်မြို့နယ်မှာ အခုနှစ် ပထမလေးလအတွင်း သေဆုံးတဲ့သူ ၁၂ ဦးရှိပြီဖြစ်ပါတယ်။
စစ်ကောင်စီဟာ တိုင်းရင်းသား နယ်မြေတွေမှာ အရပ်သားလား၊ ရန်သူလားမခွဲဘဲ ပစ်ခတ်တာက သူ့ရဲ့ လုပ်ရပ်တစ်ခုဖြစ်တယ်လို့ KIO သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
“ကျွန်တော်တို့ ပြည်သူလူထုတွေကတော့ ကျွန်တော်တို့က ပြည်သူပဲဖြစ်ပါတယ်ဆိုပြီးမှ စိတ်ကိုချော့ပြီး မနေကြဖို့ အရေးကြီးပါတယ်။ စကစကတော့ ဘယ်ကရန်သူ ဘယ်ကပြည်သူ မခွဲခြားဘဲနဲ့ တိုင်းရင်းသား နယ်မြေအားလုံးမှာ အထူးသဖြင့် တော်လှန်ရေး နယ်မြေအားလုံးမှာ သူက ရတဲ့လက်နက်နဲ့ အခုလိုမျိုး ပစ်တာကို အကျင့်ရှိတာကို သိထားဖို့ အရေးကြီးပါတယ်”
ကချင်ပြည်နယ်မှာ မတ်လ ၇ ရက်နေ့ကစပြီး တိုက်ပွဲတွေ ပြင်းထန်လာသလို ဒီနှစ်လနီးပါးမှာ တရုတ်ပြည်နယ်စပ် လွယ်ဂျယ်မြို့အပါအဝင် စစ်ကောင်စီရဲ့ စခန်းပေါင်း ခြောက်ဆယ်ကျော်ကို KIA နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူထားတာဖြစ်ပါတယ်။
ကချင်ပြည်နယ်မှာသာမက တခြားတိုက်ပွဲတွေ ပြင်းထန်တဲ့ဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိတယ်လို့ အမည်မဖော်လိုတဲ့ ကချင်ပြည်အနယ်အရေး လေ့လာစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။
“စစ်တပ်က ဒီပြည်သူလူထု ရှိတဲ့နေရာ ဘယ်နေရာဖြစ်ဖြစ် ရည်ရွယ်ချက်ရှိရှိနဲ့ ပြည်သူလူထုရဲ့ အဆောက်အအုံတွေ၊ ဘုရားကျောင်းတွေ၊ စစ်ဘေးဒုက္ခသည်တွေကို သူက ဦးတည်ပြီးတော့ လက်နက်ကြီးပစ်တာတို့ ဗုံးကြဲတာတို့ သူတို့ လုပ်ရိုးလုပ်စဥ်ပါပဲ။ နှစ်ပေါင်းမြောက်များစွာ ကျင့်သုံးခဲ့တဲ့နည်းလမ်းဖြစ်ပါတယ်။ ဒီလိုလုပ်ရပ်က (crime against humanity) လို့ခေါ်တဲ့ ပြည်သူလူထုမျိုးနွယ်စုအပေါ်မှာ ကျူးလွန်တဲ့ လုပ်ရပ်တွေ ဖြစ်တယ်။ စစ်ရာဇဝတ်တွေ ကျူးလွန်တဲ့လုပ်ရပ်တွေ ဖြစ်တယ်လို့ပဲ ကျွန်တော်မြင်ပါတယ်”
ဒီလို ပြောဆိုဝေဖန်တာတွေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေသလို ပြည်သူတွေကလည်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကို စိုးရိမ်နေကြပါတယ်။