အာဆီယံတိုက်တွန်းချက် လက်တွေ့ဖြစ်နိုင်ခြေနည်းကြောင်း လေ့လာသူတွေ ပြော
2025.01.20

စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကို ဦးစားမပေးဘဲ ချက်ချင်းအပစ်အခတ်ရပ်ပြီး တွေ့ဆုံဆွေးနွေးပွဲတွေစတင်ဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့က တိုက်တွန်းချက်ဟာ လက်တွေ့ဖြစ်နိုင်ခြေနည်းတယ်လို့ NUG အမျိုးသား ညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ လေ့လာသူတွေက သုံးသပ်ပါတယ်။
မြန်မာနိုင်ငံက ပဋိပက္ခတွေအတွက် စစ်ကောင်စီ ကျင်းပမဲ့ရွေးကောက်ပွဲဟာ အဖြေမဟုတ်သလို အကြမ်းဖက်မှုတွေပဲ ပိုတိုးလာနိုင်တယ်လို့ ဆိုပါတယ်။
"စစ်ကောင်စီကနေ ဆက်ပြီးတော့မှ အာဏာတည်မြဲစေမဲ့ ငြိမ်းချမ်းရေးစကားဝိုင်းကိုတော့ လက်သင့်ခံနိုင်မှာ မဟုတ်ဘူးပေါ့နော်"
အာဆီယံရဲ့ တိုက်တွန်းချက်က ကောင်းတဲ့လက္ခဏာဖြစ်ပေမဲ့ စစ်တပ်အနေနဲ့ နိုင်ငံရေးကနေ ထွက်နိုင်မှ တွေ့ဆုံဆွေးနွေးရေး ဖြစ်လာနိုင်မယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ သမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇော်က ပြောပါတယ်။
"စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့အတွက်လုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲဟာ အဖြေမဟုတ်တဲ့ အတွက်ကြောင့် အာဆီယံအဖွဲ့ကြီးက အဲဒီလို ပြောတဲ့အခါ ကျွန်တော်တို့အနေနဲ့ ကောင်းတဲ့လက္ခဏာလို့ မြင်ပါတယ်။ စစ်တပ်က နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခြင်း မရှိဘူးဆိုတဲ့ဟာ၊ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်စဲရမယ်ဆိုတဲ့ဟာ နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်းလွှတ်ပေးရမယ်ဆိုတဲ့ အစရှိတဲ့ ခြောက်ချက်ကို လိုက်နာဖို့အတွက် စစ်တပ်မှာတာဝန်ရှိတဲ့သူတွေ လိုက်နာမယ်ဆိုရင် ဒါကအရေးကြီးဆုံး စကားပြောဖို့စစ်မှန်တဲ့ လိုအပ်ချက်ဖြစ်တယ်ပေါ့"
ဆက်နွှယ်သော သတင်းများ
သက်ဆိုင်သူအားလုံးပါဝင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အာဆီယံလိုလား
မလေးရှားနဲ့ စစ်ကောင်စီ မြန်မာ့အရေး ဆွေးနွေးမည်
အာဆီယံကနေ ထွက်ပေါက်ရဖို့ စစ်ကောင်စီ ကြိုးပမ်းနေကြောင်း လေ့လာသူတွေ ပြော
မြန်မာနိုင်ငံမှာ အရပ်သားတွေ၊ အရပ်ဘက်အဆောက်အအုံတွေ အကြမ်းဖက်တိုက်ခိုက်ခံနေရတာကို ပြစ်တင်ရှုတ်ချတယ်လို့လည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ရဲ့ ညွှန်ကြားရေးမှူး ကိုဗညားကတော့ တွေ့ဆုံဆွေးနွေးရေးကို ကြိုဆိုပေမဲ့ စစ်ကောင်စီ သက်ဆိုးရှည်မဲ့ တွေ့ဆုံဆွေးနွေးရေးကိုတော့ လက်သင့်ခံနိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
"စစ်ကောင်စီကနေ ဆက်ပြီးတော့မှ အာဏာတည်မြဲစေမဲ့ ငြိမ်းချမ်းရေးစကားဝိုင်းကိုတော့ လက်သင့်ခံနိုင်မှာ မဟုတ်ဘူးပေါ့နော်။ ဘာလို့လဲဆိုတော့ စစ်အာဏာရှင်တည်မြဲဖို့အတွက် လုပ်နေတာမဟုတ်ဘူး။ စစ်အာဏာရှင် လုံးဝပြုတ်ကျဖို့အတွက်ဖြစ်တယ်။ ဖက်ဒရယ်ဒီမိုကရေစီကို ခြေလှမ်းစနိုင်ဖို့အတွက်ဖြစ်တယ်။ အဲဒါကြောင့်မို့လို့ ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲကို ကြိုဆိုတယ်။ အဲဒီအတွက် နိုင်ငံတကာရဲ့ ခြေလှမ်းကို ကျေးဇူးတင်တယ်။ စစ်အာဏာရှင်ကိုပိုပြီး သက်ဆိုးရှည်စေမဲ့ ဆွေးနွေးမှုကိုတော့ လက်သင့်ခံရမှာ တော်တော်ခက်ပါတယ်"
စစ်ကောင်စီအနေနဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ တိုက်တွန်းချက်ကို ဆောင်ရွက်မဲ့အစား သူ့လမ်းသူပဲ ဆက်လျှောက်လိမ့်မယ်လို့ မြန်မာ့အရေးလေ့လာသူ ဒေါက်တာစိုင်းကြည်ဇင်စိုးက သုံးသပ်ပါတယ်။
“အခုလက်ရှိအခြေအနေမှာတော့ ပြောင်းမဲ့သဘောတော့ မရှိဘူး။ သူ့ရဲ့ စီမံချက်အတိုင်း ဆက်သွားမဲ့ သဘောရှိတယ်။ ဒါပေမဲ့ သူ့အနေနဲ့ စဉ်းစားစရာရှိတာက သူရွေးကောက်ပွဲလုပ်လိုက်ရင် အကုန်လုံး လက်မခံရင်တောင်မှ တရုတ် ထောက်ခံမှု၊ ရုရှား ထောက်ခံမှု၊ အာဆီယံ ထောက်ခံမှုတွေနဲ့ နိုင်ငံရေးအခြေအနေ ပြောင်းလဲနိုင်မယ်။ သူ့နိုင်ငံရေး အသာစီးရယူနိုင်မှုကို လုပ်နိုင်လိမ့်မယ်လို့ သူစဉ်းစားတဲ့ဟာကတော့ မဟုတ်နိုင်တော့ဘူးလို့ သူမြင်လာစရာရှိတယ်"
ဒီနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူရမဲ့ မလေးရှားနိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် မလေးရှားနိုင်ငံ ခြားရေးဝန်ကြီးဟောင်း အိုသ်မန် ဟာရှင်ကိုလည်း မနေ့က ခန့်အပ်လိုက်ပါတယ်။