စစ်ကောင်စီကို ညီလာခံ မဖိတ်ဖို့ သဘောတူညီချက် တရုတ်လည်း အမြတ်ထွက်

2021-11-22
Share
စစ်ကောင်စီကို ညီလာခံ မဖိတ်ဖို့ သဘောတူညီချက် တရုတ်လည်း အမြတ်ထွက် ၂၀၂၁ နိုဝင်ဘာ ၂၂ ရက်နေ့က တရုတ်-အာဆီယံအစည်းအဝေးကို မြန်မာနိုင်ငံမပါဝင်ဘဲ ကျင်းပစဥ်။
Photo: ASEAN Secretariat

တရုတ်နဲ့ အာဆီယံနိုင်ငံတွေအကြား ဆွေးနွေးဘက် dialogue partner အဖြစ် ဆက်ဆံရေးတည်ထောင်တဲ့ နှစ် ၃၀ ပြည့် အထိမ်းအမှတ် ထိပ်ညီးညီလာခံကို နိုဝင်ဘာလ ၂၂ရက် မနေ့က အွန်လိုင်းကနေ ကျင်းပခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ မြန်မာနိုင်ငံ မပါဝင်တဲ့ အခြား အာဆီယံ ကိုးနိုင်ငံက နိုင်ငံ့ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီ တရုတ်အာဆီယံထိပ်သီးညီလာခံမတိုင်ခင်မှာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ညီလာခံတက်ခွင့်ပေးဖို့ တရုတ်နိုင်ငံဘက်က အာဆီယံနိုင်ငံတွေကို တိုက်တွန်းနေပေမယ့်၊ ဒီဆုံးဖြတ်ချက်အတွက် အဓိက တာဝန်ရှိတဲ့ မလေးရှား၊ အင်ဒိုနီးရှား၊ စင်္ကာပူနဲ့ ဘရူနိုင်းစတဲ့ လေးနိုင်ငံ သဘောထား မပြောင်းလဲတဲ့အတွက် မြန်မာစစ်ခေါင်းဆောင်ဟာ ထိပ်သီးညီလာခံတက်ရောက်ခွင့် မရတဲ့အကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

မနေ့က ကျင်းပတဲ့ တရုတ်အာဆီယံထိပ်သီးညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကနေ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး တက်ရောက်ဖို့ တရုတ်နိုင်ငံနဲ့ အာဆီယံ ကိုးနိုင်ငံလုံးက သဘောတူညီထားပါတယ်။ အခုမနက်အထိ မြန်မာနိုင်ငံဘက်က လက်ခံအတည်ပြုတာ မရှိတဲ့အတွက် မြန်မာနိုင်ငံမပါဘဲ ဒီညီလာခံကို ကျင်းပခဲ့တာဖြစ်ပါတယ်။ လို့ မနေ့က ထိပ်သီးညီလာခံအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီး စိုင်ဖူဒင် အဗ္ဗဒူလာက ပြောသွားတာပါ။

မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံညီလာခံ တက်ခွင့်ပေးဖို့ တရုတ်နိုင်ငံက ဖိအားပေးမှုတွေ ရှိနေပေမယ့် အာဆီယံ နိုင်ငံတွေဘက်က လက်မခံခဲ့တာဟာ အာဆီယံရဲ့ဂုဏ်သိက္ခာနဲ့ သက်ဆိုင်ရာနိုင်ငံတွေ အကျိုးစီးပွား မထိခိုက်တဲ့အတွက် ဖြစ်တယ်လို့ အမေရိကန်နိုင်ငံ၊ မင်နီဆိုတားပြည်နယ် Carleton College က မြန်မာ့အရေးလေ့လာသူ နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ ဒေါက်တာထွန်းမြင့်က သုံးသပ်ပါတယ်။

မနေ့က ကျင်းပတဲ့ တရုတ်- အာဆီယံ ထိပ်သီးညီလာခံအပြီးမှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ဟာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ နေပြည်တော်မှာ တွေ့ဆုံပြီး၊ ထိပ်သီးညီလာခံက ဆွေးနွေးပြောဆိုမှုတွေအကြောင်းကို ပြန်လည် တင်ပြခဲ့တဲ့အကြောင်း တရုတ်ဘာသာ စကားနဲ့ ထုတ်ဝေတဲ့ တရုတ်အစိုးရပိုင် People Daily သတင်းဌာနက သတင်းဖော်ပြခဲ့ပါတယ်။

"အခု မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံအစည်းအဝေး တက်ခွင့်မပေးဖို့ကိစ္စဟာ ဒီ Comprehensive Strategic Partnership အတွက် ညှိနှိုင်းတဲ့နေရာမှာ တရုတ်အတွက် အားသာချက် ဖြစ်သွားစေတယ်လို့ သုံးသပ်ပါတယ်။"

အမေရိကန်အစိုးရရဲ့ ငြိမ်းချမ်းရေး အင်စတီကျု (USIP)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Jason Tower ကတော့ မနေ့က အာဆီယံ ထိပ်သီးညီလာခံမှာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး ဘယ်လိုကိုင်တွယ်ဆုံးဖြတ်မယ် ဆိုတာကို တရုတ်နဲ့အာဆီယံနိုင်ငံတွေအကြား ညှိနှိုင်းမရတဲ့ သဘောထားကွဲပြားမှုတွေ ရှိခဲ့တယ်လို့ သုံးသပ်ပါတယ်။

“မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး တရုတ်နဲ့အာဆီယံနိုင်ငံအားလုံးအကြားမှာ သဘောထားတင်းမာမှုတွေ ရှိနေပါတယ်။ အာဆီယံနိုင်ငံတွေဘက်ကတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အာဆီယံခေါင်းဆောင်တွေကို ပေးထားတဲ့ ကတိကဝတ်တွေကို မလိုက်နာတဲ့အတွက် ထိပ်သီးညီလာခံ တက်ရောက်ခွင့်မပြုနိုင်ကြောင်း ပြတ်ပြတ်သားသား ပြောထားပြီး ဖြစ်ပါတယ်။ မြန်မာ စစ်ခေါင်းဆောင်တွေဘက်ကလည်း အာဆီယံ ထိပ်သီးညီလာခံ တက်ခွင့်မပေးတဲ့အတွက် အာဆီယံအပေါ် ရန်လိုတဲ့ သဘောထားနဲ့ တုံ့ပြန်ခဲ့ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ကတော့ အခုနှစ်မှာ တရုတ်နဲ့ အာဆီယံဆက်ဆံရေး နှစ် ၃၀ ပြည့်သွားတဲ့ အချိန်မှာ နှစ်ဦးနှစ်ဖက်လုံး အကျိုးအမြတ် ရှိခဲ့တဲ့အကြောင်းနဲ့ ပိုမိုမြင့်မားတဲ့ ဆက်ဆံရေး နောက်တဆင့်ကို သွားဖို့ အသင့်ဖြစ်နေပြီဆိုတဲ့ သဘောမျိုး ပြသချင်နေပါတယ်။ တဖက်မှာလည်း မြန်မာစစ်ခေါင်းဆောင်ကို ထိပ်သီးညီလာခံ တက်ခွင့်မပေးတာ အာဆီယံဘက်က ဆုံးဖြတ်ချက်သာ ဖြစ်တဲ့အကြောင်း တရုတ်နိုင်ငံဘက်က သိသာထင်ရှားအောင် ပြချင်တဲ့သဘော ရှိပါတယ်”

တရုတ်နိုင်ငံဟာ အခု တရုတ်အာဆီယံ ထိပ်သီးညီလာခံမှာ မြန်မာ စစ်ခေါင်းဆောင်ကို အာဆီယံနိုင်ငံတွေဘက်က လက်မခံတာဟာ အာဆီယံနိုင်ငံတွေနဲ့ ကုန်သွယ်ရေး၊ စီးပွားရေးအပြင်၊ လုံခြုံရေးနဲ့ စစ်ရေးကိစ္စတွေ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မယ့် Comprehensive Strategic Partnership အစီအစဉ်တွေ သဘောတူမှု ရဖို့အတွက် အားသာချက်အဖြစ် အသုံးချသွားခဲ့တယ်လို့ Jason Tower က သုံးသပ်ပါတယ်။

“မနေ့က ထိပ်သီးညီလာခံမှာ တရုတ်နဲ့ အာဆီယံနိုင်ငံတွေအကြား မဟာဗျူဟာကျ ပူးပေါင်းဆောင်ရွက်မယ့် Comprehensive Strategic Partnership အစီအစဉ်တွေကို စတင်မယ့်အကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ကြေညာခဲ့ပါတယ်။ တရုတ်နိုင်ငံဘက်က ဒီအစီအစဉ် ဖြစ်မြောက်ဖို့ အာဆီယံကို တိုက်တွန်းခဲ့တာ နှစ်တော်တော်ကြာခဲ့ပါပြီ။ အခု မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံအစည်းအဝေး တက်ခွင့်မပေးဖို့ကိစ္စဟာ ဒီ Comprehensive Strategic Partnership အတွက် ညှိနှိုင်းတဲ့နေရာမှာ တရုတ်အတွက် အားသာချက် ဖြစ်သွားစေတယ်လို့ သုံးသပ်ပါတယ်။”

တရုတ်နိုင်ငံဟာ အာဆီယံနိုင်ငံတွေနဲ့ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ ၁၉၉၁ ခုနှစ်မှာ အာဆီယံရဲ့ ဆွေးနွေးဘက်နိုင်ငံ dialogue partner အဖြစ် ဆက်ဆံရေး စတင်ခဲ့ပြီး အခုနောက်ပိုင်းမှာ ပထဝီနိုင်ငံရေးအရ အကျိုးရှိစေမယ့် စစ်ရေးနဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုတွေ ဘက်ကို တိုးမြှင့်လာခဲ့တဲ့အကြောင်း၊ အထူးသဖြင့် တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး၊ စစ်ရေးပဋိပက္ခ ဖြစ်လာခဲ့ရင် တရုတ်နဲ့ Strategic Partnership သဘောတူညီချက်ယူထားတဲ့ အာဆီယံနိုင်ငံတွေအနေနဲ့ ဝင်ရောက်စွက်ဖက်ခွင့်မရှိဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ဒေါက်တာထွန်းမြင့်က သုံးသပ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့