အာဆီယံထိပ်သီးညီလာခံမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဘာထူးခြားလာနိုင်မလဲ

နိုဝင်ဘာလ ၁၀ ရက် မနက်ဖြန်မှာ စတင်ကျင်းပမယ့် အာဆီယံထိပ်သီးညီလာခံမှာ ပဋိပက္ခတွေ ပိုပြင်းထန်လာတဲ့ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်လာနိုင်တယ်လို့ ပြည်တွင်းပြည်ပ နိုင်ငံရေး အကဲခတ်တွေက ပြောပါတယ်။
စင်္ကာပူအခြေစိုက် The Straits Times သတင်းဌာနက အာဆီယံထိပ်သီးအစည်းအဝေး ကနေ မြန်မာ့အရေးအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချဖို့ရှိနေပြီး အရင်က သဘောတူထားတဲ့ ဘုံသဘောတူညီချက်တွေကို ပြင်ဆင်တာမျိုးအထိ လုပ်နိုင်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ရေးသားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် က ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ရာမှာ အချိန်အတိအကျ ကန့်သတ်ပြီး ဖိအားပေးတာမျိုး ဖြစ်လာဖို့ မျှော်လင့် တယ်လို့ ပြောပါတယ်။
“အခု အာဆီယံ ထိပ်သီးအစည်းအဝေးကနေပြီးတော့ ဆုံးဖြတ်ချက်ချတဲ့အခါမှာ အချိန်အတိအကျ သတ်မှတ်တဲ့ ဆုံးဖြတ်ချက်မျိုး လမ်းကြောင်းမျိုး ဖြစ်သင့်ပါတယ်။ မဟုတ်ရင် အချိန်ဆွဲခြင်းအားဖြင့် အချိန်ပိုကြာလာတာနဲ့ အမျှ မြန်မာပြည်သူလူထုတွေ ခံစားရတဲ့ ဒုက္ခတွေက ပိုပြီးများလာမယ်။ ပိုကြာလာမယ်။ ဒီအပြင် ဒေသတွင်းကိုပါ ထိခိုက်လာတာပိုပိုပြီးဆိုးလာနိုင်မယ်။ ဒါကြောင့် အာဆီယံထိပ်သီး အစည်းအဝေးကနေ ပြီးတော့ အချိန် ဇယားသတ်မှတ်ထားတဲ့ ဆုံးဖြတ်ချက်ဖြစ်သင့်ပါတယ်။ အဲ့လိုဖြစ်ဖို့ အတွက်လည်း တိုက်တွန်းပြောကြားချင်ပါတယ်”
အာဆီယံက ဘုံသဘောတူညီချက် ငါးရပ်ချမှတ်ပြီး မြန်မာနိုင်ငံက ပဋိပက္ခတွေကို ဖြေရှင်းဖို့ကြိုးစားနေတာ တစ်နှစ်ခွဲရှိပါပြီ။ ဒါပေမဲ့ အဲဒီ ဘုံသဘောတူညီချက်တွေထဲက အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ သက်ဆိုင်သူအား လုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေ စတင်ဖို့ စတဲ့ အရေးကြီးတဲ့အချက်တွေဟာ အခုချိန်အထိ အလုပ်မဖြစ်သေးပါဘူး။
"ကျမတို့ ပြည်သူလူထုကသာ ဒီစစ်ကောင်စီကို အန္တရာယ်ပြုနိုင်တာ။ ဘယ်သူကမှ အန္တရာယ်ပြုနိုင်မှာမဟုတ်ဘူး။ အဲ့တော့ သိပ်မျှော်လင့်မနေနဲ့။ ဘာမှ ဖြစ်မလာနိုင်ဘူး”
မနက်ဖြန်ပြုလုပ်မယ့် အာဆီယံ ထိပ်သီးညီလာခံမတိုင်ခင် မြန်မာ့အရေးအတွက် ကြိုတင် ညှိနှိုင်းကြမယ်ဆိုပြီး အောက်တိုဘာ ၂၇ ရက်နေ့က အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့ပေမယ့် ဘာမှ ထူးထူးခြားခြား ဖြစ်မလာဘဲ အလုပ် မဖြစ်တဲ့ ဒီဘုံသဘောတူညီချက်တွေကိုပဲ ဆက်လက်ကိုင်စွဲထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အခု ထိပ်သီးညီလာခံကလည်း ဒီသဘောထားမျိုးပဲ ထွက်လာလိမ့်မယ်လို့ အာဆီယံအရေး ကျွမ်းကျင်သူ စင်္ကာပူ အမျိုးသားတက္ကသိုလ်မှာ ပြည်သူ့ရေးရာ မဟာတန်း တက်ရောက် နေတဲ့ ကိုကြည်စင် က ခန့်မှန်းပါတယ်။
“အာဆီယံ ထိပ်သီးအစည်းအဝေးကတော့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အစည်း အဝေးကနေ အကြံပြုလိုက်တဲ့ဟာကနေ သိပ်ပြီးထူးခြားတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာ မယ်လို့ ကျနော်ကတော့ မထင်ဘူး။ များသော အားဖြင့် ထိပ်သီးအစည်းအဝေးပွဲတွေဟာ ဝန်ကြီးအဆင့်အစည်းအဝေးတွေကနေ အကြံပြုလိုက်တဲ့ဟာတွေကို ထပ်ပြီး ဆွေးနွေး ကြတာ များတယ်။ ဒီကြားထဲမှာ အကယ်၍ အခြားနည်းလမ်းတစ်ခုခုကို ဆွေးနွေးဖြစ်ခဲ့ တယ် ဆိုရင်တော့ ထိပ်သီးအစည်းအဝေးမှာ အတိုင်းအတာတစ်ခုထိ ပြောင်းလဲနိုင်တာ ရှိတာပေါ့။ ဒါပေမဲ့ များသောအားဖြင့် သိပ်ပြီး အပြောင်းအလဲရှိမယ်လို့ ကျနော် မထင်ဘူး”
လက်ရှိအချိန်မှာ အာဆီယံအနေနဲ့ အစည်းအဝေးတွေမှာ စစ်ကောင်စီ ကိုယ်စားလှယ်ကို ဖယ်ထုတ်ထားတာထက်ပိုပြီး ဘာမှ ထူးထူးခြားခြား လုပ်နိုင်တာ မရှိသေးဘူးလို့လည်း သူက သုံးသပ်ပါတယ်။
ဘုံသဘောတူညီချက်တွေကို အကောင်အထည် မဖော်လို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးတွေနဲ့ ထိပ်သီးအစည်းအဝေးတွေမှာ စစ်ကောင်စီရဲ့ အဆင့်မြင့် ကိုယ်စားလှယ်တွေကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ နောက်ပိုင်းကစလို့ တက်ခွင့်မပေး တော့ပါဘူး။ ဒါဟာ လုံလောက်တဲ့ ဖြေရှင်းမှု မဟုတ်သေးဘူးလို့ အတိုက်အခံအင်အားစု တွေက ဝေဖန်ပါတယ်။
စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ သူတို့ ပါဝင်ခွင့်မရတဲ့ အစည်းအဝေး တွေကနေ ချမှတ်တဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာဆောင်ရွက်မှာ မဟုတ်ဘူးလို့ အောက်တိုဘာ ၂၇ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။ အချိန်အကန့်အသတ်နဲ့ ဖိအားပေး အကျပ်ကိုင်ရင်လည်း အဆိုးဘက်ကိုပဲ ဦးတည်သွား မယ်လို့ စစ်ကောင်စီက သတိပေးထားပါတယ်။
စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး က အာဆီယံအနေနဲ့ မြန်မာ့အရေးအတွက် ပူးပေါင်းမှာလား၊ ဖိအားပေးမှာလား ဆိုတာ ရွေးရ မယ်၊ ရွေးမယ့်ဆုံးဖြတ်ချက်ပေါ် မူတည်ပြီး ရလဒ်ထွက်လာလိမ့်မယ်လို့ RFA ကို ပြောပါတယ်။
“အဓိက အချက်က အာဆီယံဟာ မြန်မာကို ကူညီမှာလား၊ ဒါမှမဟုတ် ဖိအားပေးမှာ လား။ ကူညီချင်တယ်ဆိုရင် ကူညီလို့ရတဲ့ လမ်းကြောင်းပေါ့၊ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးနောက် မြန်မာ့နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး သူတို့ သွားလို့ရတဲ့ လမ်းကြောင်းတွေ ရှိတယ်။ ဆိုလိုတာက ပူးပေါင်းဆောင်ရွက်ပြီး အရွေ့ တစ်ခု ရွေ့မယ့် လမ်းကြောင်းကို ရွေးမလား ဒါမှမဟုတ် ဖိအားပေးပြီးမှ ပြောင်းလဲသွား တဲ့ ပုံစံမျိုးကို လိုချင်တာလား။ အဲ့ဒီနှစ်ခုအပေါ် အာဆီယံရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည် ပြီး ရလဒ်ထွက်မယ်”
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအစီအစဉ်နဲ့ နိုင်ငံရေးလမ်းပြမြေပုံကို ပူးပေါင်းဆောင်ရွက်တာ က အာဆီယံအတွက် အကောင်းဆုံး ဖြစ်လိမ့်မယ်လို့လည်း ဦးသိန်းထွန်းဦးက တိုက်တွန်း ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် ကတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိမှာမဟုတ်တဲ့အပြင် မြန်မာ့အကျပ် အတည်းကို ပိုပြီး ဆိုးဝါးစေလိမ့်မယ်လို့ အထွေထွေရွေး ကောက်ပွဲ နှစ်နှစ်ပြည့်တဲ့ နိုဝင်ဘာလ ၈ ရက်နေ့က သဘောထားထုတ်ပြန်ခဲ့ပါတယ်။
အန်တိုနီ ဘလင်ကန် ဟာ ဒီကြေညာချက် မတိုင်ခင်ကတည်းက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို အသိအမှတ်မပြုဖို့ အာဆီယံနဲ့ နိုင်ငံတကာအသိုက်အဝန်းကို တိုက်တွန်းထားပါတယ်။
အာဆီယံနိုင်ငံတွေအကြားမှာလည်း စစ်ကောင်စီကို ပိုမိုဖိအားပေးရေး အမေရိကန်နဲ့ သဘောထားတူတဲ့ နိုင်ငံတွေရှိသလို တရုတ်အစိုးရရဲ့ စစ်ကောင်စီကို အလျှော့ပေး ဆက်ဆံရေး မူဝါဒကို သဘောထားတူတဲ့ နိုင်ငံတွေလည်း ရှိနေပါတယ်။
တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေးကျွမ်းကျင်သူ ဒေါက်တာ လှကျော်ဇော ကတော့ အာဆီယံဟာ မြန်မာ့အရေးကို တိုးတက်ပြောင်းလဲအောင် ဘာမှ လုပ်နိုင်စွမ်း မရှိဘူးလို့ သုံးသပ်ပါတယ်။
“အာဆီယံက ပိုနေမြဲ ကျားနေမြဲ ဒီအတိုင်းပဲဆက်ဖြစ်နေမှာပဲ။ တကယ်လို့ သူ (အာဆီယံ)က ထူးထူးခြားခြား ဘာဆုံးဖြတ်ချက်ပဲချချ စစ်ကောင်စီကလည်း အပြတ် ပြောပြီးသားလေ (သူတို့မလိုက်နာဘူးဆိုတာ)။ ကျမတို့ ပြည်သူလူထုကသာ ဒီစစ်ကောင်စီကို အန္တရာယ်ပြုနိုင်တာ။ ဘယ်သူကမှ အန္တရာယ်ပြုနိုင်မှာ မဟုတ်ဘူး။ အဲ့တော့ သိပ်မျှော်လင့်မနေနဲ့။ ဘာမှ ဖြစ်မလာနိုင်ဘူး”
စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan ကလည်း မြန်မာ့အရေးဟာ အာဆီယံရဲ့ ရှေ့အနာဂတ်နဲ့ ရင်ဆိုင်နိုင်စွမ်းအတွက် စိန်ခေါ်ချက်တစ်ရပ် ဖြစ်နေပြီလို့ နိုဝင်ဘာလ ၁ ရက်နေ့က ကျင်းပတဲ့ Yusof Ishak Institute forum ရဲ့ အထူးဆွေးနွေးပွဲမှာ ဝန်ခံပြောဆို ခဲ့ပါတယ်။

အာဆီယံ ဘုံသဘောတူညီချက်တွေကို စစ်ကောင်စီဥက္ကဋ္ဌကိုယ်တိုင် သဘောတူခဲ့ပေမယ့် ထိထိရောက်ရောက် အကာင်အထည်မဖော်တဲ့အပြင် မြန်မာပြည်အတွင်း မလုံခြုံမှုတွေနဲ့ အကြမ်းဖက်မှုတွေဟာ ပိုဆိုးလာနေတယ် လို့ နိုင်ငံရေး အကဲခတ်တွေက ထောက်ပြ ပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အချက်အလက်တွေ အရ အကြမ်းဖက်မှု ရပ်တန့်ဖို့ အပါအဝင် အာဆီယံဘုံသဘောတူညီချက်တွေ ချမှတ်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီ ၂၄ ရက်နေ့အထိ စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်နှိမ်နင်းမှုနဲ့ ဖမ်းဆီး နှိပ်စက်မှုတွေကြောင့် နိုင်ငံတစ်ဝန်း သေဆုံးသူ ၇၄၈ ဦး ရှိခဲ့ပါတယ်။
အခု ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၈ ရက်မှာတော့ သေဆုံးသူ စုစုပေါင်းဟာ ၂,၄၂၄ ဦး ရှိလာပါပြီ။ ဒါကိုကြည့်ရင် အာဆီယံဘုံသဘောတူညီချက်တွေ ချမှတ်ချိန်ကစလို့ တစ်နှစ်ခွဲအတွင်းမှာ စစ်ကောင်စီရဲ့ ပစ်ခတ် နှိမ်နင်းမှုနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် သေဆုံးသူ ၁,၆၇၆ ဦး တိုးလာတာ တွေ့ရပါတယ်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နို မာဆူဒီ (Retno Marsudi) ကတော့ ဘုံသဘောတူညီချက်တွေကို အခုထိ အကောင်အထည် မဖော်နိုင်တာနဲ့ပတ်သက်လို့ မြန်မာစစ်ကောင်စီကိုသာ အပြစ်တင်သင့်တယ်လို့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။
ဒီအခြေအနေတွေကြောင့်ပဲ မနက်ဖြန် စတင်ကျင်းပမယ့် အာဆီယံ ထိပ်သီးညီလာခံကနေ မြန်မာ့အရေးအတွက် ဘာတွေ ထူးထူးခြားခြား ဖြစ်လာမလဲဆိုတာကို အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။