မြန်မာ့အရေး အာဆီယံဖြေရှင်းနိုင်မယ့် အလားအလာနည်းပါး

နန္ဒာချမ်း (ဝါရှင်တန်ဒီစီ)
2021-04-23
Share

အာရှတိုက်ရဲ့ ဆီးရီးယားဖြစ်လာနိုင်တယ်လို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ သံတမန်တွေရဲ့ သတိပေးသံတွေ ထွက်ပေါ်လာနေတဲ့ မြန်မာနိုင်ငံပြဿနာကို အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံက စတင် ဖြေရှင်းဖို့ ကြိုးပမ်းလာတာ တွေ့ရပါတယ်။ ဒါပေမဲ့လည်း ပွဲဦးထွက်ကျင်းပတဲ့ မြန်မာ့အရေး အရေးပေါ် အစည်းအဝေးမှာတင်ပဲ အဓိကကျတဲ့ အဖွဲ့အားလုံး မပါဝင်တဲ့အပေါ် ဝေဖန်သံတွေ ထွက်ပေါ်ခဲ့တာပါ။

အာဏာသိမ်းစစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဆီယံက အစည်းအဝေးတက်ဖို့ ဖိတ်ကြားခဲ့ပြီး၊ ပြည်သူက ရွေးကောက် တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေပါဝင်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကို မဖိတ်ခဲ့တဲ့အပေါ်မှာ - ဒီအစည်းအဝေးကြီးကနေ မယ်မယ်ရရ အဖြေတစ်ခု ထွက်လာမယ် ဆိုတဲ့အပေါ် သံသယတွေ ဖြစ်စေခဲ့ပါတယ်။

NUG ရဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာကတော့ -

“အာဆီယံက လွန်ခဲ့တဲ့ ၅၂ နှစ်အထိကို နိုင်ငံတကာရဲ့ ဒီလိုအရေးမျိုးကို ထိထိရောက်ရောက် ဖြေရှင်းတယ် ဆိုတာက ကျနော်တို့ မတွေ့ခဲ့ရပါဘူးနော် ဒါ နံပါတ် ၁။ ဒါကြောင့်မို့လို့ ကျနော်တို့အနေနဲ့ ဟုတ်ပြီ အာဆီယံ ခေါင်းဆောင်တွေကနေပြီးတော့ မြန်မာနိုင်ငံအရေးကို ဖြေရှင်းပေးနိုင်ဖို့ရာအတွက် ကြိုးစားတာကို ကြိုဆိုတယ်။ လက်ခံတယ်။ ကျေးဇူးတင်တယ်။ ဒါပေမဲ့လည်း ဒီအစည်းအဝေးကနေ ကြီးကြီးကျယ်ကျယ် (ရလဒ်) ထွက်လာ မယ်ဆိုတာကတော့ မျှော်လင့်ချက် ကြီးကြီးမားမားရှိသလားဆိုရင်တော့ မရှိပါဘူး။”

ဒီအစည်းအဝေးကို ထိုင်းဝန်ကြီးချုပ် Prayut Chan-o-chaနဲ့ ဖိလစ်ပိုင်သမ္မတ Rodrigo Duterte တို့ကလည်း မတက်ရောက်ပါဘူး။ ဒါကိုကြည့်ရင် မြန်မာ့အရေးအပေါ် အာဆီယံအဖွဲ့ဝင်တွေရဲ့ အလေးထားမှု ဘယ်လောက် ရှိသလဲဆိုတာကို မြင်နိုင်တယ်လို့ ပြောဆိုမှုတွေလည်း ရှိပါတယ်။

တခါ အဖွဲ့ဝင် ၁ဝ နိုင်ငံရှိတဲ့ အာဆီယံကိုကြည့်မယ်ဆိုရင်လည်း ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံလိုပဲ စစ်တပ်က အာဏာသိမ်းထားတဲ့နိုင်ငံဖြစ်နေတာကြောင့် ဒီအစည်းအဝေးကို ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင် မတက်တာ မဆန်းဘူးဆိုတဲ့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားနိုင်ငံဆိုရင်လည်း ကွန်မြူနစ်နိုင်ငံတွေ ဖြစ်ကြပါပြီ။ စင်္ကာပူကို ကြည့်မယ်ဆိုရင်လည်း အတိုက်အခံကို ဖိနှိပ်ထားတဲ့ ဒီမိုကရေစီအပြည့်အဝမရှိတဲ့ နိုင်ငံတခုပါ။

ဒါတင်မကသေးပါဘူး။ အာဆီယံပဋိညာဉ်ထဲမှာ - တနိုင်ငံရဲ့အရေးကို ဝင်မစွက်ဖက်ရေး၊ အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ ဘုံသဘော တူညီချက်ရမှ ဆုံးဖြတ်ချက်ချနိုင်တဲ့ အခြေခံမူတွေ ပြဋ္ဌာန်းထားတာကြောင့်လည်း မြန်မာ့အရေးကို အာဆီယံဘယ်လောက် ဖြေရှင်းနိုင်မလဲ ဒါဟာ စမ်းသပ်တဲ့ပွဲလို့ သုံးသပ်ကြပါတယ်။

လူ့အခွင့်အရေးကျွမ်းကျင်သူ ဦးအောင်မျိုးမင်းကတော့ -

“အခု ဒီအာဆီယံညီလာခံကို ကြည့်မယ်ဆိုရင် အာဆီယံက စိတ်ရင်းအမှန်နဲ့ အဖြေရှာတာလား။ မေးစရာတစ်ခု ရှိပါတယ်။ အခု ဒီကိစ္စက နိုင်ငံတကာရဲ့ ဖိအားတွေလျော့သွားဖို့ နိုင်ငံတကာကနေ ဒီထက် ပိုပြီး ပြင်းထန်တဲ့ ဖိအားတွေ၊ အရေးယူမှုတွေ မလုပ်နဲ့ဦး အာဆီယံနည်းနဲ့ ဖြေရှင်းနေပါတယ်လို့ အကြောင်းပြပြီးတော့ အချိန်ဆွဲ တဲ့ သဘောမျိုးလား။ ငါတို့လူ ငါတို့ထိန်းမယ် မင်းတို့ ဝင်စွက်စရာမလိုဘူးဆိုတဲ့ စိတ်ထားမျိုးလား။ အဲ့ဒါ ကျနော်တို့ စဉ်းစားရမယ့် အချက်ဖြစ်ပါတယ်။ နောက်တခုကတော့ အမြဲတမ်းကြုံနေရတဲ့ အာဆီယံရဲ့မူဝါဒ အာဆီယံအဖွဲ့ဝင် အားလုံး သဘောတူမှ ဆုံးဖြတ်ချက် ချလို့ရမယ်။ အဲတော့ တခုခုလုပ်တော့မယ်ဆိုရင် ဒါနဲ့ ပတ်သက်ပြီး အာသီသမရှိတဲ့သူတွေ၊ မြန်မာနိုင်ငံအပေါ်မှာ အရေးယူတာမျိုးဖြစ်လာရင် ငါတို့ဘက်ရော လှည့်လာမလားဆို တဲ့ ကိစ္စတွေ၊ စစ်အုပ်စုနဲ့ပူးပေါင်းရင် ငါတို့အတွက် ပိုအကျိုးရှိမယ်ဆိုတဲ့ စိတ်ထားအမျိုးမျိုးရှိတဲ့ အာဆီယံအဖွဲ့ ဝင်တွေကြားထဲမှာ အားလုံး သဘောတူမှ လုပ်မယ်ဆိုတဲ့အပေါ်မှာ ကျနော်တို့ အများကြီး သံသယရှိတယ်။”

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ် ဖြိုခွင်းမှုတွေကြောင့် ကလေး ငယ်တွေအပါအဝင် အရပ်သားတွေ သေဆုံးရတဲ့ သွေးထွက်သံယိုအကြမ်းဖက်မှုတွေ အဆုံးသတ်အောင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကိုင်တွယ်အရေးယူ ဖြေရှင်းဖို့ အကြိမ်ကြိမ် ကြိုးပမ်းတိုင်း တရုတ်နဲ့ ရုရှားက ကန့်ကွက်လေ့ရှိခဲ့တာပါ။

ဒါ့အပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ပြီးခဲ့တဲ့တနင်္လာနေ့ကပဲ မြန်မာ့အရေးကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းနိုင်ရေး အာဆီယံအကူအညီယူဖို့ တိုက်တွန်းခဲ့ပါတယ်။ အာဆီယံက အခုလို ကြားဝင် စေ့စပ်မယ့်ကိစ္စကို အားပေးကြောင်းလည်း Wang Yi က ပြောဆိုခဲ့တာပါ။

ဒါဟာ အလုပ်မဖြစ်မှန်းသိလို့ အာဆီယံလက်ထဲကို ထိုးထည့်တာလို့ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ကြပါတယ်။

“အာဆီယံက သူ့ရဲ့ရပ်တည်ချက်ရယ်၊ သူ့ရဲ့လုပ်ဆောင်ချက်နဲ့ အစွမ်းအစကတော့ မြန်မာပြည်နဲ့ပတ်သက်လို့ သူတို့ပြောနေသလို ပြုပြင်ပြောင်းလဲမှုတွေ ဖော်ဆောင်နိုင်လိမ့်မယ်လို့ ကျနော် မယုံကြည်ဘူး။ ကိုယ့်ဘာသာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အိမ်ထဲမှာ ကြိတ်ပြီးတော့ ဆေးမြီးတိုနဲ့ကုမယ့်အစား နိုင်ငံတကာကလုပ်ဆောင်နေတဲ့ လုပ်ငန်းတွေမှာ ဝိုင်းဝန်းပါဝင်ပြီးတော့ လက်တွဲပူးပေါင်းဆောင်ရွက်မှသာ ပိုမိုပြီးတော့ ကောင်းမွန်တဲ့ ပြုပြင် ပြောင်းလဲမှုတွေ၊ ပြဿနာဖြေရှင်းမှုတွေ ဖြစ်လာနိုင်တယ်ဆိုတာ အာဆီယံခေါင်းဆောင်များကို တိုက်တွန်းလိုပါတယ်။ သတိပေးလိုပါတယ်။”

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda-Thomas Greenfield က “နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ခြိမ်း‌‌ခြောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် နောက်ဆုံးတာဝန်ဟာ လုံခြုံရေး ကောင်စီအပေါ်မှာ ကျရောက်နေတာမို့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အာဆီယံအစည်းအဝေးက ထွက်လာမယ့် ရလဒ်ကို လုံခြုံရေး ကောင်စီက စိတ်အားထက်သန်စွာ စောင့်မျှော်နေပါတယ်” - လို့ ဒီတပတ်ထဲမှာပဲ ပြောထားပါတယ်။

လက်ရှိ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းကလည်း ဒီတပတ်ထဲမှာပဲ ရှေ့ဆင့်နောက်ဆင့်ဆိုသလို - “ဒေသတွင်းပြဿနာဖြစ်လာနေတဲ့ မြန်မာ့ အရေးအတွက် အာဆီယံရဲ့အခန်းကဏ္ဍဟာ ဘယ်တုန်းကနဲ့မှ မတူအောင် အရေးကြီးကြောင်း ပြောဆိုခဲ့ပြီး အောင်မြင်အောင် အဖြေရှာဖို့ အာဆီယံခေါင်းဆောင်တွေကို တိုက်တွန်းခဲ့တာပါ။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း Hamid Albar ကလည်း အာဆီယံအတွင်း မြန်မာနိုင်ငံဟာ ချွတ်ခြုံကျတဲ့ တိုင်းပြည်တစ်ခုအဖြစ် ရောက်လာမယ့် အန္တရာယ်ကို တားဆီးနိုင်ရေးဟာ အာဆီယံရဲ့ လတ်တလော ရေတိုနဲ့ ရေရှည်အကျိုးစီးပွားဖြစ်တယ်လို့ ဒီအစည်းအဝေး မတိုင်ခင်မှာပဲ သတိပေးခဲ့ပါတယ်။

ဒီလိုဖိအားတွေအောက်မှာ အာဆီယံအနေနဲ့ သူတို့ရဲ့ ပဋိညာဉ်ကိုကျော်ပြီး မြန်မာ့အရေးကို ကိုင်တွယ်ဖြေရှင်းရ မယ့် စိန်ခေါ်ချက်တွေရှိနေတာကြောင့် အခုအစည်းအဝေးကနေ ရလဒ်ခိုင်ခိုင်မာမာ ထွက်ပေါ်လာမယ့် အလားအလာကတော့ နည်းပါးနေတယ်လို့လည်း အကဲခတ်တွေ သုံးသပ်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့