အာဆီယံဆုံးဖြတ်ချက် တိုးတက်မှုရှိပေမယ့် ထိရောက်တဲ့ အရေးယူမှု လိုအပ်နေဆဲ

2022.11.15
Share on WhatsApp
Share on WhatsApp
အာဆီယံဆုံးဖြတ်ချက် တိုးတက်မှုရှိပေမယ့် ထိရောက်တဲ့ အရေးယူမှု လိုအပ်နေဆဲ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်လာသည့် အာဆီယံခေါင်းဆောင်များကို တွေ့ရစဉ်။
Photo: REUTERS/Cindy Liu

မြန်မာ့အရေး ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ရာမှာ တိကျတဲ့ အချိန် သတ်မှတ်ချက် ထားရှိဖို့နဲ့ အချိန်မီ မဆောင်ရွက်နိုင်ရင် အပြီးသတ်ဆုံးဖြတ်ချက်ချမှတ်ဖို့ စတဲ့အချက်တွေကို နိုဝင်ဘာ ၁၀ ရက်ကနေ ၁၃ ရက်နေ့အထိ ကမ္ဘေဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ပြုလုပ်တဲ့ အာဆီယံ ထိပ်သီးညီလာခံကနေ ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီညီလာခံကနေ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက် ၁၅ ချက်ကို ချမှတ်ခဲ့ပြီး အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို အပြည့်အဝ အကောင်အထည်ဖော်ဖို့၊ အာဆီယံဘက်က သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံဖို့၊ အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးတွေမှာ စစ်ကောင်စီ အဆင့်မြင့်ကိုယ်စားလှယ်ကို တက်ခွင့် မပြုဖို့၊ တခြားအစည်းအဝေးတွေမှာပါ မြန်မာရဲ့ ကိုယ်စားပြုမှုကို ထပ်မံ သုံးသပ်ဖို့၊ စစ်တပ်ဟာ မြန်မာနိုင်ငံမှာ အင်အားအကြီးဆုံး လက်နက်ကိုင်အဖွဲ့ဖြစ်တာကြောင့် သက်ဆိုင်သူအားလုံးက တင်းမာမှုတွေကို လျှော့ချဖို့၊ လက်နက်ကိုင် ပဋိပက္ခတွေမှာ တရားမျှတမှုရှိရှိ တာဝန်ခံဖို့၊ ခွဲခြားမှုမရှိဘဲ လူသားချင်းစာနာမှုအကူအညီတွေ ပေးနိုင်ဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

ဒါဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့အရေးဖြေရှင်းမှုအတွက် အာဆီယံရဲ့ လုပ်ဆောင်ချက်တွေထဲမှာ အထိရောက်ဆုံး ဆုံးဖြတ်ချက်ဖြစ်တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။

“ ဒီကြေညာချက်ကတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစလို့ နောက်ပိုင်းမှာ အထိရောက်ဆုံး စာလုံးတချို့ သုံးနှုန်းထားတာ တွေ့ရပါတယ်။ ဥပမာဆိုရင် ကျနော်တို့တွေ အမြဲတမ်း တောင်းဆိုတဲ့ အချိန်ဇယားအတိအကျနဲ့ လုပ်ရမယ်ဆိုတဲ့ဟာ ပါလာတာ တွေ့ရတယ်။ နောက်ပြီးတော့ သက်ဆိုင်တဲ့ အစုအဖွဲ့တွေအားလုံးနဲ့ အမြန်ဆုံး တွေ့ဆုံဖို့ဆိုတဲ့ဟာ ရေးထားတာ တွေ့ရတယ်။ အဲဒါမျိုးတွေ တိုးတက်ချက်တွေရှိသလို အရေးယူ ဆောင်ရွက်မှု အပိုင်းမှာတော့ ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုလုပ်တာမျိုး မတွေ့ရသေးဘူး”

မြန်မာစစ်ကောင်စီရဲ့ ပါဝင်မှုကို အာဆီယံ အစည်းအဝေးအားလုံးကနေ ဖယ်ရှားတဲ့ ဆုံးဖြတ်ချက်မျိုးကို ဒီထိပ်သီးအစည်းအဝေးက ချမှတ်နိုင်ပေမယ့် ထပ်ပြီး အချိန်ဆွဲလိုက်တာမျိုးကိုလည်း တွေ့ရတယ်လို့ ဦးကျော်ဇော်က ပြောပါတယ်။

ဘုံသဘောတူညီချက် ငါးချက်ကို မြန်မာစစ်ကောင်စီအနေနဲ့ အချိန်ကန့်သတ်ချက်အတွင်း အပြည့်အဝ အကောင်အထည် မဖော်ဘူးဆိုရင် အပြီးသတ်ဆုံးဖြတ်ချက် ချမှတ်မယ်လို့လည်း ထိပ်သီးညီလာခံ နောက်ဆုံးရက်မှာ ထုတ်ပြန်တဲ့ အာဆီယံရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဘုံသဘောတူညီချက်တွေ အကောင်အထည်ဖော်ရေး အချိန်ဘယ်လောက်သတ်မှတ်မလဲ ဆိုတာဟာ မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ စင်ကာပူအမျိုးသားတက္ကသိုလ်မှာ ပြည်သူ့ရေးရာမဟာတန်း တက်ရောက်နေတဲ့ အာဆီယံအရေးကျွမ်းကျင်သူ ကိုကြည်စင်က သုံးသပ်ပါတယ်။

“အချိန်ကာလကို ဘယ်လိုသတ်မှတ်မလဲ ဆိုတာက အာဆီယံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန အသီးသီးပေါ်မှာလည်း မူတည်တယ်။ နောက်တစ်ခုက စစ်ကောင်စီကို ပိုပြီး ပါဝင်ချင်လာအောင် လုပ်မယ်ဆိုရင် သူတို့ရဲ့ အချိန်ကာလ သတ်မှတ်ချက်က ပိုပြီးတော့ ကြာမယ်။ ဒါမှမဟုတ်ရင် စစ်ကောင်စီကို သူတို့စိတ်ကုန်နေပြီဆိုရင်တော့ သူတို့ရဲ့ အချိန်ကာလ သတ်မှတ်ချက်က ပိုပြီးတော့ တိုသွားမယ်။ ဒီအခြေခံမူ ငါးချက်လုံး အကောင်အထည်ဖော်ဆို့ဆိုရင် ပထမအချက်၊ ဒုတိယအချက်မှာတင် တော်တော်လေးကို အချိန်ယူရမယ့်ဟာမျိုး ဖြစ်နေတယ်။ အချိန်တိုတို သတ်မှတ်မယ် ဆိုရင် အာဆီယံက ကြိုးစားကြည့်တာပဲရှိပြီးတော့ ရလဒ်ထွက်မလာတဲ့ ကြိုးစားမှုမျိုးပဲ ဖြစ်လိမ့်မယ်။ အရမ်းကြာသွားရင်တော့လည်း နှစ်ဖက်စလုံးက ဒါကို အရေးတယူ လုပ်ပြီးစဉ်းစားတော့မှ ာမဟုတ်ဘူး”

စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ အာဆီယံဟာ ချဉ်းကပ်မှု အတော်လွဲနေပြီး သူတစ်ပါး ပြည်တွင်းရေးကို ဝင်စွက်ဖက်နေတယ်လို့ ဝေဖန်ပါတယ်။

asean summit
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်လာသည့် အာဆီယံခေါင်းဆောင်များကို တွေ့ရစဉ်။ (Photo: NHAC NGUYEN / AFP)

“ မြန်မာကို တကယ်တမ်း ပူးပေါင်းဆောင်ရွက်မှု အပြည့်အဝ လိုချင်တယ်ဆိုရင် အာဆီယံအနေနဲ့ သူတို့ထင်တိုင်း ဆုံးဖြတ်ချက်ချလို့ လွယ်မှာမဟုတ်ဘူး။ အဲဒါဟာ နိုင်ငံရေးအရ လောလောဆယ်ဖြေရှင်းလို့ မရတဲ့ ဆက်ထုံးဖြစ်နေတယ်။ နောက်တစ်ချက်က အချိန်ကာလ သတ်မှတ်တာတို့ ဘာတို့ဆိုတာ အာဆီယံရဲ့ နဂိုမူနဲ့ပြောရင် ဒါတော်တော်လေးကို တခြားတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို သွားစွက်ဖက်တဲ့ပုံစံ ရောက်နေပြီ။ အဲဒါကို လက်ခံမှာ မဟုတ်ဘူး။ ချဉ်းကပ်မှုက တော်တော်ကို လွဲနေတယ်။ သေချာတယ် ဒီအတိုင်းဆို အဖြေထွက်ဖို့မရှိဘူး”

စစ်ကောင်စီဘက်က အာဆီယံရဲ့ ဆုံးဖြတ်ချက်တွေကို အရေးတယူ လုပ်နေမှာ မဟုတ်ဘဲ လာမယ့် ၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲ ကျင်းပရေးအပါအဝင် သူလုပ်စရာရှိတာတွေကိုသာ ဆက်လုပ်နေလိမ့်မယ်လို့လည်း ဦးသိန်းထွန်းဦးက ပြောပါတယ်။

စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနကလည်း အာဆီယံထိပ်သီးအစည်းအဝေး ဆုံးဖြတ်ချက်တွေကို ကန့်ကွက် ပယ်ချတယ်လို့ နိုဝင်ဘာ ၁၁ ရက်မှာပဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အချိန်ကန့်သတ်ချက်နဲ့ ဖိအားပေး အကြပ်ကိုင်တာဟာ အကျိုးမရှိသလို လက်ရှိပူးပေါင်း ဆောင်ရွက်မှုတွေဟာ အဆိုးဘက်ကို ဦးတည်သွားနိုင်တယ်လို့ သတိပေးထားပါတယ်။

"အချိန်ကာလကို ဘယ်လိုသတ်မှတ်မလဲ ဆိုတာက အာဆီယံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန အသီးသီးပေါ်မှာလည်း မူတည်တယ်။"

ဒါဟာ စစ်ကောင်စီအနေနဲ့ ရာဇဝတ်မှုတွေကို ထပ်ပြီးကျူးလွန်နေဦးမယ်ဆိုတာ ရှင်းရှင်း လင်းလင်း တုံ့ပြန်လိုက်တာပဲလို့ လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ Fortify Rights အဖွဲ့က လူ့အခွင့်အရေး အထူးရှေ့နေ ပက်ထရစ် ဖုန်ဆာသွန် (Patrick Phongsathorn) က ပြောပါတယ်။

“အာဆီယံနဲ့ ပတ်သက်လို့ အာဏာသိမ်းစစ်အုပ်စုရဲ့ တုံ့ပြန်မှုက ရှင်းပါတယ်။ အိမ်နီးချင်း နိုင်ငံတွေရဲ့ ဖိအားတွေကို အလေးမထားဘဲ သူတို့အနေနဲ့ ရာဇဝတ်မှုတွေ ဆက်ပြီး ကျူးလွန်နေဦးမယ်ဆိုတဲ့ သဘောပါပဲ။ အာဆီယံအနေနဲ့က အာဏာသိမ်း စစ်အုပ်စုအပေါ် အရေးယူဖို့ကိစ္စကို စောင့်ဆိုင်းမနေသင့်တော့ပါဘူး။ အာဆီယံ အစည်းအဝေးအားလုံးမှာ မြန်မာအာဏာသိမ်း စစ်အုပ်စုရဲ့ ပါဝင်မှုအားလုံးကို ဆိုင်းငံ့ပစ်သင့်ပါတယ်။ ပြီးတော့ မြန်မာလူထုက ရွေးချယ်တင်မြောက်ထားတဲ့ အမျိုးသား ညီညွတ်ရေးအစိုးရနဲ့ အခုချက်ချင်းပဲ စေ့စပ်ဆွေးနွေးမှုတွေ လုပ်သင့်ပါတယ်။ ဒီအပြင် မြန်မာအာဏာသိမ်း စစ်အုပ်စုကို လက်နက်၊ လေယာဉ်ဆီ အရင်းအမြစ်တွေနဲ့ နိုင်ငံရေးအရ အသိအမှတ်ပြုမှုတွေကိုလည်း ဖြတ်တောက်သင့်ပါပြီ”

ဖိလစ်ပိုင်သမ္မတ မားကိုစ့်ဂျူနီယာကတော့ ပြီးခဲ့တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေး အတွင်းမှာ မြန်မာနဲ့ပတ်သက်လို့ အတော်လေး အငြင်းအခုံဖြစ်ခဲ့ပြီး စစ်ဗိုလ်ချုပ်တွေကို ဘယ်သူကမှ မဆက်ဆံချင်တော့ဘူးလို့ သတင်းမီဒီယာတွေကို ပြောပါတယ်။ မြန်မာကို အာဆီယံကနေ ထုတ်ပယ်ဖို့အထိ ပြောဆိုဆွေးနွေးတာတွေ ရှိခဲ့တယ်လို့ သူကဆိုပါတယ်။

အာဆီယံ အစည်းအဝေးတွေမှာ စစ်ကောင်စီရဲ့ ပါဝင်မှုကို လျှော့ချ ကန့်သတ်တာမျိုး တိုးမြှင့် လုပ်ဆောင်တာက ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပေမယ့် မြန်မာကိုတော့ အာဆီယံကနေ မထုတ်ပယ်သင့်ဘူးလို့ Mr. Patrick Phongsathorn က ထောက်ပြပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးကတော့ အာဆီယံဟာ လူထုအသံကို နားထောင်၊ မြန်မာ့ပြဿနာကို နားလည်အောင်ကြိုးစားပြီး ဘုံသဘောတူညီချက်တွေ လက်တွေ့ ဖြစ်လာအောင် ဆုံးဖြတ်ချက်တွေကို လက်တွေ့ဖြစ်လာအောင် ကြိုးစားပေးနိုင်မယ်ဆိုရင်တော့ အနာဂတ်မှာ မြန်မာ့အရေး တိုးတက်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“သူတို့သာ စစ်စစ်မှန်မှန်နဲ့ ထိတွေ့ဆက်ဆံမယ်၊ တကယ်လည်း နားထောင်မယ်။ ပြည်တွင်းက လိုလားချက်တွေ ဆန္ဒသဘောထားတွေ သူတို့ တကယ်နားလည်အောင် ကြိုးစားပြီး ဒီဘုံသဘောတူညီချက်တွေ ဘာလုပ်လို့ရမလဲ ဆိုတာကို သူတို့ ပီပီပြင်ပြင်စဉ်းစားနိုင်တယ်၊ အကောင်အထည်ဖော်ဖို့ ကြိုးစားနိုင်တယ်ဆိုရင်တော့ ကောင်းလာနိုင်တဲ့ အခြေအနေကို တွေ့လာနိုင်တယ်။ တကယ်လို့ အဲဒီလိုမဟုတ်ဘဲ တွေ့သင့်တဲ့သူတွေ မတွေ့ဘူး၊ ကျန်ခဲ့တဲ့ သူတွေ ရှိဦးမယ်ဆိုရင် ဒါက အများကြီးထူးခြားလာမှာ မဟုတ်ဘူး”

အာဆီယံက သက်ဆိုင်သူအားလုံးနဲ့ မကြာခင် ထိတွေ့ဆက်ဆံမယ်လို့ ပြောထား တာကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် အတိုက်အခံ အင်အားစုတွေနဲ့ အလွတ်သဘော ဆွေးနွေးပွဲတွေ ဖြစ်လာလိမ့်မယ်လို့လည်း ဒေါက်တာစိုင်းကြည်ဇင်စိုးက သုံးသပ်ပါတယ်။

NUG သမ္မတရုံးကလည်း NUG အနေနဲ့ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ နိုဝင်ဘာလ ၁၂ ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။