ဧရာဝတီတိုင်းမှာ စစ်ဘေးဒုက္ခသည် တစ်သောင်းခွဲခန့် နေရပ်မပြန်နိုင်သေး

RFA Burmese
2025.01.29
ဧရာဝတီတိုင်းမှာ စစ်ဘေးဒုက္ခသည် တစ်သောင်းခွဲခန့် နေရပ်မပြန်နိုင်သေး ရခိုင်ပြည်နယ်မှ စစ်ဘေးဒုက္ခသည်များအား ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့၊ စစ်ဘေးဒုက္ခသည်စခန်းတစ်ခုတွင် ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့က တွေ့ရစဥ်။
Citizen Photo

အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ကို ကာကွယ်ဖို့ ပုသိမ်နဲ့ သာပေါင်းမြို့နယ်က ရွာတချို့မှာ စစ်ကောင်စီတပ်က လက်နက်နဲ့ လူအင်အားတိုးမြှင့်ပြီး အခိုင်အမာ ခံစစ်ပြင်ထားတာကြောင့် တိုက်ပွဲတွေ ပြင်းထန်ချိန်က ထွက်ပြေးတိမ်းရှောင်နေရတဲ့ လူတစ်သောင်းခွဲခန့် နေရပ်မပြန်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဧရာဝတီတိုင်း ပုသိမ်မြို့နယ်ရဲ့ မြောက်ဘက်အစွန်ဆုံး ပင်လယ်ကမ်းခြေက ရွာတွေမှာ စစ်ကောင်စီတပ်နဲ့ AA တို့ ဇန်ဝါရီလဆန်းပိုင်းကစလို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က နယ်မြေတချို့ကို လက်လွှတ်လိုက်ရတာပါ။

“လက်နက်ကြီးဆင်ပြီးတော့ တစ်ရွာနဲ့တစ်ရွာ ပစ်ခတ်နေတော့လေ။ ကြားထဲမှာ ကျမှာစိုးလို့ ပြောင်းလာတာပေါ့"

အဲဒီနောက် ပုသိမ်မြို့နယ် ရွှေသောင်ယံမြို့အနီး ပင်လယ်ကမ်းခြေမှာရှိတဲ့ သဘော့ကန်၊ မသာ (မာ့သာ) ရွာနဲ့ ပင်လယ်ကမ်းခြေကနေ ရခိုင်ရိုးမကိုဖြတ်ပြီး သာပေါင်းမြို့နယ်ဘက် ဝင်လာနိုင်တဲ့ လမ်းပေါ်က သဲဖြူရွာတို့မှာ စစ်ကောင်စီတပ်က အထိုင်ချပြီး လက်နက်ကြီးနဲ့ နေ့စဉ်ပစ်ခတ်နေတာလို့ ဆိုပါတယ်။

ဒါကြောင့် လက်နက်ကြီးကျည်ကျရာ လမ်းကြောင်းမှာရှိတဲ့ ရွာတချို့က ဒေသခံတွေ ထပ်မံရွှေ့ပြောင်းရသလို တိုက်ပွဲကြောင့် ထွက်ပြေးရတဲ့ ဒေသခံတွေလည်း နေရပ်မပြန်နိုင်သေးဘူးလို့ သာပေါင်း ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

“ဘောမိချောင်းရဲ့ တောင်ဘက်က ရွာတွေဖြစ်တဲ့ ကျွန်းလျှားကြီးတို့၊ ကန်ချောင်းတို့ အဲဒီဘက်တွေကို ရွှေ့ကြတယ်။ ရွှေ့ကြတဲ့အခါကျတော့ အခု အဲဒီဘက်က လူတွေလည်းပဲ မသာဘက်ကပစ်တဲ့ အမြောက်လမ်းကြောင်းနဲ့ မလွတ်တဲ့အတွက် အဲဒီကလူတွေလည်း တစ်ခါထပ်ပြီးတော့ ရွှေ့ပြောင်းနေကြပြန်ပြီ။ ခုနက မသာမှာလည်း သူတို့ အမြောက်တပ်လာပြီးတော့ ထိုင်ထားတယ်။ အမြောက်ကြီးတွေနဲ့ အဲဒီမှာလည်း ခံစစ်ပြင်ထားတယ်။ တို့ ဒီကြက်သွန်ကွင်း၊ သဲဖြူ၊ မကျီးဇင်လမ်းမှာလည်း သဲဖြူမှာ သူတို့ ခံတပ်ဆင်ထားတယ်”

အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေက ပုသိမ်မြို့နယ်ရဲ့ အစွန်ဆုံးမှာရှိတဲ့ မကျီးဇင်ရွာကို ဇန်နဝါရီလ ၉ ရက်နေ့မှာ သိမ်းပိုက်ထိန်းချုပ်ခဲ့ပါတယ်။ အဲဒီနောက် ရွှေသောင်ယံမြို့နဲ့ မိုင်နှစ်ဆယ်အကွာက ဘောမိရွာနဲ့ အနီးဝန်းကျင်က ရွာတွေမှာ တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့တာပါ။


ဆက်နွှယ်သော သတင်းများ

တိုက်ပွဲကြောင့် ချောင်းသာနဲ့ ရွှေသောင်ယံ ကမ်းခြေက ခရီးသွားလုပ်ငန်း ရပ်ဆိုင်း

ဧရာ၀တီတိုင်း မြို့နယ်ခုနစ်ခုကို ခရီးသွားလာမှု သတိထားဖို့ ဗြိတိန် သတိပေး

တိုက်ပွဲကြောင့် ချောင်းသာက ဒေသခံတွေ နေရပ်စွန့်ခွာ


ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်စပ်က AA သိမ်းပိုက်ထားတဲ့ ပွိုင့် (၂၆၃) စခန်းကိုလည်း စစ်ကောင်စီတပ်က ဇန်နဝါရီလ ၂၇ ရက်နေ့မှာ လေကြောင်းနဲ့ လက်နက်ကြီးသုံးပြီး တန်ပြန်ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့လည်း AA က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ပွဲတွေ ဆက်ရှိနေတာနဲ့ စစ်ကောင်စီတပ်က ခံစစ်ပြင်တိုက်ခိုက်တဲ့အတွက် နေရပ်မပြန်နိုင်သေးဘူးလို့ မကျီးဇင်ရွာကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“လက်နက်ကြီးဆင်ပြီးတော့ တစ်ရွာနဲ့တစ်ရွာ ပစ်ခတ်နေတော့လေ။ ကြားထဲမှာ ကျမှာစိုးလို့ ပြောင်းလာတာပေါ့။ လက်နက်ကြီး ကျမှာလည်း စိုးတယ်လေ။ လေယာဉ်ပျံရဲ့ ဗုံးကြောက်တာလည်း တစ်ကြောင်းပေါ့။ အဲဒါကြောင့် ဒီဘက်ကိုပဲ လာခဲ့တာလေ။ နေရပ်ကတော့ အခုလောလောဆယ် မပြန်ရဲသေးဘူးလေ။ မပြန်ရဲသေးဘူးဆိုတာက ရှေ့ဆက်ပြီးတော့ ဘာဖြစ်လာမယ်ဆိုတာက မျှော်လင့်လို့မှ မရသေးတာ”

တိုက်ပွဲတွေကြောင့် ပုသိမ်မြို့နယ်က ရွှေသောင်ယံနဲ့ ချောင်းသာမြို့ အပါအဝင် မကျီးဇင်၊ ဘောမိ၊ ပေါက်လှဂျိုင်၊ ကုလားချောင်းစတဲ့ ရွာဆယ်ရွာကျော်နဲ့ သာပေါင်းမြို့နယ်က သဲဖြူ၊ သစ်ဖြူ၊ လှေကျော်၊ သပြေကုန်း စတဲ့ ရွာရှစ်ရွာခန့်က စစ်ဘေးရှောင်ပြည်သူ တစ်သောင်းခွဲခန့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတာလို့ ဆိုပါတယ်။

စစ်ဘေးဒုက္ခသည်တွေဟာ ရန်ကုန်၊ ပုသိမ်နဲ့ သာပေါင်းမြို့နယ်က ဘေးလွတ်နိုင်မယ်လို့ယူဆရတဲ့ ရွာတွေကို အရေအတွက်အများဆုံး တိမ်းရှောင်ကြတာလို့ ဒေသခံတွေက ပြောပါတယ်။

ပြည်တွင်း၊ ပြည်ပခရီးသွားတွေ လာရောက်လည်ပတ်လေ့ရှိတဲ့ ချောင်းသာကမ်းခြေမှာ အိမ်ထောင်စုပေါင်း ခြောက်ထောင်လောက်ရှိတဲ့အနက် အိမ်ထောင်စု နှစ်ထောင်ဝန်းကျင်သာ ကျန်တော့ပြီး အများစုက ကြိုတင်တိမ်းရှောင်သွားကြပြီလို့ ဆိုပါတယ်။

ချောင်းသာမြို့နဲ့ ဆယ်မိုင်လောက်ဝေးတဲ့ သဘော့ကန်ရွာမှာ စစ်ကောင်စီတပ်က ခံစစ်ပြင်ဆင်ထားတာကြောင့် အဲဒီ စခန်းအတိုက်ခံရတာနဲ့ ကျန်နေတဲ့သူတွေလည်း ထွက်ပြေးဖို့ အသင့်ပြင်ထားကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ချောင်းသာမြို့ခံက ပြောပါတယ်။

“သဘော့ကန်လောက်မှာ ခံစစ်ပြင်နေတယ်ဆိုတော့ သဘောကန်ပြီးရင် ကျိန်းသေက ဒီဘက် ရောက်လာမှာပဲလေ။ သဘောကန်နဲ့ ချောင်းသာနဲ့က နီးနီးလေးရယ်လေ။ တချို့ကလည်း သဘော့ကန်လောက်ဖြစ်ရင် ပြေးမဲ့သူက ဒီမှာတော့ အဆင်သင့်ရှိတယ်လေ။ အခု ဒီတစ်ရက်၊ နှစ်ရက်မှသာ နည်းနည်းလေး အသွားအလာလေး နည်းနည်းကြဲသွားတာလေ။ ဟိုရက်ကဆိုရင် ညီရယ် အနည်းဆုံး လိုက်ထရပ်တို့၊ ကုန်ကားတို့ပေါ့နော်။ ပြောင်းတဲ့ပစ္စည်းတွေနဲ့ဆိုရင် အနည်းဆုံး မရှိဘူးဆိုရင် တစ်နေ့ကို လေးဆယ်ကျော် ငါးဆယ်မှာရှိတယ်။ ကားကလေ”

လက်ရှိမှာလည်း ချောင်းသာကမ်းခြေမှာ ဟိုတယ်အများစု ပိတ်ထားကြပြီး ခရီးသွားတွေလည်း မလာတော့ဘူးလို့ သူက ပြောပါတယ်။

၂ဝ၂၁ ခုနှစ် နိုဝင်ဘာလအတွင်းက ဧရာဝတီတိုင်း မအူပင်မြို့၊ လမ်းမပေါ်တွင် ဖြတ်သန်းသွားသည့် ကားများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ဆေးနေစဥ်။ (Citizen Photo)
၂ဝ၂၁ ခုနှစ် နိုဝင်ဘာလအတွင်းက ဧရာဝတီတိုင်း မအူပင်မြို့၊ လမ်းမပေါ်တွင် ဖြတ်သန်းသွားသည့် ကားများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ဆေးနေစဥ်။ (Citizen Photo)

ထွက်ပြေးတိမ်းရှောင်လာရတာ အချိန်ကြာလာတာနဲ့အမျှ စားဝတ်နေရေးလည်း ခက်ခဲလာတယ်လို့ သာပေါင်းမြို့နယ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်တစ်ယောက်က RFA ကို ပြောပါတယ်။

“အခုလောလောဆယ်ကတော့ သနားတာနဲ့ ဟိုလူကကျွေး၊ ဒီလူကပေး အဲဒီလိုပေါ့လေ။ ပေးကျွေး လုပ်ရတာပေါ့။ သူတို့က အလုပ်မှ မရှိတော့တာဟာကြီးကိုး။ ကိုယ့်နေရာ ကိုယ့်ဒေသမဟုတ်တော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းလည်းမသိ။ အဲဒီလိုတွေ ဖြစ်နေတာ။ ပြန်သွားလည်း အိမ်တွေက မရှိတော့ဘူးလေ။ ယာတွေပဲ ရှိတော့တာ။ ပြန်လည်း မပြန်ရဲဘူး။ စားဝတ်နေရေး အခက်အခဲကြုံရနိုင်တာပေါ့။ ရေရှည်ဆိုလို့ရှိရင်တော့”

ဒါတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ ဧရာဝတီတိုင်း စစ်ကောင်စီ ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က ဇန်နဝါရီလ ၂၈ ရက်နေ့က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

AA နဲ့ ပူးပေါင်းတပ်ဖွဲ့ရဲ့ ထိုးစစ်ကို စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေ အင်အားသုံးပြီး တန်ပြန်တိုက်ခိုက်ခဲ့သလို တိုက်ပွဲအတွင်း မကျီးဇင်၊ ဘောမိနဲ့ ဂျိုင်လယ်ရွာက နေအိမ်လေးရာခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧရာဝတီတိုင်းအပြင် ရခိုင်ရိုးမနဲ့ နယ်မြေချင်းဆက်စပ်နေတဲ့ ပဲခူးတိုင်းနဲ့ မကွေးတိုင်းက စစ်ကောင်စီတပ်စခန်းတွေအထိ ထိုးစစ်ဆင်တိုက်ခိုက်တာကြောင့် ရခိုင်ရိုးမတောင်တန်းပေါ်မှာ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေတယ်လို့ AA က ဇန်နဝါရီလ ၂၇ ရက်နေ့မှာ သတင်း ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။