မကွေးတိုင်း မြို့လေးမြို့မှာ Mask မတပ်၊ လွယ်အိတ်မလွယ်ဖို့ စစ်ကောင်စီအမိန့်ထုတ်
2024.05.11

မကွေးတိုင်းထဲက မကွေး၊ အောင်လံ၊ တောင်တွင်းကြီးနဲ့ ပခုက္ကူမြို့နယ်က ဒေသခံတွေအနေနဲ့ နှာခေါင်းစည်း (Mask) မတပ်ဖို့နဲ့ လွယ်အိတ်ကို စလွယ်သိုင်းမလွယ်ရဆိုပြီး စစ်ကောင်စီဘက်က အမိန့်ထုတ် ပိတ်ပင်လိုက်တယ်လို့ ပခုက္ကူမြို့ခံတွေက ပြောပါတယ်။
မေလ ၉ ရက်နေ့ မနက်ပိုင်းစပြီး လူစည်ကားရာလမ်းမတွေနဲ့ ဈေးတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အထွေထွေအုပ်ချုပ်ရေးအဖွဲ့ဝင်တွေ အသံချဲ့စက်နဲ့ လှည့်လည်ကြေညာခဲ့တယ်လို့ ဆိုပါတယ်။
PDF တွေအနေနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်၊ ရဟန်းသံဃာ၊ နိုင်ငံဝန်ထမ်းနဲ့ ပြည်သူတွေကို သတ်ဖြတ်လာတာကြောင့် လုံခြုံရေးအတွက် အခုလို အမိန့်ထုတ်ပြန်ရတာဆိုပြီး ပခုက္ကူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက အကြောင်းပြခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
"ရပ်ကွက်ထဲ လိုက်လံအော်တာတွေ ရှိတယ်။ Mask မတပ်ဖို့၊ လွယ်အိတ်မလွယ်ဖို့ကို အသိပေးပြောတာမျိုးပေါ့"
မလိုက်နာရင် တည်ဆဲဥပဒေအတိုင်း အရေးယူခံရမယ်ဆိုပြီး အုပ်ချုပ်ရေးမှူးတွေက ရပ်ကွက်တွေထဲ လိုက်လံသတိပေးခဲ့တာလို့ အမည်မဖော်လိုတဲ့ ပခုက္ကူမြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။
"ရပ်ကွက်ထဲ လိုက်လံအော်တာတွေ ရှိတယ်။ Mask မတပ်ဖို့၊ လွယ်အိတ်မလွယ်ဖို့ကို အသိပေးပြောတာမျိုးပေါ့။ လွယ်အိတ်ကိုလည်း ချည်လွယ်အိတ်ဆို မရဘူး။ သားရေပြားလွယ်အိတ်တို့ ဘာတို့ဆို ရတယ်လို့ပြောတယ်။ တကယ်လို့ တားမြစ်ထားတာလုပ်တဲ့ ဘယ်သူ့ကိုမဆို ဥပဒေအရ အရေးယူမယ်လို့လည်း ပြောပါတယ်"
မကွေးတိုင်းက အတင်းအဓမ္မ စစ်သားစုဆောင်းနေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို Mask တပ်လျက်နဲ့ လွယ်အိတ်လွယ်ထားတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ သတ်ဖြတ်ခဲ့ပြီးနောက် အခုလိုထုတ်ပြန်တာလို့ ဆိုပါတယ်။
လုံခြုံရေးအရအမည်မဖော်လိုတဲ့ အောင်လံမြို့ခံတစ်ဦးကတော့ အခုလိုပိတ်ပင်တာက ဒေသခံတွေကို ပုံစံမျိုးစုံနဲ့ ဖိနှိပ်နေတာလို့ RFA ကိုပြောပါတယ်။
"ပါဆင်နယ်ကိစ္စအတွက် ဖုန်းတို့ပိုက်ဆံတို့ ထည့်ရတဲ့အရာတွေပဲလေ။ Mask တပ်တယ်ဆိုတာက ရောဂါတွေ ဘာတွေ ကူးစက်မှာမျိုး၊ ဖုန်တွေဘာတွေဝင်မှာမျိုး၊ ဒါမျိုးတွေအတွက် ကျန်းမာရေးထိခိုက်မှာစိုးလို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာပေါ့။ ဒီလိုဟာတွေအပေါ် မချုပ်ချယ်သင့်ဘူးပေါ့"
စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကတော့ လုံခြုံရေးအရ လိုအပ်တဲ့နေရာဖြစ်လို့ ဒေသန္တရအမိန့် ထုတ်ပြန်လိုက်တာလို့ RFA ကိုပြောပါတယ်။
"လုံခြုံရေးအရပါနော်။ လုံခြုံရေးကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ လုံခြုံရေးဆိုဒ်ကနေ ကြည့်ပြီးတော့ အမိန့် ထုတ်လိုက်တာပါ။ တချို့နေရာတွေက ဒေသန္တရညွှန်ကြားချက်ကို အပေါ်ကညွှန်ကြားချက်အတိုင်း လိုအပ်တဲ့ နေရာတွေ ထုတ်တာပါ"
မြို့နယ်ပေါင်းဘယ်နှစ်ခုလောက်ကို အခုလိုအမိန့်ထုတ်လိုက်ပြီလဲ ဆိုတာကိုတော့ လုံခြုံရေးဆိုင်ရာကိစ္စ ဖြစ်တာကြောင့်ဆိုပြီး တိတိကျကျမပြောပါဘူး။
စစ်ကောင်စီအနေနဲ့ အန္တရာယ်ပြုခံရမှာစိုးရိမ်ပြီး ဒေသန္တရအမိန့်တွေ ထုတ်ပြန်ပိတ်ပင်နေတာလို့ ပခုက္ကူမြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။
"ဒါကတော့ ရှင်းပါတယ်။ သူတို့အနေနဲ့ ကြောက်ဒူးတုန်ပြီးတော့ သူတို့ကို အန္တရာယ်ပြုမှာကြောက်တယ်။ သူတို့ ဒုက္ခရောက်မှာ၊ တိုက်ခိုက်မှာ ကြောက်ကြတယ်။ အဲဒါကြောင့် ကြိုပြီးတော့ သူတို့ထုတ်ပြန်တာလို့ မြင်ပါတယ် "
မေလ ၄ ရက်နေ့ကလည်း ပခုက္ကူ - ရေစကြိုကားလမ်းမပေါ် ပန်းတိုင်းခြုံရွာအနီးက စစ်ကောင်စီဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ရှစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အခုလို အမိန့်ထုတ်ပြန်ပြီးနောက်ပိုင်း မကွေး၊ အောင်လံ၊ ပခုက္ကူနဲ့ တောင်တွင်းကြီးမှာ လုံခြုံရေးတင်းကျပ်ပြီး ဒေသခံတွေကို ရှာဖွေစစ်ဆေးတာတွေ ပိုလုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။