နောင်ချိုနဲ့ သီပေါမှာ တိုက်ပွဲပြင်းထန်နေပြီး လေကြောင်းနဲ့ပါ နေ့စဉ်တိုက်ခိုက်ခံနေရ
2024.09.19
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်နဲ့ သီပေါမြို့နယ်မှာ ပြီးခဲ့တဲ့အပတ်ကစပြီး တိုက်ပွဲပြန်လည်ပြင်းထန်နေသလို စစ်ကောင်စီတပ်က မြို့ပေါ်အထိ လေကြောင်းနဲ့ နေ့စဉ်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
TNLA ကလည်း နောင်ချိုမြို့နယ်ထဲမှာရှိတဲ့ အမြောက်တပ် (၃၅၄)၊ တောင်ခမ်းရွာအနီးတစ်၀ိုက်၊ (၉၀၂) တပ်နဲ့ မကျီးရေရွာအနီးတွေမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ စက်တင်ဘာ ၁၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ ၁၆ ရက်နေ့ကလည်း သီပေါမြို့ကို စစ်ကောင်စီတပ်က Y-12 လေယာဉ်နဲ့ ဗုံးအလုံးငါးဆယ်ကျော် လာရောက်ပစ်ခတ်ခဲ့သလို နောင်ချိုမြို့ကိုလည်း နေ့စဉ်လေကြောင်းနဲ့ပစ်ခတ်နေတယ်လို့ TNLA ကဆိုပါတယ်။
"မနေ့ကပစ်တာက လူနေအိမ်တွေကိုပစ်တာ အရှင်းဆုံးပြောရင် PDF တွေ ဘာမှမရှိဘူး။ အဲဒီဘက်မှာ"
တိုက်ပွဲက တောင်ခမ်းဘက်မှာဖြစ်နေပေမဲ့ တိုက်ပွဲမရှိတဲ့ နောင်ချို့မြို့ပေါ်ကိုပါ လေကြောင်းရော၊ လက်နက်ကြီးနဲ့ပါ ဆက်တိုက်ပစ်ခတ်နေတာလို့ နောင်ချိုဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"တိုက်ပွဲဖြစ်တာကတော့ တောင်ခမ်းဘက်မှာပဲဖြစ်တယ်။ ဒါပေမဲ့ ဝက်ဝံမှာ သူတို့လက်နက်ကြီးထိုင်ထားတဲ့ အထိုင်ရှိတယ်၊ အဲဒီကနေ လှမ်းလှမ်းပစ်တာ။ တိုက်ပွဲမရှိတဲ့နေရာတွေကို အခုက လေယာဉ်နဲ့ပစ်တာ။ ပြင်ဦးလွင်ကနေ လက်နက်ကြီးနဲ့လှမ်းလှမ်းပစ်တာ ဒီရက်ပိုင်း လေးငါးရက်လောက်ရှိပြီ။ မနေ့ကပစ်တာက လူနေအိမ်တွေကိုပစ်တာ အရှင်းဆုံးပြောရင် PDF တွေ ဘာမှမရှိဘူး။ အဲဒီဘက်မှာ"
နောင်ချိုမြို့ကို TNLA ဘက်ကသိမ်းပြီးနောက်ပိုင်း တစ်နာရီကျော်သာကြာတဲ့ ပြင်ဦးလွင်-နောင်ချို ခရီးစဉ်ဟာ အခုတော့ နှစ်ညအိပ်လောက် သွားနေရတယ်လို့ ဆိုပါတယ်။
အမှတ် (၉၀၂) အမြောက်စခန်း ကွပ်ကဲမှုဌာနချုပ်အနီးက အမြောက်တပ်ရင်းတွေဖြစ်တဲ့ အမတ (၄၀၆) နဲ့ အမတ (၂၀၆) တို့ကို သြဂုတ်လ ၂၈ ရက်နေ့ကတည်းက TNLA က သိမ်းပိုက်ပြီး ကျန်တဲ့စခန်းတွေမှာ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမည်မဖော်လိုတဲ့ နောက်ထပ် နောင်ချိုမြို့ခံတစ်ဦးကလည်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဆက်တိုက် လာပစ်နေတယ်လို့ RFA ကို ပြောပါတယ်။
"တောင်ခြေ (တောင်ခမ်း) ဘက်မှာပဲ ဆက်ပြီးတော့ တိုက်ပွဲတော့ ဆက်ဖြစ်နေတယ်လို့ပြောတယ်။ ဒီနေ့ မနက် ၂ နာရီ၊ ၃ နာရီမတ်တင်းကို ငါးလုံးလောက်လာချတယ်၊ Y 12 ထင်တာပဲ၊ အဲဒါနဲ့လာချသွားတာ။ လူတော့မထိ။ လေယာဉ်က ခုနက ဖြတ်သွားတယ် တစ်ခေါက်လာဝဲပြီး သွားလိုက်တာ"
စက်တင်ဘာလ ၁၃ ရက်နေ့နဲ့ ၁၄ ရက်နေ့ကလည်း နောင်ချိုမြို့ အေးရှာဝေါတိုးဂိတ်အနီးနဲ့ သပြေရေရပ်ကွက်အနီးကို လေယာဉ်နဲ့ ဗုံးဆယ်လုံးထက်မနည်း ကြဲခဲ့တယ်လို့ ဆိုပါတယ်။
စက်တင်ဘာလ ၁၇ ရက်နေ့ကလည်း နောင်ချို့မြို့ထဲမှာ စစ်ကောင်စီတပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၄၀ အရွယ် ဒေါ်ချိုမြင့်၊ အသက် ၃ နှစ်နဲ့ ၁၇ နှစ်အရွယ် သားနှစ်ဦး၊ စုစုပေါင်း မိသားစုဝင် သုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သီပေါမြို့မှာလည်း လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၆၀ အရွယ် အမျိုးသမီးကြီးတစ်ဦးနဲ့ အသက် ၁၄ နှစ်အရွယ် အမျိုးသမီးတို့ ဒဏ်ရာရခဲ့ပြီး နေအိမ်တွေပါ ပျက်စီးခဲ့တယ်လို့ TNLA က စက်တင်ဘာလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
သီပေါမြို့အဝင်မှာလည်း ပြီးခဲ့တဲ့ တစ်ပတ်ခန့်ကစလို့ တိုက်ပွဲပြန်လည်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းနဲ့ပါ ပစ်ခတ်နေတာလို့ သီပေါဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"မြို့ထဲမှာတော့ အကုန်လုံးက TNLA က သိမ်းထားပြီးသား။ ဒါပေမဲ့ ခလရ (၂၃) တပ်ကျန်နေတော့ အဲဒီတပ်ကို အခု သူတို့ပြန်တိုက်နေတဲ့ သဘောပေါ့နော်။ ဟိုအရင်ကတည်း တိုက်နေတာကို ပြီးခဲ့တဲ့အပတ်မှ ပြန်ပြီးတော့ လုပ်တဲ့ပုံစံပေါ့နော်။ လေယာဉ်တွေတော့ ပစ်နေတာပဲ။ ရပ်ကွက်တွေမှာတော့ သွားထိတာပေါ့နော်။ တချို့လူတွေ ဆုံးတာတွေတော့ ရှိတာပေါ့"
ထိခိုက်သေဆုံးမှုအရေအတွက် တိတိကျကျကိုတော့ RFA အနေနဲ့ သီးခြားတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဆက်နွှယ်သောသတင်းများ
နောင်ချို တောင်ခမ်းရွာတိုက်ပွဲ ဆက်လက်ပြင်းထန်နေ
သိမ်းထားတဲ့မြို့တွေက ပြည်သူတွေ လေကြောင်းရန် ကြောက်လန့်ဆဲ
တရုတ်နဲ့ စစ်ကောင်စီတို့ ပိတ်ဆို့မှုကြောင့် ရှမ်းမြောက်ဒေသခံတွေ အခက်ကြုံနေ
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းစတင်တဲ့ ဇွန်လနောက်ဆုံးပတ်ကစလို့ သီပေါမြို့မှာ တိုက်ပွဲတွေစဖြစ်ခဲ့ပြီး သြဂုတ်လ ၁၀ ရက်နေ့မှာတော့ သီပေါတံတားနဲ့ မြို့ထဲကစစ်ကောင်စီတပ်သားတွေ ဆုတ်ခွာသွားပြီးနောက် သီပေါမြို့နေရာအားလုံးကို TNLA က ထိန်းချုပ်ခဲ့ပါတယ်။
တိုက်ပွဲအခြေအနေနဲ့ လေကြောင်းတိုက်ခိုက်မှုအပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။
တိုက်ပွဲအခြေအနေ အသေးစိတ်သိရဖို့ TNLA ပြောခွင့်ရသူ လွေယေဦးကို RFA က ဆက်သွယ်ခဲ့ပေမဲ့လည်း ဒီနေ ညနေပိုင်းအထိ အကြောင်းပြန်ဖြေဆိုခြင်း မရှိသေးပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနကတော့ ဩဂုတ်လ ၂၇ ရက်နေ့ကနေ စက်တင်ဘာလ ၆ ရက်နေ့အတွင်း စစ်ကောင်စီတပ်ဟာ ရှမ်း၊ ကယား (ကရင်နီ)၊ ချင်း၊ စစ်ကိုင်း၊ မကွေး၊ မန္တလေးနဲ့ ပဲခူးတိုင်းတွေမှာ ဗုံးကြဲတိုက်ခိုက်မှု ၁၁ ကြိမ်ရှိခဲ့ပြီး လူလေးဆယ်ကျော် သေဆုံးခဲ့တယ်လို့ စက်တင်ဘာလ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း မန္တလေးတိုင်းက မိုးကုတ်၊ စဥ့်ကူး၊ သပိတ်ကျင်း၊ တကောင်းနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက မိုးမိတ်၊ နောင်ချို၊ သီပေါနဲ့ လားရှိုးမြို့တွေကို TNLA၊ MNDAA နဲ့ NUG လက်အောက်ခံ PDF တွေ သိမ်းပိုက်ခဲ့ပါတယ်။