ရှမ်းမြောက်နယ်စပ်ကုန်သွယ်ရေးရပ်ပြီး ကုန်သွယ်မှုတန်ဖိုး ဒေါ်လာသန်းငါးရာကျော်နစ်နာ
2023.12.14
[Update: 11:39 PM, Dec 14, 2023]
မြန်မာ-တရုတ်နယ်စပ် အများဆုံးကုန်သွယ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးတွေဟာ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ကတည်းက လုံးဝရပ်တန့်သွားပါတယ်။
စစ်ကောင်စီ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးကနေ တစ်လပျမ်းမျှ အပြန်အလှန် ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ၂၁၁ ဒသမ ၉ သန်းရှိပြီး တစ်ရက်ကို အမေရိကန် ဒေါ်လာ ခုနစ်သန်းဖိုးရှိပါတယ်။
ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးမှာတော့ တစ်လကို အမေရိကန်ဒေါ်လာ ၁ဝဝ ဒသမ ၄၂ သန်းရှိပြီး တစ်ရက်ကို ၃ ဒသမ ၃၄ သန်းရှိပါတယ်။ ဒါကြောင့် တရုတ်-မြန်မာနယ်စပ် ဂိတ်နှစ်နေရာကနေ ကုန်သွယ်မှုတန်ဖိုးဟာ တစ်ရက်ကို အမေရိကန် ဒေါ်လာ ဆယ်သန်းကျော်ရှိတာကြောင့် နှစ်လနီးပါးမှာ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာသန်း ငါးရာကျော် နစ်နာဆုံးရှုံးတာဖြစ်ပါတယ်။
စစ်ပွဲမဖြစ်ခင် အောက်တိုဘာလ ၁၄ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ၁၀ ရက်အတွက် ချင်းရွှေဟော်နယ်စပ်ဂိတ်ကနေ အမေရိကန်ဒေါ်လာ ၆ ဒသမ ၈၃၇ သန်းဖိုး တရုတ်ဘက်ကို တင်ပို့ခဲ့ပြီး၊ တရုတ်ဘက်ကနေ မြန်မာကိုတင်သွင်းတဲ့ ကုန်သွယ်မှုတန်ဖိုးက အမေရိကန် ဒေါ်လာ ၂၃ ဒသမ ၁၁၁ သန်း ရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဌာနရဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ စာရင်းမှာ ဖော်ပြထားပါတယ်။
ဒီအချက်အလက်ရဆိုရင် တရုတ်ဘက်က မြန်မာဘက်ကို သုံးဆကျော်ဖိုး တင်သွင်းနေတာတွေ့ရတဲ့အတွက် လက်ရှိမှာ တရုတ်ဘက်က ပိုပြီးနစ်နာနေတာ တွေ့ရပါတယ်။
လတ်တလော မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးစခန်းမှာ စစ်ကောင်စီရဲ့ဌာနဆိုင်ရာဝန်ထမ်းတွေ လုံးဝမရှိတော့ဘူးလို့ မူဆယ်နယ်စပ်ကုန်သည် ဦးလွင်က ပြောပါတယ်။
“အခုလက်ရှိကတော့ ကုန်သွယ်ရေးက လုံးလုံးကြီးကို ရပ်သွားတာပေါ့။ တစ်ပိုင်တစ်နိုင် လက်ဆွဲပဲ ရတဲ့အခါကျတော့ ဒါပဲရှိတယ်။ ဒါလဲ ဒေသခံတွေရဲ့ စားသောက်ကုန်ပစ္စည်းက လွဲလို့ တခြားဘာမှထွက်တာမရှိဘူး။ ကျွန်တော်တို့ မူဆယ်-ကျယ်ဂေါင်ကကျတော့ တစ်ပိုင်တစ်နိုင်ပဲ ထုတ်တာ။ အဓိက ကုန်သွယ်ရေးဇုန်ကတော့ ၁၀၅ မိုင်နဲ့ ကျင်စန်းကျော့ပေါ့။ ၁၀၅ မိုင် ကျင်စန်းကျော့ကတော့ ကုန်သွယ်ရေးက လုံးလုံးကို ရပ်သွားပြီ။ ၁၀၅ မိုင်မှာလည်း ဌာနဆိုင်ရာဝန်ထမ်းက ဘယ်သူမှမရှိတော့ဘူး။ လက်ရှိက ၁၀၅ မိုင်က ပိတ်ဆို့ထားတယ်။ အထွက်ပဲရတယ် အဝင်မရတော့ဘူး။ တိုက်ပွဲကလည်း သူတို့က ကြိုကြားကြိုကြားပဲဖြစ်ကြတာ။ ၁၀ မိနစ်၊ ၁၅ မိနစ်လောက် ပစ်ကြ ခတ်ကြတယ် ပြီးရင်ပြန် ရပ်သွားတယ် ဒါကနေ့တိုင်း ပုံမှန်ဖြစ်နေတာ”
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာ မန်ဝိန်းနဲ့ ကျင်စန်းကျော့ဆိုတဲ့ အဓိက နယ်စပ်ကုန်သွယ်ရေး ဂိတ်နှစ်ခုရှိပါတယ်။ တိုက်ပွဲတွေကြောင့် နယ်စပ်ဂိတ်နှစ်ခုစလုံးကနေ အပြန်အလှန်ကုန်သွယ်မှု ရပ်ဆိုင်းနေတာပါ။ အဲဒီထဲက ကျင်စန်းကျော့ဂိတ်ကို မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ခေါ် ကိုးကန့် တပ်ဖွဲ့ (MNDAA) က ထိန်းချုပ်ထားသလို နိုဝင်ဘာလ ၂၃ ရက်က လက်နက်ကြီးကျည်ကျပြီး ကုန်တင်ကားအစီး ၁ဝဝ နီးပါး မီးလောင်ပျက်စီးခဲ့ပါတယ်။ တိုက်ပွဲတွေကြောင့် ကလေးငယ်တွေ အပါအဝင် သေဆုံးတဲ့အရပ်သား အနည်းဆုံး ၁၀ ယောက် ရှိခဲ့တယ်လို့လည်း ကူညီကယ်ဆယ်ရေးသမားတွေကပြောပါတယ်။
ချင်းရွှေဟော်ကိုလည်း ၁၀၂၇ စစ်ဆင်ရေး စတဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကတည်းက MNDAA က သိမ်းယူထားတာပါ။ ဒါကြောင့် လက်ရှိအချိန်အထိ နယ်စပ်မှာကုန်ပစ္စည်းတွေ ပိတ်မိနေတယ်လို့ ချင်းရွှေဟော်နယ်စပ်က အမည်မဖော်လိုတဲ့ ပို့ကုန်လုပ်ငန်းရှင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“၂၇ ရက်နေ့ကတည်းက ကုန်သွယ်မှုက ရပ်သွားပြီ။ အတက်လဲ မရှိဘူး၊ အဆင်းလဲ မရှိဘူး။ ပစ္စည်းတွေလည်း အကုန်လုံးပိတ်မိနေတာပေါ့နော်။ တရုတ်ပြည်ကနေ မြန်မာပြည်ဘက်ကိုလာတဲ့ ပစ္စည်းကတော့ တရုတ်ဘက်က အပေါက်ပိတ်လိုက်လို့ တရုတ်ဘက်ကို ပြန်သွားတယ်။ ကျွန်မတို့ ကွင်းတွေ၊ ဂိုထောင်တွေထဲမှာ တရုတ်ပစ္စည်းတွေရှိတယ်။ ဂျူတီဆောင်ဖို့ စောင့်နေတယ်။ တချို့က မြန်မာကားတွေပေါ် တင်ထားတာရှိတယ်။ တချို့ တရုတ်ကားတွေပေါ် တင်ထားတာ ရှိတယ်။ တချို့ဂိုထောင်ချထားတာ ရှိတယ်။ အကုန်လုံး အဲဒါတွေက ရပ်သွားတာပေါ့”
စစ်ကောင်စီရဲ့ ဖော်ပြချက်အရ ချင်းရွှေဟော်နယ်စပ်ဂိတ်ကနေ တရုတ်နိုင်ငံဘက်ကို ပြောင်း၊ ဆန်၊ ရော်ဘာ၊ နှမ်း(နက်)၊ ဝ ဥခြောက်၊ ဆန်ကွဲ၊ ပဲတီစိမ်း၊ မြေပဲ စတဲ့ လယ်ယာထွက်ကုန်တွေကို အများဆုံးတင်ပို့တာပါ။ တရုတ်နိုင်ငံဘက်ကနေ ချည်ထည်၊ ပလတ်စတစ်ကုန်ကြမ်း၊ စက်ပစ္စည်း၊ ဓာတ်မြေသြဇာ၊ ဆေးဝါး စတာတွေ အဓိကတင်သွင်းပါတယ်။
မူဆယ် ၁၀၅ မိုင်ကတော့ တရုတ်နိုင်ငံဘက်ကို ရေထွက်ကုန်တွေဖြစ်တဲ့ ငါးရှဉ့်၊ ကဏန်း၊ ပုစွန်၊ လယ်ယာထွက်ကုန်တွေဖြစ်တဲ့ ဝါဂွမ်း၊ ရော်ဘာ၊ ပြောင်း၊ မြေပဲ၊ ဆန်၊ ဆန်ကွဲ၊ နနွင်းတက်၊ ချဉ်ပေါင်၊ ဖာလာ စတဲ့ပစ္စည်းတွေ တင်ပို့ပါတယ်။ တရုတ်နိုင်ငံဘက်ကနေ စက်သုံးဆီနဲ့ စက်ပစ္စည်း တွေကို အဓိကတင်သွင်းပါတယ်။
ကုန်သည်တချို့ကတော့ ကုန်သွယ်ရေးလမ်းကြောင်းကို ရှမ်းပြည်နယ်တောင်ပိုင်းကနေပတ်ပြီး မိုင်းလားနယ်စပ်ဂိတ်ကို အသုံးပြုနေပါတယ်။ အဲဒီလိုအသုံးပြုတဲ့အတွက် ကုန်ကျစရိတ်လေးဆကျော် မြင့်တက်သွားတယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“မိုင်းလားပေ့ါနော်။ အဲဒီကနေ ကျိုင်းတုံ ကနေပြီးတော့မှ တောင်ကြီး၊ တောင်ကြီးကနေ မန္တလေးကို ကားခက သိန်း ခုနစ်ဆယ် ပေးရတာလေ။ ၁၇ တန်ကို သိန်း ခုနစ်ဆယ် ဆိုတော့ ကျွန်မတို့ ချင်းရွှေ ဟော်ဘက်မှာ တစ်တန်ကို တစ်သိန်းနဲ့ အခု ကျွန်မတို့လုပ်ခဲ့တာ။ ဟိုက သိန်း ခုနစ်ဆယ်ဆိုတော့ ငါးဆလောက် (လေးဆကျော်)နော်။ ပြီးတော့ စက်သုံးဆီဖိုး၊ ဆီကလည်း ဈေးတက်တာကိုနော့်။ မိုင်းလားဘက်က လာလို့ရှိရင်လေ”
လယ်ယာထွက်ကုန်တွေကို မိုင်းလားနယ်စပ်ကနေ တင်ပို့နေပြီး ရေထွက်ကုန်တွေကိုတော့ စရိတ် သုံးဆကျော် ပိုကုန်ကျတဲ့ ပင်လယ်ရေကြောင်းကနေ တင်ပို့နေကြတာပါ။ ဒါကြောင့် လုပ်ငန်းရှင်တွေရော၊ တောင်သူတွေပါ နစ်နာဆုံးရှုံးနေသလို ကုန်သွယ်ရေးစခန်းတွေကို မှီခိုနေရတဲ့ အလုပ်သမား တစ်ထောင်ကျော်လည်း အလုပ်လက်မဲ့ဖြစ်သွား တယ်လို့ ဒေသခံတွေနဲ့ ကုန်သည်တွေက ပြောပါတယ်။
MNDAA ရဲ့ ပြန်ကြားရေးတာဝန်ခံ လီကျားဝင်းကတော့ ရှမ်းမြောက်မှာ ကုန်သွယ်ရေးလုပ်ငန်းတွေ ပြန်ပြီး လည်ပတ်နိုင်ဖို့ မရှိသေးဘူးလို့ ပြောပါတယ်။
“ကျွန်တော်တို့ အခုထိန်းထားတာက ချင်းရွှေဟော်ရယ်၊ မုံးကိုးရယ်၊ ပန်ဆိုင်း (ကြူကုတ်) ရယ် ပြီးတော့ ဒီကျင်စန်းကျော့ပေါ့နော် ။ ဒီလေးခုကိုတော့ ကျွန်တော်တို့ ထိန်းထားနိုင်တယ်။ ပြန်လည် လည်ပတ်ဖို့တော့ အခုချိန်တော့ အခက်အခဲ ရှိနေ မယ်ထင်တယ်။ အခုက ဒီတိုက်ပွဲကာလ တော်လှန် ရေးကာလ ဆိုတော့လေ၊ ငြိမ်းချမ်းတဲ့ကာလ မဟုတ်တဲ့အတွက်လေ။ ဒီစီးပွားရေးလုပ်ငန်းရှင်တွေက ဒါတွေကို ပြန်လုပ်ဖို့ မလွယ်သေးပါဘူးဗျ”
ကုန်သည်တွေကတော့ နယ်စပ်ဂိတ်တွေကို ဒီဇင်ဘာလကုန်အထိ မဖွင့်နိုင်ဘူးဆိုရင် တရုတ်နိုင်ငံဘက်က တင်သွင်းနေတဲ့ ကုန်ပစ္စည်းတွေ ပြတ်လပ်ပြီး ဈေးအဆမတန်ကြီးလာနိုင်တယ်လို့ RFA ကို ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက နယ်စပ်ကုန်သွယ်ရေး ပြတ်တောက်နေတာနဲ့ပတ်သက်လို့ စစ်ကောင်စီ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကို RFA က ဒီကနေ့ ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ဒါပေမဲ့ တရုတ်နိုင်ငံက မဲခေါင်- လန်ချန်း အစည်းအဝေးကို သွားရောက်ခဲ့တဲ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကတော့ ဒီဇင်ဘာလ ၉ ရက်က ကူမင်းမြို့မှာ တရုတ်ကွန်မြူနစ်ပါတီ၊ ယူနန်ပြည်နယ်ပါတီကော်မတီ ဒုတိယအတွင်းရေးမှူး မစ္စတာရှီယွီကန်းနဲ့ တွေ့ဆုံပြီး နယ်စပ်ကုန်သွယ်ရေးကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။
ဒီ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေ ရပ်တန့်ဖို့ စစ်ကောင်စီ ငြိမ်းချမ်းရေးဖော်ဆောင် မှုညှိနှိုင်းရေးကော်မတီနဲ့ ၁၀၂၇ စစ်ဆင်ရေးဆောင်ရွက်နေတဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့တို့ ဒီရက်ပိုင်းအတွင်း တရုတ်ပြည်ထဲမှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဒါပေမဲ့ ဒီဇင်ဘာလ ၁၄ ရက်နေ့အထိ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး နယ်စပ်ကုန်သွယ်ရေးပြန်စတင်နိုင်မဲ့ အရိပ်အယောင်မတွေ့ရသေးဘူးလို့ ဒေသခံတွေနဲ့ ကုန်သည်တွေက ပြောပါတယ်။
(မှတ်ချက်။ ဤသတင်းဆောင်းပါးနှင့်ပတ်သက်၍ တရုတ်နိုင်ငံဘက်မှ ကုန်သွယ်မှုတန်ဖိုးအား ဖြည့်စွက်ရေးသားထားပါသည်။)