ဘုတလင်မှာ အရပ်သားတွေ ရက်ရက်စက်စက် သတ်ဖြတ်ခံရ

RFA Burmese
2024.10.20
ဘုတလင်မှာ အရပ်သားတွေ ရက်ရက်စက်စက် သတ်ဖြတ်ခံရ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် စီပါရွာကို စစ်ကောင်စီတပ်စစ်ကြောင်းမှ ဝင်ရောက်မီးရှို့ခဲ့သဖြင့် ပျက်စီးသွားသည့် အဆောက်အအုံအချို့အား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့က တွေ့ရစဥ်။
Citizen Photo

အောက်တိုဘာလအစောပိုင်းကစပြီး စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နဲ့ အနီးနားက ရွာတွေကို စစ်ကောင်စီက စစ်ကြောင်းထိုးနေတာဖြစ်ပြီး အရပ်သား နှစ်ဆယ်ဦးထက်မနည်းကို သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၁၉ ရက် မနေ့ကလည်း ဘုတလင်မြို့နယ်၊ စီပါရွာမှာ ရက်ရက်စက်စက် သတ်ဖြတ်ခံထားရတဲ့အလောင်း ခြောက်လောင်း တွေ့ခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက RFA ကို အောက်တိုဘာ ၂၀ ရက် ဒီနေ့ ပြောပါတယ်။

စစ်ကောင်စီရဲ့ တပ်မ ၃၃ လက်အောက်ခံ အင်အားတစ်ရာခန့်ပါတဲ့ စစ်ကြောင်းဟာ လွန်ခဲ့တဲ့နှစ်ရက်က စီပါရွာကို ဝင်ရောက်စီးနင်းခဲ့တာလို့ ဆိုပါတယ်။

“သေဆုံးရုပ်အလောင်းတချို့မှာ ခန္ဓာကိုယ် ဖြတ်တောက်ခံထားရပါတယ်”

သတ်ဖြတ်ခံရသူတွေဟာ စီပါရွာက အသက် ၇၀ အရွယ် ဦးတင်လှိုင်၊ ဦးကြောင်ပိုနဲ့ အသက် ၆၀ အရွယ် ဦးရာစိန်၊ ဦးဌေးလွင်တို့ လေးဦးဖြစ်ပြီး အမည်မသိရသေးတဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသား နှစ်ဦးလည်း ပါတယ်လို့ ပြောကြပါတယ်။

အလောင်းတွေကိုမြင်ခဲ့တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကတော့ သေဆုံးရုပ်အလောင်းတချို့မှာ ခန္ဓာကိုယ် ဖြတ်တောက်ခံထားရတယ်လို့ RFA ကို ပြောပါတယ်။

“သုံးယောက်ကတော့ ဘယ်လိုပြောမလဲ အပိုင်းပိုင်းပေါ့ဗျာ။ လက်တွေဖြတ်၊ ခြေထောက်တွေဖြတ်၊ ခေါင်းတွေဖြတ်၊ ရင်လည်းခွဲ၊ အူတွေ ထုတ်ထားတာပေါ့။ အဲဒီလို တွေ့ခဲ့တယ် သုံးလောင်းကတော့။ တစ်လောင်းကတော့ တောထဲ ပဲစင်းငုံထဲမှာ တစ်လောင်းကတော့ ဒဏ်ရာက သေနတ်ဒဏ်ရာနဲ့ အားလုံး သေနတ်ဒဏ်ရာနဲ့ သေတာက သုံးယောက်။ အတိုတို ဖြတ်ထားတာက သုံးယောက်။ ခြောက်ယောက်ပေါ့”

လူတွေကို ရက်ရက်စက်စက် သတ်တဲ့အပြင် အနီးနားက ရွာတွေဖြစ်တဲ့ တက်လှိုင်း၊ စီပါ၊ ကျွဲသေချောင်း၊ ဆယ်ဝနဲ့ အိုင်ပေါင်းချောင်၊ စိုင်ပြင်လေး စတဲ့ရွာတွေက အိမ်ခြေ လေးရာခန့်ကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် စီပါရွာကို စစ်ကောင်စီတပ်စစ်ကြောင်းမှ ဝင်ရောက်မီးရှို့ခဲ့သဖြင့် ပျက်စီးသွားသည့် အဆောက်အအုံအချို့အား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့က တွေ့ရစဥ်။ (Citizen Photo)
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် စီပါရွာကို စစ်ကောင်စီတပ်စစ်ကြောင်းမှ ဝင်ရောက်မီးရှို့ခဲ့သဖြင့် ပျက်စီးသွားသည့် အဆောက်အအုံအချို့အား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့က တွေ့ရစဥ်။ (Citizen Photo)

ဘုတလင်မြို့နယ်ထဲက ဒေသခံ သုံးသောင်းခန့် ကြောက်လန့်ကာ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး စားနပ်ရိက္ခာ မလုံမလောက် ဖြစ်နေတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။

“အများကြီးပဲ၊ ဒီကျွန်တော်ဆီ ရောက်နေတာကိုက ငါးရာကျော်တယ်ဆိုတော့ ဟိုဘက်မှာဆိုရင် အကုန်လုံး တစ်မြို့နယ်လုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေရတာပေါ့နော်။ နေ့စဥ်နဲ့အမျှ ရက်တွေ ကြာလာတော့လေ သူတို့ စားနပ်ရိက္ခာတွေ ရှားပါးလာတယ်။ ထောက်ပံ့မှုတွေ မရခဲ့တော့ဗျာ။ အခုဆိုရင် သူတို့ ဘာလုပ်ရလဲဆိုတော့ ကိုယ်တိုင် မျှစ်ထွက်ချိုးတာတွေတို့ ကိုယ်တိုင် စားနပ်ရိက္ခာ ရှာပြီးတော့ အကုန်လုံး ချက်ပြုတ် စားသောက်ရတာတွေတို့ အဲဒီလို အခြေအနေတွေအထိ ဖြစ်လာတယ်ဗျ”

စစ်ကောင်စီက မြေပြင်ရော လေကြောင်းနဲ့ပါ ထိုးစစ်ဆင်နေတာကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဘက်က ခုခံတိုက်ခိုက်တာ မလုပ်နိုင်သေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးကလည်း RFA ကို ပြောပါတယ်။

“သူတို့ မြေပြင်နဲ့ ဝေဟင်နဲ့ အကုန်လုံး တစ်ရစပ် ဟန်ချက်ညီညီ လှုပ်ရှားနေတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ ကာကွယ်ရေး အဖွဲ့ဝင်တွေကတော့ အဲဒီစစ်ကြောင်းကို တိုက်ခိုက်ဖို့တော့ ကျွန်တော်တို့ ကြိုးစားနေကြတယ်။ ဒါပေမဲ့ အခုထက်ထိတော့ ကျွန်တော်တို့ တိုက်ခိုက်မှု မပြုနိုင်သေးဘူးပေါ့နော်”

စက်တင်ဘာ ၃၀ ရက်နေ့က ဘုတလင်မြို့နယ်၊ ကူတော်ရွာ စစ်ကောင်စီအခြေချစခန်းကနေ ထွက်လာတဲ့စစ်ကြောင်းကို စီပါရွာအနီးမှာ PDF ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဆယ်ကျော် သေဆုံးပြီး လေးဆယ်ကျော် ဖမ်းဆီးခံရပါတယ်။


ဆက်နွှယ်သောသတင်းများ

ဘုတလင်မှာ သတ်ဖြတ်ခံရတဲ့ အရပ်သား ၁၇ ဦးအထိရှိလာ

တစ်ကျော့ပြန်ထိုးစစ်ကြောင့် ဘုတလင်ဒေသခံ တစ်သောင်းကျော် ထွက်ပြေးနေရ

ဘုတလင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဆယ်ကျော် ဖမ်းမိကြောင်း SAF ထုတ်ပြန်


အဲဒီနောက် စစ်ကောင်စီရဲ့ တပ်မ ၃၃ စစ်ကြောင်းဟာ ဒီအောက်တိုဘာ ပထမပတ်ကစလို့ ပြန်လည်စစ်ကြောင်းထိုးနေတာဖြစ်ပြီး အရပ်သားအယောက် ၂၀ ထက်မနည်းကို သတ်ဖြတ်ခဲ့သလို အယောက်ခြောက်ဆယ်ခန့်ကိုလည်း စစ်ကြောင်းနဲ့အတူ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကတော့ အရပ်သားတွေ သတ်ဖြတ်ခံရတာနဲ့ပတ်သက်လို့ မသိရသေးတဲ့အကြောင်း RFA ကို အောက်တိုဘာ ၂၀ ရက် ဒီနေ့မှာ ပြောပါတယ်။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာ ၁၆ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်း သတ်ဖြတ်ခံရတဲ့ အရပ်သား ခြောက်ထောင်နီးပါး (၅၈၅၁ ဦး) ရှိလာပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။