အမေရိကန်အထက်လွှတ်တော်မှာ Burma Act ဥပဒေကြမ်းအတည်ပြုဖို့ အလားအလာကောင်း
ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နေ့က ပြုလုပ်တဲ့ အမေရိကန်အောက်လွှတ်တော်အစည်းအဝေးမှာ အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌ နယူးယောက်ပြည်နယ် လွှတ်တော်အမတ် ဂရီကိုရီ မိခ် တင်သွင်းတဲ့ Burma Act ဥပဒေမူကြမ်းကို အမေရိကန် အောက်လွှတ်တော် အဓိက ပါတီနှစ်ခုလုံးက အမတ်တွေရဲ့ထောက်ခံမှုနဲ့ အတည်ပြုကြောင်း ကြေညာနိုင်ခဲ့ပါတယ်။
ဒီဥပဒေမူကြမ်းမှာ ၂ဝ၂၁ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုနဲ့နောက်ဆက်တွဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အရပ်သားပြည်သူတွေကို သတ်ဖြတ်မှုတွေ အားလုံးအတွက် တာဝန်ရှိတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းအားလုံးကို ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ဖို့၊ မြန်မာနိုင်ငံအရေးအတွက် အမေရိကန်အစိုးရရဲ့ လုပ်ဆောင်မှုတွေ အားလုံးအတွက် စေ့စပ်ညှိနှိုင်းရေးမှူး တစ်ဦးကို အမေရိကန် နိုင်ငံခြားရေးဌာနမှာ ခန့်ထားဖို့၊ မြန်မာ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကတစ်ဆင့် မြန်မာနိုင်ငံက အရပ်ဘက် အဖွဲ့အစည်းတွေကို ကူညီဖို့နဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်သွားဖို့၊ မြန်မာ့အရေးအတွက် ပိုပြီးတိကျပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေချဖို့၊ ကုလသမဂ္ဂအဖွဲ့ကြီးကို ဖိအားပေးဖို့၊ မြန်မာစစ်တပ်က ရိုဟင်ဂျာနဲ့ အခြားတိုင်းရင်းသားလူနည်းစုတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုနဲ့ အခြားအမှုတွေအတွက် အစီရင်ခံစာတင်သွင်းဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။
“ဒီဥပဒေအတည်ပြုလိုက်နိုင်တာ အလွန်ရေးကြီးတဲ့ အောင်မြင်မှုတစ်ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးကတည်းက အားအကောင်းဆုံး လုပ်ဆောင်ချက်လို့ ပြောလို့ ရပါတယ်”
ပြီးခဲ့တဲ့လကပဲ သမ္မတ ဂျိုးဘိုင်ဒင်အစိုးရက မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့ကြောင်း အတည်ပြုလိုက်တာနဲ့အညီ အခုတင်သွင်းတဲ့ Burma Act ဥပဒေဟာ အမေရိကန် ပြည်ထောင်စုအနေနဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို ကာကွယ်ရာမှာ ဦးဆောင်သူနေရာက ဆောင်ရွက်နေတဲ့အကြောင်း သက်သေပြလိုက်တာ ဖြစ်ကြောင်းနဲ့ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေနဲ့ အတူ ရပ်တည်ကြောင်း အောက်လွှတ်တော်အမတ် Gregory Meeks က ပြောသွားပါတယ်။
ဒီ Burma Act ဥပဒေ အတည်ပြုနိုင်ဖို့ အမေရိကန်လွှတ်တော်နှစ်ရပ်လုံးမှာ စည်းရုံးလှုံ့ဆော်နေတဲ့ Campaign for a New Myanmar အဖွဲ့က တက်ကြွလှုပ်ရှားသူ Michael Haack က အဓိက ပါတီနှစ်ခုအကြားမှာ စိတ်ဝမ်းကွဲလေ့ ရှိတဲ့ အမေရိကန် အောက်လွှတ်တော်မှာ ဒီ Burma Act ဥပဒေကို တင်သွင်းရာမှာတော့ ညီညီညွတ်ညွတ်နဲ့ ဝိုင်းဝန်းထောက်ခံကြပြီး အတည်ပြုလိုက်နိုင်တဲ့အတွက် အားရကျေနပ်မိတဲ့အကြောင်း ပြောပါတယ်။
“ဒီ ဥပဒေကြမ်းကို အောက်လွှတ်တော်က နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌ ကိုယ်တိုင်က ဦးဆောင်တင်သွင်းခဲ့ပြီး၊ co-sponsor အဖြစ် ထောက်ခံသူ ၈၄ ဦးရှိခဲ့ပါတယ်။ ဒီမိုကရက်ပါတီနဲ့ ရီပတ်ဘစ်ကန်ပါတီ နှစ်ခုလုံးက ဦးဆောင်သူအမတ်အားလုံးက ညီညီညွတ်ညွတ်နဲ့ ထောက်ခံခဲ့တာ တွေ့ရတဲ့အတွက် မြန်မာနိုင်ငံအရေးကို အလေးအနက်ထားတာ ပြသနေပါတယ်။ ဒီဥပဒေမူကြမ်းထဲမှာ မြန်မာ့ ဒီမိုကရေစီအရေးအတွက် အသုံးပြုမယ့် ဘဏ္ဍာငွေ ပမာဏကိုလည်း နှစ်ဆလောက် တိုးမြှင့်ထားတာ တွေ့ရပါတယ်။ မြန်မာစစ်တပ်ရဲ့ အဓိက ဝင်ငွေရင်းမြစ်တစ်ခုဖြစ်တဲ့ ရေနံနဲ့သဘာဝ ဓာတ်ငွေ့ကဏ္ဍက ရတဲ့ ငွေတွေကို ဘယ်လို ဖြတ်တောက်လို့ ရနိုင်မလဲဆိုတာကို အမေရိကန်နိုင်ငံခြားရေးဌာနကနေ အစီရင်ခံစာတင်ရမယ်လို့လည်း ပြောထားပါတယ်။ မြန်မာ့အရေး လုပ်ဆောင်ရာမှာ စေ့စပ်ညှိနှိုင်းရေးမှူးတစ်ဦး ခန့်ထားဖို့ သတ်မှတ်လိုက်တာဟာလည်း အလွန်ရေးကြီးပါတယ်။ ဒီဥပဒေ အတည်ပြုလိုက်နိုင်တာ အလွန်ရေးကြီးတဲ့ အောင်မြင်မှုတစ်ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးကတည်းက အားအကောင်းဆုံး လုပ်ဆောင်ချက်လို့ ပြောလို့ ရပါတယ်”
အမေရိကန်အောက်လွှတ်တော်မှာ ဒီ Burma Act ဥပဒေကို co-sponsor အဖြစ် ထောက်ခံတဲ့ အမတ် ၈၄ ဦးအထိ ရှိခဲ့တာဟာ အမေရိကန်နိုင်ငံ ပြည်နယ်အသီးသီးမှာ ရောက်ရှိ နေထိုင်နေကြတဲ့ မြန်မာလူမျိုးတွေက သက်ဆိုင်ရာ ပြည်နယ်လွှတ်တော် အမတ်တွေကို ဆက်သွယ်ပြီး၊ ဒီဥပဒေကြမ်းကို ထောက်ခံပေးဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်တဲ့အတွက် ဒီဥပဒေကြမ်း အတည်ပြုနိုင်တာဟာ မြန်မာပြည်သူတွေရဲ့ အောင်မြင်မှုဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒီဥပဒေကြမ်းကို ဥပဒေအဖြစ် အတည်ပြုနိုင်ဖို့အတွက်ဆိုရင် အထက်လွှတ်တော်ရဲ့ အတည်ပြုချက်လည်း လိုအပ်မှာ ဖြစ်ပြီး အခုအချိန်အထိတော့ အထက်လွှတ်တော်ရဲ့ ထောက်ခံမှုကိုလည်း ရဖို့ အလားအလာ ကောင်းတယ်လို့ Michael Haack က ပြောပါတယ်။
“အောက်လွှတ်တော်မှာ ပါတီနှစ်ရပ်လုံးရဲ့ တစ်ခဲနက်ထောက်ခံမှုကို ရခဲ့ပေမယ့် အထက်လွှတ်တော်မှာတော့ ထောက်ခံသူအများစုက ဒီမိုကရက်ပါတီက အများစု ဖြစ်နေပါတယ်။ အထက်လွှတ်တော် အမတ်တွေထဲက co-sponsor အဖြစ် ထောက်ခံတဲ့ အမတ် ၂၆ ဦး ရှိတဲ့အထဲမှာ တစ်သီးပုဂ္ဂလအမတ် Bernie Sanders တစ်ယောက်ကလွဲရင် ကျန်တာက ဒီမိုကရက်ပါတီအမတ်တွေ ဖြစ်ပါတယ်။ ရီပတ်ဘလစ်ကန် အမတ်တွေထဲက ထောက်ခံသူ မရှိသေးပါဘူး။ ဒါပေမဲ့ ရီပတ်ဘလစ်ကန် အမတ်တွေနဲ့ တွေ့ဆုံစကားပြောခဲ့တဲ့ အတွေ့အကြုံအရတော့ ရီပတ်လစ်ကန် အမတ်တွေရဲ့ ထောက်ခံမှုကိုလည်း ရမယ်လို့ ထင်ပါတယ်။ လာမယ့် မေ ဒါမှမဟုတ် ဇွန်လလောက်မှာ ဘယ်လိုတိုးတက်မှု ဖြစ်လာမလဲ ဆိုတာ ဆက်ပြီးစောင့်ကြည့်ဖို့ လိုပါမယ်။ အရေးကြီးတာက ဒီအမတ်တွေဟာ မြန်မာနိုင်ငံကို ကိုယ်စားပြုတာ မဟုတ်ဘဲ သက်ဆိုင်ရာ အမေရိကန်ပြည်နယ်တွေကို ကိုယ်စားပြုတယ်ဆိုတာ သိဖို့လိုပါတယ်။ ဒါကြောင့် အဲဒီပြည်နယ်တွေမှာ နေထိုင်တဲ့ မြန်မာနွယ်ဖွားတွေက သက်ဆိုင်ရာအမတ်တွေကို ဆက်သွယ်ပြီး ဆက်လက်တိုက်တွန်းကြဖို့ အလွန်အရေးကြီးပါတယ်”
Burma Act ဥပဒေကြမ်းထဲမှာ အမေရိကန်အစိုးရ အသုံးစရိတ်ထဲကနေ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေအတွက် တစ်နှစ်ကို ဒေါ်လာ သန်း ၅ဝ နဲ့ ငါးနှစ်စာ ချထားပေးဖို့နဲ့ ၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်အတွက် မြန်မာနိုင်ငံကို လူသားချင်းစာနာမှု အကူအညီ ဒေါ်လာ သန်း၂၂၀ ပေးသွားဖို့လည်း ပါဝင်ပါတယ်။
ဒီဥပဒေကြမ်းထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အမေရိကန်အစိုးရက တရားဝင်အသိအမှတ်ပြုဖို့ ပြောထားတာ မပါဝင်ပေမယ့် အခုနှစ်အစောပိုင်းက အတည်ပြုလိုက်တဲ့ အမေရိကန်အစိုးရ အသုံးစရိတ် ဥပဒေထဲမှာ အမျိုးသားညီညွတ်ရေး အစိုးရနဲ့ CDM လှုပ်ရှားမှုတွေမှာ ပါဝင်သူတွေကို ထောက်ပံ့ဖို့ အကြောင်းအရာတွေ ပါဝင်ပြီးဖြစ်တဲ့အကြောင်း၊ ဒီ Burma Act ဒီဥပဒေကြမ်းက အမေရိကန်အစိုးရက လုပ်နိုင်မယ့် လုပ်ငန်းတွေကို တိုးချဲ့ပေးလိုက်တာ ဖြစ်တဲ့အကြောင်း Michael Haack က သုံးသပ်ပါတယ်။