မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းတွေ ပံ့ပိုးပေးနေတဲ့ စစ်လက်နက်ပွဲစားများ

စမ်းစမ်းတင် (ဝါရှင်တန်ဒီစီ)
2022.01.05
Share on WhatsApp
Share on WhatsApp
မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းတွေ ပံ့ပိုးပေးနေတဲ့ စစ်လက်နက်ပွဲစားများ စစ်ဘက်ဆိုင်ရာသုံး ယာဉ်တစ်စီးကို ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့က နေပြည်တော်တွင် တွေ့ရစဉ်။
Photo: AFP

ကမ္ဘာတစ်ဝန်း ကိုဗစ်ကပ်ရောဂါ ဖြစ်နေတဲ့ကြားက ၂၀၂၂ ကိုမျှော်လင့်ခြင်းများစွာနဲ့ ငြိမ်းချမ်းပျော်ရွှင်တဲ့ နှစ်သစ်အဖြစ် ကြိုဆိုကြချိန်မှာ မြန်မာစစ်ကောင်စီကတော့ နှစ်သစ်ကူးအကြိုနေ့မရှောင် ကယားပြည်နယ် ဒီးမော့ဆိုမှာ လေကြောင်းက တိုက်ခိုက်ပါတယ်။ မြေပြင်က နှစ်ဖက် တိုက်ပွဲမှာ စစ်ကောင်စီက လက်နက်ကြီးတွေ သုံးတဲ့အပြင် ဝေဟင်ကနေ လေကြောင်းကပါ တိုက်ခိုက်တာပါ။ ဒီလိုတိုက်ခိုက်တာ အရင်က မကြုံခဲ့ဖူးဘူးလို့လည်း ဒေသခံတစ်ယောက်က ပြောပါတယ်။

စစ်ကောင်စီဟာ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေကို နှိမ်နင်းဖို့လေကြောင်းက တိုက်ခိုက်နေတဲ့အတွက် ထိခိုက်ပျက်စီးဆုံးရှုံးရ၊ ကြားကဓားစာခံ အရပ်သားတွေ အစုလိုက်အပြုံလိုက် ထွက်ပြေးရပါတယ်။ ဒီလို လူသတ်လက်နက်တွေရဖို့၊ လေကြောင်းကနေတိုက်နိုင်ဖို့ ကြားက ဆောင်ရွက်တဲ့ လက်နက်ပွဲစားတွေဟာ သွယ်ဝိုက်တဲ့နည်းနဲ့ လူသတ်တာကို အားပေးတဲ့သဘော သက်ရောက်ပါတယ်။

ဒီနေရာမှာ ဒုတိယကမ္ဘာစစ် ဆုံးခန်းတိုင်သွားစေတဲ့ အဏုမြူဗုံးနဲ့ ပတ်သက်ပြီး ကမ္ဘာကျော်သိပ္ပံပညာရှင် Albert Einstein တသက်လုံး ဆွေးတမြေ့မြေ့ ဖြစ်သွားတာကို အမှတ်ရစရာ ဖြစ်ရပါတယ်။ အဏုမြူဗုံးအတွက် Albert Einstein တိုက်ရိုက် လုပ်ကိုင်ဆောင်ရွက်တာ မရှိပါဘူး။ ဒါပေမဲ့ သူ့ကမ္ဘာကျော် စွမ်းအင်နဲ့ အရာဝတ္တုဆက်စပ်တဲ့ relativity theory က E=mc2 ညီမျှခြင်းကနေ အဏုမြူဗုံးတစ်လုံးက ထွက်တဲ့ စွမ်းအင်အကြောင်း ပြောထားပါတယ်။ ဒီဗုံးဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကိုတော့ ရှင်းပြမထားပါဘူး၊

ဒါပေမဲ့ အဏုမြူဗုံးနဲ့ ပတ်သက်လို့ အဲဒိတုန်းက သမ္မတ Roosevelt ဆီ သူက စာတစောင် ပေးပို့ပါတယ်။ ဒါကလည်း မြင်းကို ဦးချို တပ်မပေးချင်တဲ့ စိတ်မျိုးကြောင့် အသေအဆုံးများတဲ့ နည်းပညာရပ်တစ်ရပ် ဂျာမန်တွေ ရရှိမသွားခင် အမေရိကန်ပြည်ထောင်စုအနေနဲ့ အဏုမြူရေးရာ သုတေသနလုပ်ဖို့ အကြံပေးတဲ့စာ ပို့ခဲ့တာပါ။

နာဇီတွေ အင်မတန် အစွမ်းထက်တဲ့ လက်နက်သစ်လုပ်နေပြီဆိုတဲ့ စာတစ်စောင်ကို ၁၉၃၉ သြဂုတ်မှာ စာပေးပို့ပြီး သတိပေးခဲ့မိတာ သူ့ဘဝ တလျှောက်လုံး ကြေကွဲမဆုံး ဖြစ်ရပါတယ်။ သူ့အကြံပေးချက်အရ Manhattan စီမံချက်ပေါ်ပေါက်လာပြီး အဲဒီကနေ ၁၉၄၅ မှာ ကမ္ဘာ့ပထမဆုံး အဏုမြူဗုံး နှစ်လုံး ဖြစ်ထွန်းလာပါတယ်။ ဂျပန်မှာ ဒီအဏုမြူဗုံးနှစ်လုံးကြဲလို့ အပျက်အစီးအဆုံးအရှူံး အသေအပျောက် များတဲ့ သတင်းကြားရတဲ့အခါ ကမ္ဘာကျော် ရူပဗေဒပညာရှင် Albert Einstein ကြေကွဲဝမ်းနည်းမဆုံး ဖြစ်ရပြီး နောက်ပိုင်းမှာ နျူကလီးယား လက်နက်တားမြစ်ရေးအတွက် စည်းရုံးလှုံ့ဆော်ပါတယ်။

Albert Einstein လို မြန်မာစစ်တပ်အတွက် လက်နက်ပွဲစား လုပ်သူတွေဟာ သွယ်ဝိုက်တဲ့နည်းနဲ့ လူသတ်နေသူတွေလို့ ဆင်ခြင်ကြသလားဆိုတာ တပ်အပ်မပြောနိုင်ဘဲ မြန်မာစစ်တပ်ကတော့ ခေတ်မီတဲ့ တပ်အဖြစ် အဆင့်မြှင့်နေတာမို့ စစ်လက်နက်ပစ္စည်းတွေ ရဖို့ အစဉ်တစိုက်ကြိုးစား နေပါတယ်။

၂၀၀၁ ကနေ ၂၀၁၉ အတွင်း တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ဆာဘီးယားနဲ့ ယူကရိန်းနိုင်ငံတွေက လက်နက်အဓိက ပို့တယ်လို့ ဘယ်လ်ဂျီယံနိုင်ငံ အခြေစိုက် IPIS – International Peace Information Service နိုင်ငံတကာ ငြိမ်းချမ်းရေးရာ သတင်းအချက်အလက် ဝန်ဆောင်မှုက ထုတ်ဝေတဲ့ ၂၀၂၁ ဧပြီနဲ့ မတ် Arms Trade Bulletin လက်နက်ကုန်သွယ်ရေး သတင်းလွှာမှာ ဖော်ပြပါတယ်။ တင့်ကားတွေ၊ လူတင်သံချပ်ကာကားတွေ၊ လက်နက်ကြီး စနစ်တွေ၊ ဒုံးပစ် လောင်ချာတွေ၊ တိုက်လေယာဉ်တွေ၊ တိုက်ရဟတ်ယာဉ်တွေ၊ စက်လက်နက် အပိုပစ္စည်းတွေနဲ့ လက်နက်ခဲယမ်း မီးကျောက်တွေ တင်ပို့တယ်လို့ဖော်ပြထားပါတယ်။ ဒီလက်နက်တွေရဖို့ လက်နက်ပွဲစားတွေလိုပါတယ်။

justice for myanmar.jpg
၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့က Justice for Myanmar က ထုတ်ပြန်ခဲ့သော KT Group နှင်ံ့ Ky-Tha Group ကုမ္ပဏီအကြောင်း။

ထူးကုမ္ပဏီ ဦးတေဇကို စစ်လက်နက်ပွဲစားအဖြစ် လူသိများပြီး နယူးယောက်မြို့က ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာမှာ ကုလသမဂ္ဂ အထွေထွေညီလာခံ မတိုင်ခင် လုပ်ကြံဖို့ကြိုးပမ်းမှုနဲ့ ဆက်စပ်လို့ ထိုင်းအခြေစိုက်လက်နက်ပွဲစား ဦးအေးကို ကို လူသိလာပါတယ်။

လွန်ခဲ့တဲ့ နှစ် ၄၀ လောက်က ကျောက်လောကမှာ ကျင်လည်ခဲ့သူ ဦးအေးကိုဟာ တခြားတစ်ယောက် မှတ်ပုံတင်နဲ့ အသွင်ပြောင်းပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူး အဆက်ဆက်ရဲ့ လူယုံတော် ဖြစ်နေတယ် ဆိုတာကို Myanmar Now က မနှစ်က အောက်တိုဘာမှာ ခရေစေ့တွင်းကျ ဖော်ပြဖူးပါတယ်။

မနှစ်က နှစ်မကုန်ခင် ခရစ္စမတ်ကာလအတွင်း New York Times အရှေ့တောင်အာရှရေးရာဌာနမှူး သတင်းစာဆရာမ Hannah Beech က မြန်မာစစ်တပ်ကို တိတ်တဆိတ်လက်နက်တပ်ဆင်ပေးတဲ့ KT ကျော်သောင်းမိသားစုဝင် Jonathan Kyaw Thaung အကြောင်း အသေးစိတ် ဖွင့်ချပါတယ်။

Justice for Myanmar ကလည်း ကျော်သောင်းမိသားစု လက်တံရှည်တဲ့အကြောင်း ဖော်ပြဖူးပြီး ခု ၂၀၂၂ နှစ်ဆန်းပိုင်းမှာတင် Jonathan Kyaw Thaung နဲ့ သူ့ဖခင် ဦးမိုးကျော်သောင်းတို့ ၂၀၁၂ က တည်ထောင်တဲ့ ကျော်ထက်ကျော် ကုမ္ပဏီအကြောင်း ဖောက်သည်ချ ပြန်ပါတယ်။ အဲဒီကုမ္ပဏီဟာ မြန်မာလေတပ်နဲ့ စစ်လက်နက်ပစ္စည်း ဝယ်ယူရေး ညွှန်ကြားရေးမှူးရုံး အပါအဝင် မြန်မာစစ်တပ်အတွက် ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေ ဝယ်ယူတဲ့နေရာမှာ ကြားခံပွဲစားလုပ်တယ်လို့ ပြောပါတယ်။

ကျော်သောင်းမျိုးဆက် တည်ထောင်တဲ့ Ky-Tha Industrial Development Co. Lt နှင့် Ky-Tha Trading Pte Ltd တို့ကလည်း မြန်မာစစ်တပ်အတွက် စစ်လက်နက်တွေ၊ ဆက်စပ်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေ ဝယ်ယူပေးခဲ့တယ်လို့ ဖော်ပြပါတယ်။

ယူကရိန်းက လက်နက်နဲ့ ဝန်ဆောင်မှုတွေအတွက် ကြားကပွဲစားလုပ်တဲ့ Myanmar Chemical & Machinery (MCM) မြန်မာဓာတုဗေဒနဲ့ စက်ပစ္စည်း ကုမ္ပဏီလီမိတက်က ဦးအောင်လှိုင်ဦး အကြောင်းနဲ့ Gateways International Holding Company and International Gateways Group of Company က ဒေါက်တာနိုင်ထွဋ်အောင်အကြောင်းကိုလည်း Justice for Myanmar က မနှစ်က စက်တင်ဘာမှာဖော်ပြပါတယ်။

၂၀၂၁ ဇွန်လတုန်းက ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာစစ်တပ်ကို လက်နက်တင်သွင်းမှု ရပ်ဆိုင်းဖို့ မဲခွဲဆုံးဖြတ်တဲ့အခါ မြန်မာ စစ်တပ်ဘက်က ရပ်တည်ပြီး ကန့်ကွက်ခဲ့တဲ့ တဦးတည်းသော နိုင်ငံက ဘီလာရုစ် ဖြစ်ပါတယ်။

soldiers.jpg
၂ဝ၂၁ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ရန်ကုန်မြို့တွင် တွေ့ရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (Photo: AFP)

ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စတင်တာဝန်ယူတဲ့ ၂၀၁၁ခုနှစ် နောက်ပိုင်းမှာ ဘီလာရုစ်နဲ့ မြန်မာစစ်တပ်ကြား ချိတ်ဆက်ဆောင်ရွက်ပေးတဲ့သူက Dynasty Group of Companies တည်ထောင်တဲ့ ဒေါက်တာ အောင်မိုးမြင့် ဆိုတဲ့ စီးပွားရေးလုပ်ငန်းရှင်ဖြစ်တယ်လို့ ဧရာဝတီသတင်းက မနှစ်က အောက်တိုဘာလမှာ ဖော်ပြခဲ့ပါတယ်။

ဒီလို လက်နက်ပွဲစား လုပ်တဲ့သူတွေဟာ ကိုယ်တိုင် လက်နက်ကိုင်တိုက်ခိုက်သူတွေမဟုတ်တဲ့အတွက် သွေးစွန်းတဲ့လက်ပိုင်ရှင် မဟုတ်ဘူးလို့ တနည်းတဖုံ ပြောနိုင်ပေမဲ့ သွယ်ဝိုက်တဲ့နည်းနဲ့ သွေးစွန်းသူတွေ၊ လူသတ်နေသူတွေပဲဖြစ်ပါတယ်။

ဘာသာရေးရှုထောင့်ကကြည့်ရင် မလုပ်သင့် မလုပ်ထိုက်ဘူးလို့ NUG အမျိုးသားညီညွတ်ရေးအစိုးရက ခန့်အပ်ထားတဲ့ ကိုရီးယားဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက ပြောပါတယ်။

ကိုယ်တိုင်အဏုမြူဗုံးမထုတ်ပေမဲ့ သူ့သီအိုရီက တဆင့်ရော၊ သူ့အကြံပေးချက်ကပါ လူသတ်ရုံမက လူစဉ်မမှီပါဖြစ်ရတဲ့ အဏုမြူဗုံး ထုတ်လုပ်ရေး သုတေသနလုပ်ဖို့ အကြံပေးခဲ့တဲ့ ကမ္ဘာ့ရူပဗေဒပညာရှင် Albert Einstein လို မြန်မာလက်နက်ပွဲစားတွေ နောင်တချိန်မှာ တမြေ့မြေ့နဲ့ နောင်တ ရ-မရတော့ စောင့်ကြည့်ရပါလိမ့်မယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့