မလေးရှားရောက် မြန်မာတွေ တတိယနိုင်ငံသွားခွင့်ရဖို့ ခက်ခဲနေ
2024.09.03
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အထွေထွေအကျပ်အတည်းတွေကြောင့် မလေးရှားနိုင်ငံကို တရားမဝင်လမ်းကြောင်းနဲ့ ရောက်ရှိလာကြပြီး တတိယနိုင်ငံမှာ အခြေချနေထိုင်ဖို့ မျှော်လင့်ချက်နဲ့ နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားတဲ့ မြန်မာတွေ များလာတယ်လို့ မလေးရှားရောက် မြန်မာနိုင်ငံအရေး ကူညီနေသူတွေက ပြောပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မလေးရှားရုံးရဲ့ ၂ဝ၂၄ ခုနှစ် ဇွန်လကုန်အထိ စာရင်းတွေအရ မလေးရှားနိုင်ငံကတစ်ဆင့် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူ ၁၉၀,၀၀၀ ကျော် ရှိတဲ့အထဲမှာ ၁၇၀,၀၀၀ ဝန်းကျင်က မြန်မာနိုင်ငံသားတွေ ဖြစ်ပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ဒေါ်အမွန်းတို့ မိသားစုလေးဦးဟာ တတိယနိုင်ငံသွားနိုင်ဖို့ မျှော်လင့်ချက်နဲ့ မလေးရှားကို ရောက်နေတာ တစ်နှစ်ရှိနေပါပြီ။ အခုချိန်ထိ UNHCR ရဲ့ ဒုက္ခသည်အသိအမှတ်ပြုကတ် မရသေးတာကြောင့် အလုပ်လုပ်ဖို့ ခက်ခဲနေပါတယ်။
"အခုက တစ်နှစ်လည်းရှိပြီဆိုတော့ UN card လည်းမရဘူး။ အခက်အခဲလည်း အရမ်းရှိတယ်၊ အမျိုးသားလည်း ကျန်းမာရေးမကောင်းဘူး။ ကိုယ်လည်း အဲဒီလိုမျိုး မသန်စွမ်းဆိုတော့ ကလေးနှစ်ယောက်နဲ့ အရမ်းခက်ခဲတယ်။ ကလေးလည်း ကျောင်းတက်ဆိုတော့ အိမ်ခန်းခတွေရော၊ ကလေးကျောင်းစရိတ်ရော၊ အစစအရာရာဆိုတော့ အဆင်မပြေဘူး။ အလုပ်မှာလည်း အခုက ကတ်မရှိတဲ့သူကတော့ မလုပ်ခိုင်းစေချင်ဘူး၊ အဲလိုမျိုး အရမ်းခက်ခဲတယ်"
ဖားကန့်မြို့နယ်မှာ တိုက်ပွဲတွေကြောင့် ဒေါ်အမွန်းတို့ နေအိမ်ပျက်စီးသွားသလို ခင်ပွန်းဖြစ်သူဟာလည်း စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးရိုက်နှက်ခံခဲ့ရပါတယ်။ ဒါကြောင့် အသက်အန္တရာယ် ထပ်ကြုံရမှာစိုးရိမ်ပြီး မလေးရှားကို အောက်လမ်းလို့ခေါ်တဲ့ တရားမဝင် လမ်းကြောင်းကနေ ထွက်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
မလေးရှားကို တရားမဝင်ရောက်နေသူတွေဟာ UNHCR က ထုတ်ပေးတဲ့ ဒုက္ခသည်အသိအမှတ်ပြု ကတ် ဒါမှမဟုတ် တရားဝင် အထောက်အထားတွေ ရှိမှသာ အလုပ်လုပ်ခွင့်ရှိမှာဖြစ်ပါတယ်။
အခုရောက်နေသူအများစုကတော့ တတိယနိုင်ငံသွားဖို့ မျှော်လင့်ချက်နဲ့ ဒုက္ခသည်အဖြစ် ခံယူပြီး လျှောက်ထားကြပေမဲ့ အသိအမှတ်ပြုကတ် မရကြသေးတာကြောင့် အလုပ်လုပ်ခွင့်မရှိကြသလို အာဏာပိုင်တွေ ဖမ်းဆီးတာလည်း ခံနေကြရပါတယ်။
မလေးရှားအာဏာပိုင်တွေက ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကစပြီး အော်ပရာစီ စစ်ဆင်ရေးအနေနဲ့ နိုင်ငံအတွင်း တရားမဝင်နေထိုင်သူတွေကို နေ့စဉ် စစ်ဆေးဖမ်းဆီးနေတာပါ။
ပြီးခဲ့တဲ့ ဇွန်လကနေ သြဂုတ်လ ၁၄ ရက်နေ့အထိ တစ်လခွဲအတွင်းမှာပဲ မလေးရှားအာဏာပိုင်တွေက စတားပတ်၊ ကလန်း၊ ဂျိုဟိုး၊ အီပို့၊ ပူချုံး၊ ဘူကစ်ဘင်တန် စတဲ့မြို့တွေက စက်ရုံ၊ အလုပ်ရုံ၊ စားသောက်ဆိုင်၊ နေအိမ်တွေထဲထိ ၁၅ ကြိမ်လောက် ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။ အဲဒီလို စစ်ဆေးရာမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား နှစ်ရာကျော် ဖမ်းခံခဲ့ရတယ်လို့ မလေးရောက်မြန်မာနိုင်ငံသားတွေက ပြောပါတယ်။
မလေးရှားကို ရောက်နေတာ တစ်နှစ်ကျော်ပြီဖြစ်တဲ့ ကိုဇော်ကြီးက မလေးရှားအာဏာပိုင်တွေရဲ့ အော်ပရာစီစစ်ဆင်ရေးကြောင့် အလုပ်လုပ်ကိုင်ဖို့ ပိုပြီးကျပ်တည်းလာတယ်လို့ ပြောပါတယ်။
"အလုပ်ခွင်တွေမှာ ဝင်ဖမ်းတာ ဟိုနေ့က ကျွန်တော်တို့ဆီမှာဖမ်းတာက အလုပ်ပြန်ချိန် အဆောင်မှာ ဝင်ဖမ်းတာဗျ။ သူငယ်ချင်း နှစ်ယောက်၊ သုံးယောက်လောက် ပါသွားတယ်။ စိုးရိမ်မှုက အများကြီးရှိတာပေါ့။ အခုက နေရာတိုင်းလိုလို ဖမ်းဆီးမှုက တအား စိပ်တာကိုး။ ဒီအလုပ်သမားတွေအနေနဲ့လည်း အထောက်အထားကလည်း ဒီမှာ တရားဝင်လုပ်ဖို့က တော်တော်လည်း ခက်ခဲတယ်ဗျ။ ပါမစ်တွေ စာအုပ်တွေ လုပ်မယ်ဆိုရင်လည်း ငွေကုန်ကြေးကျလည်း အရမ်းများတယ်၊ ပြီးတော့ ခက်လည်းခက်ခဲတယ်"
တတိယနိုင်ငံသွားနိုင်ဖို့ မျှော်လင့်ရင်း နေထိုင်စားသောက်စရိတ်တွေအတွက် အလုပ်လုပ်ဖို့ လိုအပ်နေပေမဲ့လည်း ကိုဇော်ကြီးမှာ တရားဝင် အထောက်အထား မရှိတာကြောင့် ခက်ခဲနေပါတယ်။
ဆက်နွှယ်သောသတင်းများ
မလေးရှားမှာ မြန်မာနိုင်ငံသားတွေ အပါအဝင် လူ ၁၇၀၀ ကျော် ဖမ်းဆီးခံရ
မလေးရှားကို တရားမဝင်သွားတဲ့ မြန်မာတွေ အခက်အခဲကြုံနေ
စစ်မှုထမ်းဥပဒေကြောင့် မလေးရှားရောက်မြန်မာလူငယ်တွေ ခက်ခဲနေ
တတိယနိုင်ငံသွားဖို့ မျှော်လင့်ချက်နဲ့ မလေးရှားကို လာတဲ့သူတွေ များနေတာကြောင့် အလုပ်မရဘဲ ခက်ခဲနေသူတွေလည်း များလာတယ်လို့ ကချင်ပြည်နယ်ကနေ မလေးရှားကို တရားမဝင်လမ်းကြောင်းနဲ့ ရောက်နေတဲ့ မအချန်က ပြောပါတယ်။
"အလုပ်ကတော့ ရှာရခက်လာပြီ။ ဒီမလေးရှားမှာပဲ သုံး လေး ငါးလ အလုပ်မရတာတွေလည်း အများကြီးပဲ။ တချို့က ပွဲစားတွေကို ပိုက်ဆံပေးပြီး အလုပ်ရှာခိုင်းတဲ့သူတွေလည်း အများကြီး၊ လိမ်စားခံရတဲ့သူတွေလည်း အများကြီးပေါ့နော်။ အလုပ်ရှင်တွေကလည်း UN card ကိုင်ထားတဲ့သူတွေနဲ့ work permit ရှိတဲ့သူတွေကို ပိုပြီးတော့ ဦးစားပေး အလုပ်ခေါ်တာရှိတယ်။ မလေးရှားကလူတွေကလည်း မြန်မာနိုင်ငံက လူတွေအရမ်းများလာတော့ ပိုက်ဆံနည်းနည်းပဲပေးပြီး နင်လုပ်ချင်လုပ် မလုပ်ချင်ရင် မလုပ်နဲ့၊ အဲလိုမျိုးပုံစံနဲ့ ဆက်ဆံလာတဲ့ဟာရှိတယ် အခု"
စားသောက်ဆိုင်အလုပ်တွေကို နေစရိတ် စားစရိတ် အပြီးအစီးဆိုရင် အနည်းဆုံး မလေးရှားငွေ ရင်းဂစ် ၁၆၀၀ ကနေ ၁၈၀၀ မြန်မာငွေ ၂၀ သိန်းလောက်ရပြီး အလုပ်ချိန် အနည်းဆုံး ၁၀ နာရီက ၁၂ နာရီထိ လုပ်ရတယ်လို့ ပြောပါတယ်။
စက်ရုံအလုပ်တွေကတော့ တစ်ရက်ကို ရင်းဂစ် ၆၀ ကနေ ၈၀ ကြားပေးပြီး လခစားမဟုတ်ဘဲ အလုပ်လုပ်တဲ့ရက်ကို တွက်ပြီး လကုန်တိုင်း ပိုက်ဆံပေးကြတာဖြစ်တယ်လို့ ဆိုပါတယ်။
အထောက်အထားမဲ့ နေထိုင်သူနောက်တစ်ဦးဖြစ်တဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ကိုနော်အောန်ကလည်း တတိယနိုင်ငံသွားရဖို့ မျှော်လင့်ချက်နဲ့ မလေးရှားနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူပါ။ တရားမဝင် နေထိုင်နေရသူတွေဟာ ဘယ်အချိန်အဖမ်းခံရမလဲဆိုတဲ့ စိုးရိမ်စိတ်နဲ့ နေနေရတာကြောင့် တတိယနိုင်ငံ သွားခွင့်ရဖို့ အရေးကြီးတယ်လို့ ကိုနော်အောန်က ပြောပါတယ်။
"ကျွန်တော်တို့ ဒီနိုင်ငံကိုလာခဲ့တယ်ဆိုတာလည်း ကျွန်တော်တို့ကိုယ်တိုင်က တတိယနိုင်ငံကို သွားချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လာခဲ့တာပေါ့နော်။ ရောက်တာ တစ်နှစ်နီးပါးရှိလာပြီ။ ဒါပေမဲ့ register လုပ်ထားတာလည်း UN Card တောင်မရသေးဘူး။ အခုကဒီမှာနေလည်း မလုံခြုံဘူး၊ ကျွန်တော်တို့ နိုင်ငံကိုပြန်မယ်ဆိုလည်း ကျွန်တော်တို့ ကိုယ်တိုင်ကိုက လောလောဆယ် ရှောင်တိမ်းနေရတဲ့လူအထဲမှာ ပါတယ်ဆိုတော့ လုံခြုံတဲ့အသိုင်းအဝိုင်းတစ်ခု ရောက်ချင်တဲ့အခါကျတော့ (တတိယနိုင်ငံသွားဖို့) က တကယ်လို့ မျှော်လင့်တဲ့အရာ ဖြစ်တယ်ပေါ့"
UNHCR ရုံးမှာ မှတ်ပုံတင်ထားတဲ့ မလေးရှားရောက် မြန်မာနိုင်ငံသားတွေကို UNCHR က ရွေးချယ်ပြီး ပထမအဆင့် Asylum seeker card လို့ခေါ်တဲ့ ယာယီခိုလှုံခွင့်ကတ် အရင်ထုတ်ပေးပါတယ်။ အဲဒီနောက် အင်တာဗျူးထပ်ဖြေပြီးရင်တော့ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုလိုက်တဲ့ကတ်ကို ပြန်ထုတ်ပေးတာဖြစ်ပါတယ်။
"အခုကဒီမှာနေလည်း မလုံခြုံဘူး၊ ကျွန်တော်တို့ နိုင်ငံကိုပြန်မယ်ဆိုလည်း ကျွန်တော်တို့ ကိုယ်တိုင်ကိုက လောလောဆယ် ရှောင်တိမ်းနေရတဲ့လူအထဲမှာ ပါတယ်ဆိုတော့ လုံခြုံတဲ့အသိုင်းအဝိုင်းတစ်ခု ရောက်ချင်တဲ့အခါကျတော့ (တတိယနိုင်ငံသွားဖို့) က တကယ်လို့ မျှော်လင့်တဲ့အရာ ဖြစ်တယ်ပေါ့"
အဲဒီနောက်မှာတော့ ကိုယ်သွားမဲ့ နိုင်ငံရွေးရပြီး အင်တာဗျူးတွေ အဆင့်ဆင့်ဖြေဆိုပြီးမှ တတိယနိုင်ငံကို ထွက်ခွာခွင့်ရတာဖြစ်ပါတယ်။
တတိယနိုင်ငံသွားဖို့ လျှောက်ထားတဲ့ မြန်မာနိုင်ငံသားတွေ UNHCR အကူအညီရတာ နည်းလာတာကြောင့် ခက်ခဲနေကြတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မလေးရှားရောက် မြန်မာနိုင်ငံသားတွေကို ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။
"ဒီမှာအခက်အခဲတွေကတော့ တော်တော်များတယ် ဖမ်းဆီးမှုတွေက အရမ်းကို စိပ်လာတယ်။ ဖမ်းခံရတဲ့ လူဦးရေလည်း များတယ်။ ပြန်ပို့ခံရတဲ့သူတွေလည်းရှိတယ်၊ မြန်မာပြည်ကို ပြန်ပို့ခံရတဲ့သူ။ ပြီးတော့ နောက်တစ်ခုကတော့ UN card ရတဲ့သူတွေက အရမ်းနည်းတယ်။ မြန်မာပြည်က ဒုက္ခသည်တွေ ရသင့်တဲ့ အနေအထားထက် လျှော့တာပေါ့နော်၊ အဲလိုတွေ့ရတယ်။ UN card ရှိပြီးမှ တတိယနိုင်ငံကို မသွားရဘဲ ကြန့်ကြာတဲ့သူတွေလည်း အများကြီးရှိတယ် ဒီမှာ"
UNHCR အကူအညီနဲ့ တတိယနိုင်ငံ သွားခွင့်ရဖို့ မျှော်လင့်ချက် မဲ့လာတာကြောင့် တချို့ဆိုရင် စိတ်ဓာတ်ကျပြီး မူးယစ်ဆေးဝါးသုံးစွဲလာတဲ့ လူငယ်တွေ များလာသလို ကျန်းမာရေး ချို့တဲ့လာတဲ့သူတွေလည်း များလာတယ်လို့ သူက ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး မလေးရှားက မြန်မာသံရုံးနဲ့ မြန်မာနိုင်ငံက မလေးရှား သံရုံးအပြင် UNHCR တို့ကို RFA က အီးမေးလ်ကတစ်ဆင့် ဆက်သွယ်ထားပေမဲ့ ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။
RFA က ပြုစုထားတဲ့စာရင်းတွေအရ ၂၀၂၄ နှစ်ဆန်းပိုင်းကနေ သြဂုတ်လ ၁၃ ရက်နေ့အထိ မလေးရှားနိုင်ငံ ပြည်နယ် နေရာတော်တော်များများမှာ တရားမဝင်နေထိုင်တဲ့ မြန်မာနိုင်ငံသားနှစ်ထောင်ဝန်းကျင် ဖမ်းဆီးခံထားရပါတယ်။