အာဏာသိမ်းပြီးနောက် မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ် တစ်သိန်းနီးပါးရှိလာ

RFA Burmese
2024.07.23
အာဏာသိမ်းပြီးနောက် မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ် တစ်သိန်းနီးပါးရှိလာ ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်၊ ဆားချောင်းရွာရှိ မီးလောင်ပျက်စီးနေသည့် နေအိမ်အချို့ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်ကို တွေ့ရစဉ်။
သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂

[Update: 4: 37 PM, July 24, 2024]

စစ်တပ်အာဏာသိမ်း ကာလအတွင်း စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးတာကြောင့် အရပ်သားနေအိမ် တစ်သိန်းနီးပါး ( ၉၅,၄၅၀ လုံး) ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မီးရှို့ဖျက်ဆီးခံရမှုတွေကို စောင့်ကြည့် မှတ်တမ်းတင်နေတဲ့ Data for Myanmar အဖွဲ့က ဇူလိုင်လ ၂၄ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

အာဏာ စသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် ဇွန်လကုန်အထိ ကောက်ယူထားတဲ့စာရင်းအရ မီးရှို့ခံရတဲ့ နေအိမ် အရေအတွက် စုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းက စစ်ကိုင်းတိုင်းထဲကဖြစ်ပြီး အများဆုံး မီးရှို့ဖျက်ဆီးခံရတဲ့ ဒေသဖြစ်ပါတယ်။

"ချွေးနဲ့ သွေးနဲ့ တည်ဆောက်ထားတဲ့ ဟာလေးတွေက နာရီပိုင်း အတောအတွင်းမှာ မီးရှို့ခံလိုက်ရတယ်"

ဒီနှစ် မတ်လအတွင်း နေအိမ်မီးရှို့ခံထားရတဲ့ စစ်ကိုင်းတိုင်း မုံရွာမြို့နယ် သက္ကကျင်းရွာခံတစ်ဦးက သူစုဆောင်းထားသမျှ မီးထဲအကုန်ပါသွားတာကြောင့် အိမ်ပြန်မဆောက်နိုင်သေးဘူးလို့ ပြောပါတယ်။

“လောလောဆယ်တော့ ဆောက်ဖြစ်ဖို့က မလွယ်သေးဘူးပေါ့ဗျာ။ ဘာလို့တုန်းဆိုတော့ ဒီနားက နီးလည်း နီးတော့ကျတော့ သူတို့ (စစ်ကောင်စီတပ်) က အမြဲတမ်း အဝင်အထွက်က များနေတာလေ။ ဒီ့ပြင်ရွာလေး တွေလည်း မရှို့ခံစေချင်ဘူး။ ဒီဒုက္ခကြီးက တော်တော်ကို ဆိုးတာကိုးဗျ။ ရှိသမျှပစ္စည်းတွေလည်း အကုန်ပြောင်ပေါ့ဗျာ”

၂၀၂၄ ခုနှစ် မတ်လ ၁၄ ရက်နေ့က သက္ကယ်ကျင်းရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းမီးရှို့ခဲ့တာကြောင့် အိမ်ခြေလေးရာနီးပါး မီးလောင်ပျက်စီးခဲ့ပြီး အခုချိန်ထိ အိမ်ပြန် မဆောက်နိုင်သေးတာကြောင့် တဲထိုးပြီးနေကြရ တယ်လို့ သူက ဆိုပါတယ်။

Data for Myanmar ရဲ့စာရင်းတွေအရ စစ်ကိုင်းတိုင်းက နေအိမ် ခုနစ်သောင်းနီးပါး(၆၇,၅၈၉) မီးရှို့ဖျက်ဆီး ခံခဲ့ရပြီး မကွေး၊ မန္တလေး၊ ရခိုင်နဲ့ ချင်း စတဲ့ တိုင်းနဲ့ ပြည်နယ်တွေက နေအိမ်ပေါင်း နှစ်သောင်းကျော်(၂၂,၇၂၉) ဖျက်ဆီးခံခဲ့ရပါတယ်။

အာဏာစသိမ်းတဲ့ ၂ဝ၂၁ ခုနှစ်မှာ နေအိမ် နှစ်ထောင်ကျော်(၂,၁၁၁)၊ ၂ဝ၂၂ ခုနှစ်မှာ လေးသောင်းခွဲကျော် (၄၆,၈၅၆)၊ ၂ဝ၂၃ ခုနှစ်မှာ သုံးသောင်းကျော်(၃၁,၄၈၄) မီးရှို့ခံခဲ့ရတယ်လို့ Data for Myanmar က ဖော်ပြပါတယ်။

ဒီနှစ် ပထမခြောက်လအတွင်းမှာတော့ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်အရေအတွက်က တစ်သောင်းခွဲနီးပါး (၁၄,၉၆၂) ရှိပါတယ်။ ဒီနှစ်အတွင်း ရခိုင်ပြည်နယ်မှာ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်အရေအတွက် တိုးလာတယ်လို့လည်း ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အနောက်ခြမ်း ကျေးရွာတစ်ရွာရှိ နေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရသည်ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အနောက်ခြမ်း ကျေးရွာတစ်ရွာရှိ နေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရသည်ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကတော့ စစ်ကောင်စီဟာ စစ်ရေး၊ နိုင်ငံရေး အဘက်ဘက်က ရှုံးနိမ့်နေတာကြောင့် အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ပြည်သူကို ရန်သူလို ဆက်ဆံနေတာလို့ ဝေဖန်ပါတယ်။

“မီးရှို့ဖျက်ဆီးခံရတယ်ဆိုတာကတော့ သူတို့ကဘာလဲဆိုတော့ ပြည်သူ့စစ်မဟာဗျူဟာမှာ သူတို့က အောက်ခြေ ပြည်သူ့စစ် မတည်ဆောက်နိုင်တဲ့အတွက်၊ ပြည်သူတွေက သူတို့ဘက်မှာ မပါတဲ့အတွက် အားလုံးဖျက်ဆီးတာပဲ အဓိက ကတော့”

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပမေဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။ စစ်ကောင်စီကတော့ အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ မရှိဘူးလို့ အကြိမ်ကြိမ်ငြင်းဆိုထားပါတယ်။

Data for Myanmar ကတော့ လက်နက်ကိုင်ခုခံတော်လှန်စစ်အားကောင်းတဲ့ ဒေသတွေက အရပ်သားတွေရဲ့ နေအိမ်တွေ၊ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ မြို့ရွာဒေသတွေနဲ့ တော်လှန်ရေးအင်အားစုတွေကို ထောက်ခံတဲ့ ရွာတွေကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထောက်ပြထားပါတယ်။



ဆက်နွှယ်သောသတင်းများ

နွားထိုးကြီးမြို့နယ် ပဲခင်းကြီးရွာက နေအိမ် ခြောက်ဆယ်ခန့် မီးရှို့ခံရ

မုံရွာမြို့ သက္ကယ်ကျင်းရွာ မီးရှို့ခံရမှု လူ သုံးဦးသေဆုံးပြီး ဒေသခံငါးဆယ်ခန့် ဖမ်းဆီးခံထားရ


နေအိမ်ဆုံးရှုံးလိုက်ရသူတွေဟာ လက်လုပ်လက်စား အခြေခံလူတန်းစားတွေ ဖြစ်တာကြောင့် ပြန်လည်ထူထောင်နိုင်ဖို့ အလှမ်းဝေးနေတယ်လို့ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အခြေစိုက် အညာပစ်တိုင်းထောင်လေးများအဖွဲ့ တာဝန်ရှိသူ မဖူးပွင့်ဝေက ပြောပါတယ်။

“သူတို့ မီးရှို့ခံလိုက်ရတဲ့သူတွေဆိုရင် လက်လုပ်လက်စားတွေများတယ်ပေါ့နော်။ ချွေးနဲ့ သွေးနဲ့ တည်ဆောက်ထားတဲ့ ဟာလေးတွေက နာရီပေါင်းအတောအတွင်းမှာ မီးရှို့ခံလိုက်ရတယ်။ အဲလိုမျိုးဆိုတဲ့ကျတော့ အကုန်လုံးကဒါ လက်လုပ်လက်စားလည်းဖြစ်တဲ့အခါမှာ အိုးမဲ့အိမ်မဲ့နဲ့ဆိုတော့ ပြန်လည်ထူထောင်ရေးမှာ အခက်အခဲတွေသွားဖြစ်တယ်”

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် ပဲခင်းကြီးရွာက နေအိမ်မီးရှို့ခံလိုက်ရလို့ ဘေးလွတ်ရာ တောတောင်တွေထဲ တဲထိုးနေရတဲ့ ဒေသခံတစ်ဦးကတော့ အာဏာသိမ်းကာလ လွန်မြောက်မှပဲ အိမ်ပြန်ဆောက်နိုင်တော့မယ်လို့ ပြောပါတယ်။

“အိမ်သာတောင် မကျန်တော့ကျတော့ အရိပ်ကောင်းတဲ့နေရာလေးကပ်ရပ်ပြီး အေးတဲ့နေရာလေး နေရထိုင်ရတာပေါ့။ တစ်ခါတလေလည်း ညမိုးရွာတဲ့အခါကျတော့ မိုးကာလေး ဘာလေးနဲ့ ခြုံနေရတာပေါ့။ စားဖို့အတွက် ချက်စားစရာ ခွက်တောင် မကျန်တော့ဘူး။ အကုန်လုံးမီးရှို့သွားတာဆိုတော့။ ဒီခေတ်အခါကြီးပြီးမှပဲ ဆောက်နိုင်တော့မှာပဲ ဒီခေတ်အခါကြီး မပြီးမချင်း မဆောက်နိုင်တော့ပါဘူး”

ဒီနှစ်အတွင်း တိုက်ပွဲတွေမှာ တော်လှန်ရေးအင်အားစုတွေကလည်း မကွေးနဲ့ မန္တလေးတိုင်းထဲက ပျူစောထီးကျေးရွာတချို့ကို စီးနင်းတိုက်ခိုက်ပြီး အရပ်သားနေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့အကြောင်း တော်လှန်ရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေမှာ တွေ့လာရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

လက်နက်ကိုင်မဟုတ်တဲ့ အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာဟာ လက်နက်ကိုင်ပဋိပက္ခတွေကို ချုပ်ငြိမ်းသွားစေမှာမဟုတ်ဘဲ ပြည်တွင်းစစ်မီးပဲ ပိုတောက်လောင်လာမှာဖြစ်ပြီး အိုးအိမ်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေဟာ လူမှုစီးပွားဒုက္ခတွေအပြင် စိတ်ဒဏ်ရာတွေကို ကုစားနိုင်ဖို့ နှစ်ပေါင်းများစွာ အချိန်ကြာနိုင်တယ်လို့ Data For Myanmar က ဆိုပါတယ်။

ဒါ့အပြင် ယဉ်ကျေးမှုနဲ့ သမိုင်းဆိုင်ရာအမွေအနှစ်တွေ၊ မှတ်တမ်းမှတ်ရာတွေလည်း ပျက်စီးဆုံးရှုံးနိုင်တယ်လို့ ထောက်ပြပါတယ်။

လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ အရပ်သားနေအိမ်တွေကို ပစ်မှတ်ထား တိုက်ခိုက်တာ၊ မီးရှို့ဖျက်ဆီး တာတွေ အမြန်ဆုံးရပ်တန့်ဖို့နဲ့ အရပ်သားတွေ အထိအခိုက်နည်းအောင် စစ်ရေးကျင့်ဝတ်တွေကို အတတ်နိုင်ဆုံး လိုက်နာကြဖို့ Data For Myanmar က တိုက်တွန်းပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေအနနဲ့လည်း အရပ်သားနေအိမ်တွေမီးရှို့ဖျက်ဆီးခံနေရတာတွေ အမြန်ဆုံး ရပ်တန့်အောင် ဖိအားပေးတိုက်တွန်းကြဖို့လည်း Data For Myanmar က တောင်းဆိုထားပါတယ်။

(မှတ်ချက် - နေအိမ်မီးရှို့ဖျက်ဆီးခံရသည့် ဒေသခံပြည်သူ၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်နှင့် စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတို့၏ ပြောဆိုချက်များကို ထပ်မံဖြည့်စွက် ရေးသားထားသည်။)

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
စစ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်နိုင်ရေး ကူညီကြဖို့ IIMM တိုက်တွန်း
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။