ကလေးမြို့မြောက်ပိုင်းက အိမ်မီးရှို့ခံရသူတွေ အကူအညီလိုအပ်နေ
2024.05.06
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်မြောက်ပိုင်းကရွာတွေမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီးမီးရှို့လို့ အိမ်ခုနစ်ရာနီးပါး မီးလောင်ပြာကျခဲ့သလို၊ လူရှစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေနဲ့ အကူအညီပေးနေတဲ့သူတွေက ပြောပါတယ်။
သူတို့ဟာ တီးတိန်မြို့နယ်၊ အိန္ဒိယနယ်စပ်နဲ့ တခြားဘေးလွတ်မယ့်ရွာတွေမှာနေရပြီး ဆေးနဲ့ စားသောက်စရာတွေ လိုနေတယ်လို့ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီနေတဲ့သူ တစ်ဦးက RFA ကို ပြောပါတယ်။
"နီးစပ်ရာတောတောင်တွေနဲ့ တောင်ပေါ်ရွာတွေ ပြီးလို့ရှိရင် အများစုကတော့ အိန္ဒိယနယ်စပ်ဘက်ကို ပြေးကြတာများတယ်။ သူတို့ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးတွေ အတွက်က ကျန်မာရေးဆိုင်ရာ ထောက်ပံ့မှုက အရေးပေါ် လိုအပ်မယ်။ စစ်ဘေးရှောင်တွေအတွက် အခြေခံစားသောက်ကုန်တွေပေါ့၊ အရေးပေါ်လိုအပ်မယ်။ အဓိက ပူပြင်းတဲ့ရာသီဆိုတော့ ဓာတ်ဆားတို့ လိုအပ်မယ်"
အဲဒီဒေသမှာ ဧပြီ ၅ ရက်ကနေ မေလ ၁ ရက်ကြားမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်ခဲ့ပြီး၊ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားတာလို့လည်း ပြောကြပါတယ်။ မေလ ၁ ရက်နေ့မှာလည်း ကလေးခရိုင် စစ်ဒေသ (၁) အပါအဝင် CDF/ KKG / CNDF စတဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ကလေးမြို့ မြောက်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တို့ ပြည်တော်သာရွာမှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ပြောကြပါတယ်။
ဒီအခြေအနေကြောင့် ကလေးမြို့နယ် မြောက်ပိုင်း ရွာတွေက ပြည်သူတွေ ထွက်ပြေးနေရတာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ကျွန်တော်တို့လည်း ပြေးနေရတယ်။ မြောက်ပိုင်းက ညောင်တော၊ ဆည်ကြီး၊ မော်စီ၊ပျဉ်းခုံကြီး၊ ပျဉ်းခုံလေး၊ ယောက်ချိုကွင်း၊ မိုင်နွဲ အဲဒီရွာတွေက ဒေသခံတွေ ထွက်ပြေးကြတယ်။ အခုလည်း ပြည်တော်သာရွာက ဒေသခံတွေလည်း ထွက်ပြေးနေရတယ်"
အိမ်ခြေငါးရာနီးပါးရှိတဲ့ ပျဉ်းခုံကြီးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့လို့ ခရစ်ယာန်ဘုရားကျောင်းတွေ အပါအဝင် အိမ် ၄၅၀ လောက် မီးလောင်ပြာကျခဲ့သလို၊ ပျဉ်းခုံလေးရွာမှာ အိမ်နှစ်ရာနီးပါးနဲ့ တခြားရွာက အိမ်တချို့အပါအဝင် စုစုပေါင်းပျက်စီးသွားတဲ့အိမ် ခုနစ်ရာနီးပါးရှိတဲ့အကြောင်း ဧပြီ ၂၃ ရက်မှာ RFA က တင်ပြခဲ့ပါတယ်။
"ဆုံးသွားတဲ့သူတွေကို သင်္ဂြိုဟ်တဲ့အချိန်မှာ သတင်းပေးတွေရှိလို့လား အသုဘချတဲ့ချိန်မှာ လက်နက်ကြီးထု အပြစ်မဲ့ပြည်သူတွေ နှစ်ယောက် ထပ်သေဆုံးတာလည်းရှိတယ်"
ဧပြီလ ၂၄ နဲ့ ၂၅ ရက်နေ့မှာလည်း ပျဉ်းတော်ဦးရွာမှာ စစ်ကောင်စီတပ်ကပစ်တဲ့ လက်နက်ကြီးထိမှန်လို့ အရပ်သားတွေသေဆုံးခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"လက်နက်ကြီးကြောင့် ပျဉ်းတော်ဦးက ပြည်သူ ဆယ်ယောက်ထိတယ်။ ဆယ်ယောက်ထိတော့ ငါးယောက်က ဆုံးသွားတယ်။ ဆုံးသွားတဲ့သူတွေကို သင်္ဂြိုဟ်တဲ့အချိန်မှာ သတင်းပေးတွေရှိလို့လား အသုဘချတဲ့ချိန်မှာ လက်နက်ကြီးထု အပြစ်မဲ့ပြည်သူတွေ နှစ်ယောက် ထပ်သေဆုံးတာလည်းရှိတယ်"
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီးဦးညွန့်ဝင်း အောင်ကို RFA ကဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
ဖေဖော်ဝါရီ၊ မတ်၊ ဧပြီအတွင်း ကလေးမြို့နယ်မှာ အသက်ဆုံးရှုံးရတဲ့အရပ်သား ရှစ်ဆယ်လောက် ရှိခဲ့တယ်လို့ ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီအဖွဲ့က RFA ကို ပြောပါတယ်။
ကလေးမြို့နယ်မှာ စစ်ကောင်စီရဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒစက) နဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) စစ်ဌာနချုပ်နှစ်ခု အထိုင်ချထားပြီး၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေကလည်း ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပါတယ်။