ယင်းမာပင်မြို့မှာ နေအိမ် ၂၅၀ ကျော် မီးရှို့ခံရပြီး ဒေသခံ ခုနစ်ထောင်ကျော် ထွက်ပြေးနေရ

2022.08.22
Share on WhatsApp
Share on WhatsApp
ယင်းမာပင်မြို့မှာ နေအိမ် ၂၅၀ ကျော် မီးရှို့ခံရပြီး ဒေသခံ ခုနစ်ထောင်ကျော် ထွက်ပြေးနေရ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကပိုင်ရွာနှင့် သီးကုန်းရွာမှ ပြည်သူတွေ ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့က ဘေးလွတ်ရာကို ထွက်ပြေးနေကြစဉ်
Photo: Citizen Journalist

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် အနောက်မြောက်ပိုင်းမှာရှိတဲ့ ရွာသုံးရွာကို ဩဂုတ်လ ၁၈ ရက်နေ့နဲ့ ၁၉ ရက် နှစ်ရက်အတွင်း စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် စုစုပေါင်းနေအိမ် ၂၅၅ လုံး မီးလောင်ပျက်စီးခဲ့ပြီး သုံးရွာစလုံးက လူ ခုနစ်ထောင်လောက် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးရှို့ခံရတာကြောင့် အိမ်ခြေ ရှစ်ရာဝန်းကျင်ရှိတဲ့ ကပိုင်ရွာက (ဂပိုင်ရွာ) နေအိမ် ၂၀၆ လုံး၊ အိမ်ခြေနှစ်ရာဝန်းကျင်ရှိတဲ့ ပေါင်းဝရွာက နေအိမ် ၄၂ လုံးနဲ့ နောက်ထပ် အိမ်ခြေရှစ်ရာ နီးပါးရှိတဲ့ သီးကုန်းရွာက ခုနစ်အိမ် စုစုပေါင်း ၂၅၀ ကျော် မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဩဂုတ် ၁၈ ရက်နေ့ ညနေပိုင်းမှာ ကပိုင်ရွာနဲ့ သီးကုန်းရွာကို ပထမအကြိမ် ဝင်ရောက်မီးရှို့ခဲ့ပြီး နောက်နေ့ မနက်ပိုင်းမှာ ဒုတိယအကြိမ် မီးထပ်ရှို့ခဲ့တာ လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ယင်းမာပင် မြို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ညနေပိုင်းလည်း ရှို့တယ်။ မနက်ပိုင်းလည်းရှို့တယ်။ ပြည်သူတွေကတော့ လောလော ဆယ် ပြေးပြီးတော့ တခြားမှာ ရှောင်နေရတယ်ဗျ။ ရောက်တဲ့သူတွေလည်း အနည်း အကျဉ်းတော့ ပြန်ရောက်တယ်။ မရောက်တဲ့သူတွေက မရောက်သေးဘူး။ အိမ်မပြန်နိုင် ကြသေးဘူးဗျ။ ပြန်လို့မရသေးဘူး။ အဲဒီ ကပိုင်နဲ့ မလှမ်းမကမ်းရွာ သလောက်ရွာမှာပဲ စစ်ကောင်စီတပ်က ရှိသေးတယ်လေ"

စစ်ကောင်စီတပ်သားတွေဟာ ပေါင်းဝရွာကိုလည်း ဆက်လက်ဝင်ရောက် မီးရှို့ခဲ့တာ ကြောင့် ရွာသုံးရွာက ဒေသခံ ခုနစ်ထောင်ခန့်ဟာ လက်ရှိ ဘေးလွတ်ရာကို ထွက်ပြေးနေရ ပြီး နေရပ်မပြန်နိုင်သေးဘဲ အခက်အခဲတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။

မီးရှို့ခံရတဲ့ ကပိုင်၊ သီးကုန်းနဲ့ ပေါင်းဝရွာတွေ တစ်ဝိုက်ကို စစ်ကောင်စီဘက်က ဒီရက်ပိုင်း မှာပဲ တယ်လီဖုန်းလိုင်း လုံးဝဖြတ်တောက်လိုက်ပြီး ဒီအချက်အလက်တွေကိုတော့ ဖုန်းလိုင်းမဖြတ်ခင်မှာပဲ RFA က ရခဲ့တာပါ။

ဝင်ရောက်မီးရှို့တဲ့ စစ်ကောင်စီတပ်သားတွေဟာ အရပ်ဝတ်တွေနဲ့ဖြစ်ပြီး စစ်တပ်ထုတ် MA စီးရီး သေနတ်တွေကို ကိုင်ထားတယ်လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

"ရင်ပေါင်တိုင်ကို စဝင်ကတည်းက ရဟတ်ယာဉ်နဲ့ ချကတည်းက ယူနီဖောင်း မပါဘူးဗျ။ တစ်ယောက်မှကို ယူနီဖောင်း ဝတ်မထားတာ။ အရပ်ဝတ်တွေနဲ့ချည်းပဲ အကုန်လုံး။ ဝတ်ထားတဲ့ တစ်ယောက်ဆိုလည်း ဓားစာခံတွေ မြင်ခဲ့တာအရ အသက်နည်းနည်း ကြီးနေပြီလို့ ပြောတယ်။ ယူနီဖောင်း ဝတ်ထားတဲ့ပေါ်မှာ ဘတ်တံဆိပ်လည်း မပါဘူး။ အမှတ်အသား ဘာတစ်ခုမှ မပါဘူးပေါ့နော်။ ပြည်သူ့စစ်ပုံစံမျိုး အသွင်ယူပြီးတော့ စစ်ကြောင်းတက်လာတာဖြစ်တဲ့အတွက် သူတို့ဘက်က ဗျူဟာတစ်မျိုး ပြောင်းနေပြီလို့ ကျနော်တို့ ယူဆရတယ်။ ဒါက ပုံမှားရိုက်တဲ့ သဘောတွေလည်း လုပ်လာတော့မယ် ပေါ့နော်"

စစ်ကောင်စီဟာ အဲဒီဒေသတစ်ဝိုက်ကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကတည်းက အင်တာနက် လိုင်း ဖြတ်ထားသလို ဖုန်းလိုင်းလည်း ဆက်သွယ်မရတာတွေရှိခဲ့ပြီး လက်ရှိမှာတော့ ဖုန်းလုံးဝဆက်လို့ မရတော့ဘူးလို့ ဆိုပါတယ်။

"ရင်ပေါင်တိုင်ကို စဝင်ကတည်းက ရဟတ်ယာဉ်နဲ့ချကတည်းက ယူနီဖောင်း မပါဘူးဗျ။ တစ်ယောက်မှကို ယူနီဖောင်း ဝတ်မထားတာ။ အရပ်ဝတ်တွေနဲ့ချည်းပဲ အကုန်လုံး"

စစ်ကောင်စီတပ်ဟာ တော်လှန်ရေးအားကောင်းတဲ့ နေရာတွေကို အဓိကထားပြီး မီးရှို့ ဖျက်ဆီးနေတာလို့ ကနီ၊ ယင်းမာပင် ဒေသတစ်ဝိုက်မှာရှိတဲ့ လုံခြုံရေးအရ အမည်မဖော်လို တဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"PDF အားကောင်းတယ်လို့ ယူဆရတဲ့ ဒေသတွေကို စစ်ကြောင်းထိုးတယ်။ ပြီးတော့ NLD ထောက်ခံသူတွေနဲ့ NLD နေအိမ်တွေကို ပစ်မှတ်ထားပြီး အဲဒီလို အကြမ်းဖက်မှု တွေ လုပ်တာ တွေ့ရတယ်။ နောက်တစ်ခုကတော့ ချင်းတွင်းမြစ်ဘေး ဝဲ၊ ယာမှာဆိုရင် ယခင်တုန်းက တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တဲ့ နေရာမျိုးတွေ စစ်ကြောင်း ထိုးတာမျိုးတွေ တွေ့ရတယ်ပေါ့"

သုံးရွာစလုံးကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့သွားတာလို့ ဒေသခံတွေက ပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်က တုံ့ပြန်မှုရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းနဲ့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း လူမှုရေးဝန်ကြီးကို RFA က ဖုန်းခေါ်ဆိုခဲ့ပေမယ့် ဒီနေ့ညနေပိုင်းအထိ ဆက်သွယ်လို့ မရသေးပါဘူး။

ဒါပေမဲ့ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ စစ်ကောင်စီတပ်သားတွေအနေနဲ့ ရွာတွေကို မီးရှို့တာ ဘယ်တော့မှ မလုပ်ဘူးလို့ ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့ RFA က မေးမြန်းချိန်မှာ ငြင်းဆိုထားပါတယ်။

yinmarbin-refugee-flee.jpg
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကပိုင်ရွာနှင့် သီးကုန်းရွာမှ ပြည်သူတွေ ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့က ဘေးလွတ်ရာကို ထွက်ပြေးနေကြစဉ် (Photo: CJ)

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း စစ်ကောင်စီတပ်သား တွေက နေအိမ်တွေကို မီးရှို့ဖျက်ဆီးတယ်ဆိုတာ မဖြစ်နိုင်သလို လုပ်မှာလည်းမဟုတ်ဘူး လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံချိန် ငြင်းဆိုခဲ့ကြောင်း ဩဂုတ်လ ၁၉ ရက်နေ့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ရဲ့ ဩဂုတ်လ ၁ ရက်နေ့ ထုတ် အစီအရင်ခံစာအရ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းဟာ စစ်ဘေး ဒုက္ခသည်ပေါင်း လေးသိန်းခုနစ်သောင်းကျော်နဲ့ တစ်နိုင်ငံလုံးမှာ အများဆုံး ဖြစ်နေပါတယ်။

ဒါ့အပြင် သုတေသန အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Data For Myanmar ရဲ့ ၂၀၂၂ ခုနှစ် မေလအထိ စာရင်းအရ မြန်မာတစ်နိုင်ငံလုံးမှာ နေအိမ်ပေါင်း တစ်သောင်းရှစ်ထောင်ကျော် (၁၈,၈၈၆) မီးရှို့ဖျက်ဆီးခံခဲ့ရသလို ဒီထဲမှာ စစ်ကိုင်းတိုင်းက အိမ်ပေါင်း တစ်သောင်း သုံးထောင်ကျော် ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။