သိမ်းထားတဲ့မြို့တွေက ပြည်သူတွေ လေကြောင်းရန် ကြောက်လန့်ဆဲ
2024.09.16
ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းက တော်လှန်ရေးတပ်တွေ သိမ်းထားတဲ့မြို့တွေမှာ အုပ်ချုပ်ရေး ယန္တရားတွေစတင်နေပြီလို့ပြောကြပေမဲ့ စစ်ကောင်စီရဲ့လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်က ဒေသခံ ပြည်သူတွေကို ခြောက်လှန့်နေဆဲ ဖြစ်ပါတယ်။ ဒီအကြောက်တရားကြောင့် ဒေသခံတချို့ နေရပ်မပြန်ရဲကြသေးပါဘူး။
ပြည်သူ့ကာကွယ်ရေးတပ်တွေ ဇူလိုင်လ ၂၀ ရက်နေ့က သိမ်းလိုက်တဲ့ မန္တလေးတိုင်း စဥ့်ကူးမြို့ မှာ စစ်ကောင်စီတပ်က တန်ပြန်တိုက်ခိုက်မှာကိုစိုးရိမ်တဲ့အတွက် အိမ်မပြန်ရဲသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အစောပိုင်းကတော့ နည်းနည်းငြိမ်သွားပြီဆို ပြန်လာကြတယ်။ လာပြီးတဲ့အခါကျတော့ လေယာဉ်ဝဲတာနဲ့ လက်နက်တွေလည်း ကျောက်မြောင်းဘက်ကလည်း ပြန်ပစ်နေတာပေါ့နော် အသက်အန္တရာယ် အာမခံလို့ မရသေးတော့ ပြန်ပြီးတော့ထွက်ကုန်တာ။ ၈ လပိုင်းကုန်က လက်နက်ကြီးတွေနဲ့ပစ်နေတော့ ပြန်ပြီး လွတ်ရာကို ရှောင်နေကြတာပေါ့နော်”
စဥ့်ကူးမြို့နယ် သီလှရွာကို သြဂုတ်လ ၃၁ ရက်နေ့ ညပိုင်းမှာ ဧရာဝတီမြစ်တစ်ဖက်ကမ်း ကျောက်မြောင်းမြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ကလေးနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဩဂုတ်လ ၁၂ ရက်နေ့မှာ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ်လိုက်တဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့မှာ အုပ်ချုပ်ရေးယန္တရားတွေ မလုပ်နိုင်သေးသလို၊ လေကြောင်းရန် ကြောက်နေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အခြေအနေက သိပ်မငြိမ်တဲ့အခါကျတော့ ဒေသခံတွေကလည်း တောထဲမှာပြေးနေကြတုန်းပဲ။ ကျောင်းတွေဘာတွေလည်း မဖွင့်နိုင်သေးဘူး။ ဖွင့်လည်းမဖွင့်ရဲသေးဘူး။ လေယာဉ်နဲ့ကြဲသွားမှ ထွက်ပြေးနေရမယ်”
မိုးကုတ်မြို့ကိုလည်း TNLA နဲ့ ပူးပေါင်းတပ်တွေက ဇူလိုင် ၂၄ ရက်နေ့က သိမ်းယူလိုက်တာပါ။ အဲဒီမှာအုပ်ချုပ်ရေးနဲ့ ပြည်သူ့ကျန်းမာရေးပိုင်းတွေကို ဆောင်ရွက်နေပြီဖြစ်ပေမဲ့ လေယာဉ်သံကြားရင် စိုးရိမ်နေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မြို့ထဲက နေမကောင်း မကျန်းမာတဲ့သူတွေ ဆေးပေး ဆေးယူ။ အဲလိုတော့ ရှိတယ်။ စားဝတ်နေရေးပိုင်း စီးပွားရေးပိုင်း အဲလိုလည်းပဲ စိုးရိမ်ရတာပေါ့။ နေလို့ကတော့ လွတ်လပ်တဲ့နေရာလိုဖြစ်သွားပြီပေါ့။ လေယာဉ်သံကြားရင်တော့ နည်းနည်းစိုးရိမ်တယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ ဗုံးတွေဘာတွေ လာကြဲမှာ ကြောက်ကြတယ်။ ဘာလို့လဲဆို မိုးမိတ်တွေ၊ ကျောက်မဲတို့လည်း တိုက်ပွဲမရှိဘဲ ဗုံးလာကြဲတာတွေ ကြားနေရလို့လေ"
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) လက်အောက်ရောက်သွားတဲ့ မြို့တွေရဲ့ အခြေအနေ မေးကြည့်တဲ့အခါ၊ သူတို့အနေနဲ့ လုပ်နိုင်တဲ့ကဏ္ဍကို တဖြည်းဖြည်းဆောင်ရွက်နေတယ်လို့ ပြောခွင့်ရသူ လွေးယေဦး က ပြောပါတယ်။
“အခု လက်ရှိထိန်းထားတဲ့ ကျောက်မဲ၊ မိုးမိတ်၊ နောင်ချို၊ မိုးကုတ်တွေမှာ အုပ်ချုပ်ရေးယန္တရားတွေ အကောင်အထည်ဖော်ဆောင်ရွက်နေပါပြီ။ လက်ရှိမှာတော့ တရားဥပဒေပြုလုပ်ငန်းတွေ ဒေသတွင်း လုံခြုံရေး အားလုံးကိုတာဝန်ယူဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။ ပြင်ဆင်ရင်းနဲ့ ဆောင်ရွက်ရင်းနဲ့ ပြောလို့ရပါတယ်။ လိုအပ်တဲ့အခြေအနေတွေကို တွက်ဆပြီးတော့ လိုအပ်တဲ့စီမံမှုတွေ ကျွန်မတို့ ဆောင်ရွက်နေတယ်။ အပြည့်အဝမဟုတ်ပေမဲ့ လုပ်နိုင်တဲ့အခန်းကဏ္ဍကို တဖြည်းဖြည်း တည်ဆောက်နေတာ ဖြစ်ပါတယ်”
TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့မှာလည်း အုပ်ချုပ်မှုတွေ ပုံမှန်လည်ပတ်ဖို့ကြိုးစားနေပေမဲ့ ဩဂုတ်လထဲမှာ လေယာဉ်နဲ့ ဗုံးကြဲခံရပြီးနောက်ပိုင်း မြို့ခံတွေတိမ်းရှောင်နေကြသေးတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ကွတ်ခိုင်ကတော့ လေယာဉ်ပျံကြောက်ကြတော့ စာသင်ကျောင်းတွေ ဆေးရုံတွေ မဖွင့်တော့ဘူးပေါ့ နော်။ အုပ်ချုပ်ရေးပိုင်းနဲ့ဆိုင်တာတော့ TLNA ကနေပြီးတော့ လည်ပတ်ဖို့ကြိုးစားနေတယ်လို့ မြင်ပါတယ်။ ဒီ ဩဂုတ်လ ၅ ရက်နေ့မှာ လေယာဉ်ပျံဗုံးလာကြဲတာပေါ့နော် ဆိုတော့ အဲဒီနေ့နောက်ပိုင်းမှာ ပိုဆိုးသွားတယ် ကွတ်ခိုင်မြို့မှာ တချို့ရပ်ကွက်တွေဆို သော့ကိုခတ်ပြီးတော့ အကုန်လုံး ထွက်ပြေး ကြတာပေါ့နော်။ လွန်ခဲ့တဲ့ ဩဂုတ် ၅ ရက်နေ့ ဒီစျေးမီးလောင်သွားတော့ ပိုဆိုးတာပေါ့နော် စားသောက်ကုန်စည်တွေကအစ ပြတ်တောက်သလောက် ဖြစ်သွားတယ်”
ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ အုပ်ချုပ်ရေးမှူးအသစ်တွေ ခန့်ပြီး ယန္တရားစတင်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ကျန်းမာရေးက ဆေးရုံကြီးတွေက ဖွင့်ပြီ။ အုပ်ချုပ်ရေးက ရပ်ကွက်လိုက်က အုပ်ချုပ်ရေးမှူးအသစ်တွေခန့်ပြီး လုပ်နေတာတွေရှိတယ်။ စီးပွားရေးက ဘာမှ မလည်ပတ်နိုင်သေဘူး။ အခုလောလောဆယ်က တစ်နေ့လုပ် တစ်နေ့စားတွေကပဲ တစ်ပိုင်တစ်နိုင် ဈေးရောင်းနေကြတယ်ပဲရှိသေးတယ်။ ဆိုင်တွေက ကောင်းကောင်း မဖွင့်သေးဘူး”
ဩဂုတ်လ ၂၇ ရက်နေ့ကနေ စက်တင်ဘာလ ၆ ရက်နေ့အထိဆယ်ရက်အတွင်းမှာ စစ်ကောင်စီတပ် ဟာ ရှမ်း၊ ကရင်နီ၊ ချင်း၊ စစ်ကိုင်း၊ မကွေး၊ မန္တလေးနဲ့ ပဲခူးတိုင်းတွေမှာ ဗုံးကြဲတိုက်ခိုက်တာ ၁၁ ကြိမ်ရှိခဲ့ပြီး၊ လူလေးဆယ်ကျော် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာလ ၇ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
"ကျောင်းတွေဘာတွေလည်း မဖွင့်နိုင်သေးဘူး။ ဖွင့်လည်း မဖွင့်ရဲသေးဘူး။ လေယာဉ်နဲ့ကြဲသွားမှ ထွက်ပြေးနေရမယ်”
ဇွန်လကုန်ပိုင်းက တစ်ကျော့ပြန်စခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ မန္တလေးတိုင်းက မိုးကုတ်၊ စဉ့်ကူး၊ သပိတ်ကျင်း၊ တကောင်းနဲ့ ရှမ်းမြောက်က မိုးမိတ်၊ နောင်ချို၊ သီပေါ၊ လားရှိုးမြို့ကို တအာင်း အမျိုးသားလွတ်မြောက်ရေးတပ် (TNLA)၊ ကိုးကန့်တပ်မတော် (MNDAA) နဲ့ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး အုပ်ချုပ်ရေးယန္တရားဖော်နေကြတာပါ။
ဒီလိုအခြေအနေမှာ တိုင်းရင်းသားလက်နက်ကိုင်တွေသိမ်းထားတဲ့နယ်မြေတွေပြန်ရအောင် လိုအပ်သလို တုံ့ပြန်သွားမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက စက်တင်ဘာလ ၃ ရက်နေ့မှာ အတိအလင်း ပြောထားပါတယ်။
အဲဒီလိုပြောပြီးနှစ်ရက်အကြာ စက်တင်ဘာ ၅ ရက်နေ့မှာ ရှမ်း-ကရင်နီပြည်အစပ် ဖယ်ခုံမြို့နယ်က စစ်ဘေးဒုက္ခသည်စခန်းကို ဗုံးကြဲလို့ ကလေး ခုနစ်ဦးအပါအဝင် ကိုးဦး သေဆုံးခဲ့တယ်လို့ (NUG) ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
ဆက်နွှယ်သောသတင်းများ
လေကြောင်းသုံး တိုက်ခိုက်မှုကြောင့် နှစ်လအတွင်း လူနှစ်ရာကျော် သေဆုံး
AA အကျဉ်းစခန်း တိုက်ခိုက်ခံရ၊ အကျဉ်းသားနဲ့ စစ်သုံ့ပန်း ငါးဆယ်ကျော် ပွဲချင်းပြီးသေဆုံး
မြန်မာစစ်တပ်နဲ့ ကြံရာပါဖြစ်နေတဲ့ တရုတ် လေယာဉ်ကုမ္ပဏီ
စက်တင်ဘာ ၆ ရက်နေ့မှာတော့ တအာင်းလွတ်မြောက်ရေးတပ် (TNLA) သိမ်းပိုက်ထားတဲ့ နမ့်ခမ်း မြို့ကို မနက် ၁ နာရီခွဲမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် ငါးရာဗုံးနှစ်လုံး ကြဲချလို့ ၁၃ ဦးသေဆုံးခဲ့ပြီး ၂၄ ဦး ဒဏ်ရာရသွားပါတယ်။
စက်တင်ဘာ ၉ ရက်နေ့မှာ လားရှိုးမြို့ကို စစ်ကောင်စီ တပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး သေဆုံးပြီး ဒေသခံ ၁၂ ဦး ဒဏ်ရာရခဲ့ပါတယ်။
ဒါကြောင့် လက်ရှိအခြေအနေတွေကိုသိနိုင်ဖို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း ကို RFA ကတယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။
ဩဂုတ်လ ၁ ရက်ကနေ စက်တင်ဘာ ၉ ရက်နေ့အထိ ရက်ပေါင်း ၄၀ အတွင်း တော်လှန်ရေးတပ်တွေ သိမ်းထားတဲ့ မန္တလေးတိုင်း မိုးကုတ်နဲ့ ရှမ်းမြောက်ဒေသကမြို့တွေမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၄၀ သေဆုံးခဲ့ပြီး ၉၆ ဦးဒဏ်ရာရခဲ့သလို အိမ် လေးရာကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ TNLA က ထုတ်ပြန်ခဲ့ပါတယ်။
ဒါကြောင့် အဲဒီဒေသကပြည်သူတွေ လေကြောင်းရန် ကြောက်လန့်နေဆဲ ဖြစ်ပါတယ်။