CDM ဆရာဝန်ကို အလုပ်ခန့်မှုနဲ့ မန္တလေးပုဂ္ဂလိကဆေးရုံကို စစ်ကောင်စီပိတ်ခိုင်း

RFA Burmese
2023.08.23
CDM ဆရာဝန်ကို အလုပ်ခန့်မှုနဲ့ မန္တလေးပုဂ္ဂလိကဆေးရုံကို စစ်ကောင်စီပိတ်ခိုင်း မန္တလေးမြို့မှ မင်္ဂလာဆေးရုံ ဝန်ထမ်းများအား ၂၀၂၃ ခုနှစ် ဇွန်လ ၆ ရက်နေ့က တွေ့ရစဉ်။
Mingalar Hospitals

မန္တလေးမြို့က အကြီးဆုံး ပုဂ္ဂလိက ဆေးရုံတစ်ခုဖြစ်တဲ့ မင်္ဂလာဆေးရုံမှာ CDM ဆရာဝန် နှစ်ဦးကို အလုပ်ခန့်ထားခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လာမယ့် ဩဂုတ်လ ၂၅ ရက်နေ့ကစလို့ စစ်ကောင်စီက ဆေးရုံကို ၃ လ ပိတ်ခိုင်းထားတယ်လို့ ဆေးရုံနဲ့နီးစပ်တဲ့ ဒေသခံတွေက ပြောပါတယ်။

မဟာအောင်မြေမြို့နယ်၊ ၅၈ လမ်းနဲ့ ၄၂ လမ်းထောင့်မှာ ဖွင့်လှစ်ထားတာဖြစ်ပြီး ဝန်ထမ်းပေါင်း ၇၀၀ ကျော်နဲ့ လည်ပတ်နေတဲ့ ကုတင် ၅၀၀ ဆံ့ ဆေးရုံကြီးတစ်ခုလည်း ဖြစ်ပါတယ်။

"ဆေးရုံ တက်တဲ့သူတွေကို လှမ်းမေးကြည့်တာ ၂၅ ရက်နေ့ နောက်ဆုံး အကုန်လုံး ဆင်းရမှာတဲ့"

ဆေးရုံကို ပိတ်ဖို့အတွက် စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ခံ ဗဟိုပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီရဲ့ ညွှန်ကြားစာကို ဩဂုတ် ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့တာပါ။ ဒါကြောင့် လက်ရှိမှာ ဆေးရုံရဲ့ ဝန်ဆောင်မှုတွေ ကို ဩဂုတ် ၂၄ ရက် အထိသာ ပေးနိုင်တော့မယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မင်္ဂလာ ပုဂ္ဂလိကဆေးရုံ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"ဗဟိုပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်မှုကော်မတီရဲ့ အမိန့်စာအရ ၈ လပိုင်း ၂၄ ရက်နေ့အထိပဲ ဆေးရုံက ကျန်းမာရေးဝန်ဆောင်မှု ပေးမှာပါ။ ၈ လပိုင်း ၂၅ ရက်နေ့ကစပြီး သုံးလတိတိ ယာယီရပ်နားသွားမှာ ဖြစ်ပါတယ်"

ဆေးရုံကို ဘာကြောင့်ပိတ်ခိုင်းတယ်ဆိုတာနဲ့ ဆေးရုံမှာ လက်ရှိဆေးကုသမှုခံယူနေတဲ့ လူနာတွေကို ဘယ်လို စီမံဆောင်ရွက်သွားမလဲဆိုတာနဲ့ပတ်သက်လို့ အသေးစိတ် ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

မန္တလေးမြို့က CDM ဆရာဝန်တစ်ဦးကတော့ မင်္ဂလာ ပုဂ္ဂလိကဆေးရုံမှာ လုပ်ကိုင်နေတဲ့ ကင်ဆာနဲ့ ကလေး အထူးကု ဆရာဝန်နှစ်ဦး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဖော်ဖော်ဝါရီနဲ့ ဩဂုတ်လတွေမှာ ဖမ်းဆီးခံခဲ့ရပြီးနောက် တစ်နှစ်အကြာမှာ စစ်ကောင်စီက ဆေးရုံကို ပိတ်ခိုင်းခဲ့တာလို့ပြောပါတယ်။

“အခုပိတ်သိမ်းတဲ့ ဆေးရုံကို သုံးလ ပိတ်ခိုင်းတဲ့ ကိစ္စက လွန်ခဲ့တဲ့ လပိုင်း၊ နှစ်ပိုင်းက ဖြစ်ခဲ့တဲ့ ကိစ္စဖြစ်စဉ်တစ်ခုအပေါ်မှာ အခြေပြုပြီး အရေးယူတဲ့ သဘောဖြစ်သွားတာပေါ့နော်။ တကယ်တမ်းကျတော့ ဖြစ်စဉ်ဖြစ်တဲ့ ကာလ၊ ဖြစ်ဆဲကာလမှာ တစ်ပါတည်း အရေးယူတာ မဟုတ်ဘူး။ Back Date နဲ့ ပြန်သွားတာပေါ့။ အဲဒီအချိန်တုန်းက CDM ဆရာဝန်ကို လက်ခံထားတယ်၊ သူတို့ ဆေးရုံမှာ ဆေးကုသမှုပေးဖို့ လက်ခံထားတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ အရေးယူတာ၊ ပြောရမယ်ဆိုရင် ဖြစ်စဉ်ကပြီးသွားပြီ ဒါကို ကြွေးကျန်နဲ့ အရေးယူတဲ့ သဘောပေါ့"

ဖမ်းဆီးခံရတဲ့ ဆရာဝန် နှစ်ဦးရဲ့ နောက်ဆက်တွဲ အခြေအနေကိုတော့ မသိရသေးပါဘူး။

လက်ရှိမှာ မင်္ဂလာဆေးရုံမှာ တက်ရောက်ကုသနေတဲ့ လူနာတွေကို တခြားပုဂ္ဂလိက ဆေးရုံတွေမှာ လွှဲပြောင်းကုသဖို့ ပြင်ဆင်နေတာ တွေ့ရတယ်လို့ ဆေးရုံနဲ့ နီးစပ်တဲ့ မန္တလေးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"ဆေးရုံ တက်တဲ့သူတွေကို လှမ်းမေးကြည့်တာ ၂၅ ရက်နေ့ နောက်ဆုံး အကုန်လုံး ဆင်းရမှာတဲ့။ ၂၅ ရက်နေ့က စပြီးပိတ်ပြီပေါ့ ကန့်သက်ချက်အရ၊ အဲဒီတော့ တချို့အရေးကြီးတဲ့ လူနာတွေကို ဆေးရုံပြောင်းတာ လုပ်နေတယ်တဲ့ အဆင်ပြေရာပေါ့။ သူတို့နဲ့ပြတဲ့ ဆရာဝန်တွေကနေတဆင့် သူတို့ရှိရာ ဆေးရုံတွေကို လွှဲပို့တာ၊ တော်ဝင် ဆေးရုံတို့၊ မန္တလာဆေးရုံတို့ကို ပို့တာ၊ တခြားထူးထူးခြားခြားတော့ ပြောင်းလဲတာ ဘာမှမတွေ့ရဘူး"

မင်္ဂလာ ပုဂ္ဂလိကဆေးရုံကို ပိတ်ခိုင်းတာနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းပိတ်ထားတာကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

မန္တလေးမြို့မှာ ပုဂ္ဂလိက ဆေးရုံ ၃၀ ကျော်ရှိပြီး အဲဒီအထဲက နန်းတော်၊ မြို့တော်၊ ကံ့ကော်၊ ထက်နေလင်းနဲ့ စိန်ပန်း စတဲ့ ပုဂ္ဂလိက ဆေးရုံတွေကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က စစ်ကောင်စီ က ပိတ်ခိုင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးမြို့မှ မင်္ဂလာဆေးရုံ ဝန်ထမ်းများအား ၂၀၂၃ ခုနှစ် ဇွန်လ ၆ ရက်နေ့က တွေ့ရစဉ်။ (Photo: Mingalar Hospitals)
မန္တလေးမြို့မှ မင်္ဂလာဆေးရုံ ဝန်ထမ်းများအား ၂၀၂၃ ခုနှစ် ဇွန်လ ၆ ရက်နေ့က တွေ့ရစဉ်။ (Photo: Mingalar Hospitals)

ဒါ့အပြင် ဆရာဝန်တွေရဲ့ ကိုယ်ပိုင်ဆေးခန်းတွေကိုပါ ပိတ်ခိုင်းနေတာကြောင့် ဆရာဝန်တွေ ဟာ ရင်တမမနဲ့ စောင့်ကြည့်နေကြရတယ်လို့ မန္တလေးမြို့က နောက်ထပ် လုံခြုံရေးအရ အမည်မဖော်လိုတဲ့ CDM ဆရာဝန်တစ်ဦးက ပြောပါတယ်။

"ယုတ်မာမယ့်သူက ယုတ်မာမှာပဲ၊ သူ့ဟာသူ ဘယ်လိုဖြစ်နေ ဖြစ်နေပေါ့၊ ပုဂ္ဂလိက ဆေးခန်းတွေမှ မဟုတ်ဘူး။ ကျွန်တော့် မိတ်ဆွေတွေထဲမှာ ကိုယ်ပိုင်ဆေးခန်း ပိတ်ခိုင်းတာတွေ ရှိတယ်။ မျိုးစုံပေါ့နော်။ ဆမ သက်တမ်းကုန်လို့၊ လိုင်စင် မတင်ထားလို့၊ လိုက်စင် မရှိလို့၊ အမျိုးစုံသော နည်းလမ်းတွေနဲ့ ပိတ်သိမ်းခိုင်းတယ်။ ကျွန်တော် ဆိုရင်လည်းပဲ ကိုယ့်အလှည့် ဘယ်တော့ရောက်မလဲ ရင်တမမနဲ့ ကြည့်နေရတယ်။ ဘာပဲတွေးထားလဲဆိုတော့ ငါဒီအလုပ် မလုပ်ရရင် ဘယ်အလုပ် လုပ်ရမလဲဆိုတာပဲ တွေးထားတယ်"

ကျန်းမာရေးဝန်ထမ်းတွေနဲ့ စုဖွဲ့ထားတဲ့ CDM Medical Network ရဲ့ စာရင်းတွေအရ အာဏာသိမ်းထားတဲ့ နှစ်နှစ်ခွဲကျော် ကာလအထိ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆရာဝန် လေးသောင်းခွဲကျော်ဟာ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု(CDM)မှာ ဆက်လက်ပါဝင်နေဆဲ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ဆန့်ကျင်မှုနဲ့ နိုင်ငံတစ်ဝန်းမှာ ဖမ်းဆီးခံထားရတဲ့ ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်း ၈၅၃ ဦး ရှိတယ်လို့လည်း CDM Medical Network ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။