အာဏာသိမ်းနှစ်နှစ်ခွဲအတွင်း ကျန်းမာရေးဝန်ထမ်း ၉၀ နီးပါး အသတ်ခံရ

RFA Burmese
2023.08.28
အာဏာသိမ်းနှစ်နှစ်ခွဲအတွင်း ကျန်းမာရေးဝန်ထမ်း ၉၀ နီးပါး အသတ်ခံရ ရန်ကုန်မြို့မှ ကျန်းမာရေး ဝန်ထမ်းများ၏ CDM အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုအား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မနဲ့ ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရတဲ့ ဆရာဝန် ဒေါက်တာဇော်ထွယ်အောင်ဟာ ဩဂုတ်လ ၁၅ ရက်နေ့က စစ်ကိုင်းတိုင်း မုံရွာ အကျဉ်းထောင်ကနေ ထောင်ပြောင်းရွှေ့စဉ် လမ်းခုလတ်မှာ မိုင်းဆွဲတိုက်ခိုက်ခံရလို့ အသက်သေဆုံးခဲ့ပါတယ်။

အသက် ၃၄ နှစ်အရွယ် ဒေါက်တာဇော်ထွယ်အောင်ဟာ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM မှာ ပါဝင်ခဲ့သူဖြစ်ပြီး စစ်ကိုင်းတိုင်းအတွင်းက ဒုက္ခသည်တွေကို ကျန်းမာရေးစောင့်ရှောက်ပေးနေတဲ့ ချင်းတွင်းကျန်းမာရေးကွန်ရက် (Chindwin Medical Network-CMN) ရဲ့ အဓိက အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။

"အသက်ပေးသွားရတိုင်းမှာ မိသားစုဝင်တစ်ဦး ဆုံးရှုံးသွားရသလိုပဲ ထပ်တူခံစားရပါတယ်"

စစ်ကိုင်းတိုင်းက စစ်ဘေးဒုက္ခသည်တွေအတွက် အားကိုးရတဲ့ ဆရာဝန်တစ်ယောက် အသက်ဆုံးခဲ့ရတာ ကြီးမားတဲ့ဆုံးရှုံးမှုလို့ ဒေါက်တာဇော်ထွယ်အောင်နဲ့ ဆေးကုဘက် ဆရာဝန်တစ်ဦးက RFA ကို ပြောပါတယ်။

“အဓိကတော့ ကျွန်တော်တို့ တော်တော်အားကိုးရတာပေါ့ဗျာ။ ကျွန်တော်တို့ ခံစားရတာတော့ သူ့ရဲ့ ရဲဝံ့တဲ့စိတ်ဓာတ်ပေါ့နော် ပြီးရင် ကျွန်တော်တို့ ဒီစစ်ဘေးရှောင် ပြည်သူတွေရော ဒီဘက်က ထိခိုက်တဲ့သူတွေရောပေါ့နော်၊ သူလုပ်ပေးတဲ့ အခန်း ကဏ္ဍတွေကိုတော့ ကျွန်တော်တို့ကတော့ လုံး၀မေ့မှာ မဟုတ်ပါဘူး။ သူ့ကို ဆုံးရှုံးရတာ တော်တော့်ကို ကြီးမားတဲ့ဆုံးရှုံးမှုပါပဲ”

ဒေါက်တာဇော်ထွယ်အောင်ကို စစ်ကောင်စီက ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၅ ရက်မှာ ဖမ်းဆီးခဲ့ပြီး ၂၀၂၃ ခုနှစ် မတ်လထဲမှာ မုံရွာထောင်တွင်း တရားရုံးကနေ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) နဲ့ ထောင် ၁၁ နှစ် ချမှတ်ခဲ့တာပါ။

ဒေါက်တာဇော်ထွယ်အောင် သေဆုံးခဲ့ရတဲ့ မိုင်းခွဲမှုက ဘယ်အဖွဲ့အစည်းရဲ့ လက်ချက်လဲ ဆိုတာတော့ မသိရသေးပါဘူး။

ကျန်းမာရေး CDM ဝန်ထမ်းတွေနဲ့ စုဖွဲ့ထားတဲ့ CDM Medical Network ရဲ့ စာရင်းတွေအရ ဒေါက်တာဇော်ထွယ်အောင်လိုပဲ စစ်တပ်အာဏာသိမ်းပြီးနောက်ဆက်တွဲ အကြမ်းဖက်မှု တွေကြောင့် ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်း ၈၉ ဦး အသတ်ခံခဲ့ရပြီး ကျန်းမာရေး ဆေးခန်းနဲ့ အဆောက်အအုံတွေကို ရဲနဲ့စစ်တပ်က ဝင်ရောက်စီးနင်းလို့ ထိခိုက်ဒဏ်ရာရသူ အယောက် ၁၁၀ ရှိပါတယ်။

ဖမ်းဆီးခံထားရတဲ့ ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းကတော့ ၈၅၃ ယောက် ရှိတယ်လို့ ဆိုပါတယ်။

ဒီ ၂ဝ၂၃ ခုနှစ်အတွင်းမှာပဲ စစ်ကောင်စီတပ် ဖမ်းဆီးပြီးနောက် အကြမ်းဖက်သတ်ဖြတ် ခံရသူတွေ၊ စစ်ကောင်စီတပ် တိုက်ခိုက်မှုကြောင့် သေဆုံးရတဲ့ ကျန်းမာရေးဝန်ထမ်းတချို့ ရှိပါတယ်။

အဲဒီထဲက တစ်ယောက်ကတော့ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ် အေးမြသာယာတိုက်နယ် ဆေးရုံက အသက် ၂၈ နှစ်အရွယ် CDM သူနာပြုဆရာမ မမေဇွန်မိုးပါ။ မမေဇွန်မိုးဟာ ၂၀၂၃ ဖေဖော်ဝါရီလက ပဲခူးရိုးမအတွင်းမှာ မွေးလူနာတစ်ယောက်ကို ကလေးမီးဖွား ပေးပြီးအပြန် စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခံခဲ့ရတာလို့ သူနဲ့ နီးစပ်သူတွေက ပြောပါတယ်။

နောက်တစ်ယောက်ကတော့ စစ်ကိုင်းတိုင်း ကသာမြို့နယ် မိုးဒါးကြီးရွာက အသက် ၄၀အရွယ် သူနာပြုဆရာမ ဒေါ်သဲသဲဝင်းပါ။ ဒေါ်သဲသဲဝင်းဟာလည်း ဒီနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်စဉ် ဖမ်းဆီးခံရပြီးနောက် သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေလ ၁၁ ရက်နေ့ကတော့ မကွေးတိုင်း ပခုက္ကူ သူနာပြုနဲ့သားဖွားသင်တန်းကျောင်းက ဒုတိယနှစ်ကျောင်းသား အသက် ၂၃ နှစ်အရွယ် ကိုစိုးမိုးနိုင် သေဆုံးခဲ့ပါတယ်။ သူကတော့ အဲဒီနေ့က တိုက်ပွဲအတွင်း ဒဏ်ရာရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အဖွဲ့ဝင်ကို ဆေးကုသရင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အခုလို ကျန်းမာရေးဝန်ထမ်းတွေ အသက်ဆုံးရှုံးရတာဟာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီတပ်ကြောင့် ဖြစ်တယ်လို့ ရန်ကုန်ဆေးပညာကွန်ရက် (Yangon Medical Network) တာဝန်ရှိသူ ဒေါက်တာလွမ်းဝေက ပြောပါတယ်။

“နိုင်ငံတကာမှာတော့ ကျန်းမာရေးဝန်ထမ်းတွေဆိုတာက ဘယ်စစ်ပွဲမှာပဲဖြစ်ဖြစ် ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် သတ်လို့မရဘူးဆိုပြီးတော့ ဥပဒေတွေနဲ့ သေသေချာချာတားမြစ်ထားတဲ့ ပုဂ္ဂိုလ်တွေလည်းဖြစ်တယ်၊ ဝန်ထမ်းတွေလည်း ဖြစ်တယ်ပေါ့နော်။ ဒါပေမဲ့ ဒီနိုင်ငံမှာက ဘာမှသိပ်ထူးခြားတဲ့ အနေအထားမျိုး မတွေ့ရဘူး။ ကျွန်တော်ထင်တယ် လူနာကိုဆေးကုပေးလို့ ကိုယ့်အသက်ဆုံးရှုံးရမလား ဆိုပြီးတော့ စိတ်ပူရတဲ့နိုင်ငံဟာ ကျွန်တော်တို့ နိုင်ငံပဲရှိမယ်လို့ ထင်ပါတယ်။ ဒီလို အခြေအနေ အဖြစ်အပျက်မျိုး ဘယ်နိုင်ငံမှာမှ မကြားခဲ့ဖူးဘူး။ ဒီလိုအခြေအနေမျိုးတွေ ကြားထဲမှာ အသက်ဆုံးရှုံးရမှုတွေ အားလုံးကတော့ အာဏာသိမ်းထားတဲ့ ဖက်ဆစ် စစ်တပ်ရဲ့ လက်ချက်ကြောင့် ဖြစ်ရတယ်ဆိုတာကို ကျွန်တော်တို့ စွဲထင်စွာ မှတ်တမ်းတင်ထားတယ်။ ကျွန်တော်တို့ စိတ်နှလုံးသားထဲမှာလည်း နာကြည်းစရာ ဖြစ်သလို မှတ်တမ်းအနေနဲ့လည်း အတိအကျတော့ ရှိနေပါတယ်”

အသက်ဆုံးရှုံးသွားတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် တရားမျှတမှု ရှာဖွေသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

“သူတို့တစ်တွေရဲ့ အသက်တွေ၊ ဘ၀တွေ ပေးဆပ်မှုတွေကို ကျွန်တော်တို့ ဒါတွေအတွက် တရားမျှတမှုရတဲ့အထိ ရှာသွားမယ်၊ တရားမျှတမှုရတဲ့အထိ ကျွန်တော်တို့ တိုက်ပွဲဝင် သွားမယ်ပေါ့နော်။ ဒီလူတွေကို ကျွန်တော်တို့တစ်တွေ တကယ့်ကို အာဇာနည်တွေ အနေနဲ့ မှတ်တမ်းတင် ဂုဏ်ပြုရမှာဖြစ်ပါတယ်။ ဒါ့အပြင် သူတို့တစ်တွေရဲ့ သားသမီးတွေ၊ ဆွေမျိုးမိဘတွေ အားလုံးဘ၀တွေကိုလည်း ကျွန်တော်တို့ ဒီတော်လှန်ရေးနဲ့ အတူပေါ့နော် တော်လှန်ရေးအပြီး ဆက်လက်ပြီးတော့ ကျွန်တော်တို့တစ်တွေ တာဝန်ယူရမှာဖြစ်ပါတယ်။ တာဝန်ခံရမှာဖြစ်တယ်”

ဒေါက်တာဇော်ထွယ်အောင် သေဆုံးရမှုနဲ့ ပတ်သက်လို့လည်း အဖြစ်မှန်ပေါ်ပေါက်ဖို့ NUG က စုံစမ်းစစ်ဆေးနေတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ဆေးရုံ၊ ဆေးခန်းနေရာတွေကို လေကြောင်းနဲ့ ကြည်းကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်တာကြောင့်လည်း ကျန်းမာရေးဝန်ထမ်းတွေ သေဆုံးတာ၊ ဆေးရုံ၊ ဆေးခန်း အဆောက်အအုံတွေ ပျက်စီးတာတွေရှိနေတယ်လို့ ၂၀၂၃ ခုနှစ် မေလ ၂၀ ရက်နေ့မှာ NUG ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ ကျန်းမာရေးကဏ္ဍကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေတာဟာ ဂျီနီဗာကွန်ဗန်းရှင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေနဲ့ လူသားချင်းစာနာ ထောက်ထားရေးဆိုင်ရာ ဥပဒေတွေ အပါအဝင် ပြည်တွင်း၊ ပြည်ပ ဥပဒေတွေကို ချိုးဖောက်နေတာလို့ NUG ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ သဘောထားကို သိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

CDM Medical Network ရဲ့ တာဝန်ရှိသူ ဒေါက်တာ စစ်မင်းနိုင်က စစ်အာဏာသိမ်းမှု ကြောင့် ကျန်းမာရေးဝန်ထမ်းတွေ အခုလို သေဆုံးထိခိုက်ရတာဖြစ်တဲ့အတွက် အာဏာရှင်အမြစ်ပြတ်ရေး ဆက်လက်ဆောင်ရွက်မယ်လို့ ပြောပါတယ်။

“ဒီအာဏာသိမ်းမှုနောက်ပိုင်းမှာ အဓမ္မကို ဆန့်ကျင်ပြီးတော့ ဓမ္မဘက်ကနေပြီးတော့ ရဲရဲရပ်တည်လာကြတဲ့ CDM ဝန်ထမ်းတွေဆိုတာ ကျွန်တော်တို့ရဲ့ ရဲဘော်၊ ရဲဘက် မိသားစုဝင်တွေဆိုပြီးတော့ ကျွန်တော်တို့ ခံယူထားပါတယ်။ ဒီရဲဘော်၊ ရဲဘက် တစ်ဦး အသက်ပေးသွားရတိုင်းမှာ မိသားစုဝင်တစ်ဦး ဆုံးရှုံးသွားရသလိုပဲ ထပ်တူခံစားရပါတယ်။ အဲဒီတော့ မြန်မာပြည်ကနေ အာဏာရှင်စနစ်အပြီးတိုင် ပပျောက်ရေးဆိုတဲ့ အန္တိမရည်မှန်းချက်ကို တော်လှန်ရေးမှာပေးသွားရတဲ့ ရဲဘော်၊ ရဲဘက် မိသားစုဝင်တွေရဲ့ ပေးဆပ်လိုက်ရတဲ့ အသက်တွေ၊ သွေးတွေ၊ ချွေးတွေပေါ်မှာတိုင်တည်ပြီး အပြီးဆုံးထိ တိုက်ပွဲဝင်သွားပါမယ်လို့ ဒီနေရာက ပြောလိုပါတယ်”

မုံရွာမြို့နယ်၊ မြေနဲရွာအနီးတွင် ၂ဝ၂၃ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့က အချုပ်ကား မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးသွားခဲ့သည့် ဒေါက်တာ ဇော်ထွယ်အောင်အား တွေ့ရစဉ်။ ( Photo: Chindwin Medical Network)
မုံရွာမြို့နယ်၊ မြေနဲရွာအနီးတွင် ၂ဝ၂၃ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့က အချုပ်ကား မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးသွားခဲ့သည့် ဒေါက်တာ ဇော်ထွယ်အောင်အား တွေ့ရစဉ်။ ( Photo: Chindwin Medical Network)

စစ်ကောင်စီကတော့ CDM ကျန်းမာရေးဝန်ထမ်းတွေကို နည်းလမ်းပေါင်းစုံနဲ့ ဖိနှိပ်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။ CDM ကျန်းမာရေးဝန်ထမ်းတွေကို လက်ခံထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်က မင်္ဂလာပုဂ္ဂလိကဆေးရုံကို ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့ကစလို့ သုံးလ ယာယီပိတ်သိမ်းခဲ့ပါတယ်။

ဒါ့အပြင် မန္တလေးမြို့က CDM ကျန်းမာရေးဝန်ထမ်းတွေကို အလုပ်လုပ်ခွင့် ပေးထားတဲ့ နန်းတော်၊ မြို့တော်၊ ကံ့ကော် စတဲ့ ပုဂ္ဂလိကဆေးရုံ သုံးခုကို စစ်ကောင်စီက ၂၀၂၃ မေလ ၁၅ ရက်နေ့မှာ လုပ်ငန်းလိုင်စင်အပြီး ရုပ်သိမ်းလိုက်ပါတယ်။

CDM ဆရာဝန် ၅၅၇ ဦးကိုလည်း ၂၀၂၂ ခုနှစ်ထဲမှာ စစ်ကောင်စီက ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်လိုက်တဲ့အပြင် ဆေးကုသခွင့်လိုင်စင် (ဆမ) လက်မှတ်ကို တစ်နှစ်တိတိ ရုပ်သိမ်းထားပါတယ်။

စစ်တပ်အာဏာသိမ်းမှုကြောင့် အခုလို ကျန်းမာရေးဝန်ထမ်းတွေ ထိခိုက်သေဆုံးရတဲ့အပြင် CDM ကျန်းမာရေးဝန်ထမ်းတွေကို စစ်ကောင်စီက ဖမ်းဆီးအကျဉ်းချ၊ နည်းလမ်းပေါင်းစုံနဲ့ ဖိနှိပ်နေပေမဲ့လည်း CDM Medical Network ရဲ့ စာရင်းတွေအရ အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လထိ နှစ်နှစ်ခွဲအတွင်း ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်း လေးသောင်းခွဲကျော်ဟာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်နေကြဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။